သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှု သေဆုံးသူဦးရေ တိုး


သင်္ကြန်အကြတ်နေ့၊ ဒီလ ၁၅ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး အနီးက X2O ရေကစားမဏ္ဍပ်အနီး ဗုံးပေါက်ကွဲရာမှာ ထိခိုက်ဒဏ်ရာ ရသူတွေထဲက နောက်ထပ် သေဆုံးမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေထဲက စစ်ဒေသမှူး တဦးဟာလည်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပေမဲ့ သက်သာမလာဘဲ စိုးရိမ်ရလို့ စင်ကာပူနိုင်ငံကိုပို့ပြီး ဆေးကုသဖို့ စီစဉ်နေကြတယ်လို့လည်း နီးစပ်တဲ့ အသိုင်းအဝိုင်းတွေက ပြောပါတယ်။ အကြောင်းစုံကို ဆက်သွယ် စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲရာမှာ ထိမှန်ဒဏ်ရာရခဲ့လို့ ဆေးကုသမှု ခံနေရတဲ့ အရပ်သားတွေထဲက နောက်ထပ် ၂ ဦး ထပ်ပြီး ရန်ကုန်ဆေးရုံကြီးမှာ သေဆုံးခဲ့ပါတယ်။ သူတို့က ဒဂုံတောင်ပိုင်းက အသက် ၁၇ နှစ်အရွယ် ကိုပိုင်ပိုင်ဦးနဲ့ မင်္ဂလာတောင်ညွန့်က အသက် ၁၉ နှစ်ရွယ် ကိုစိုးမိုးထွန်းတို့ ဖြစ်တယ်လို့ ပြည်တွင်းထုတ် ဂျာနယ်တခုမှာ ဖော်ပြရေးသားထားပါတယ်။

အဲဒီပေါက်ကွဲမှုထဲ အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုဟာ ဝမ်းဗိုက်ပွင့်သွားတဲ့ ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ဗုံးစဟာ အသည်းမှာ စိုက်နေလို့ အခြေအနေ စိုးရိမ်စရာ ဖြစ်လာနေတဲ့အတွက် စင်ကာပူမှာ ဆေးသွားကုဖို့အထိ ပြင်ဆင်နေတာမျိုးတွေ ရှိနေတယ်လို့ ဆေးရုံနဲ့ နီးစပ်သူတဦးက အခုလို ပြောပြပါတယ်။

“နောက်ဆက်တွဲ သတင်းကတော့ လောလောဆယ် စစ်ဆေးရုံမှာ တက်နေတဲ့ စစ်ဒေသမှူးလေ၊ စစ်ဆေးရုံမှာ ကုနေတာ အခြေအနေ မကောင်းလို့ ဒီနေ့ကြားတာ စင်ကာပူကိုခေါ်ပြီး ဆေးကုမယ်လို့ သိရတယ်။ အခြေအနေကတော့ တော်တော်လေး မကောင်းဘူးဆိုတာ သေချာပေါက် သိရတယ်။ အခြေအနေ မကောင်းလို့လည်း စင်ကာပူကို ခေါ်သွားပြီး ဆေးကုမယ်ဆိုတာ သိရတာပါ။”

အမှတ် ၄ စစ်ဒေသမှူးဟာ သင်္ကြန်လုံခြုံရေးအတွက် ကားနဲ့ လိုက်လံ စစ်ဆေးနေစဉ် ရေကစားမဏ္ဍပ်အနား အရောက် ပေါက်ကွဲမှု ဖြစ်ခဲ့တာဖြစ်ပြီး သူတို့အတူ ပါလာတဲ့ ရဲမှူးတွေ အပါအဝင် အခြားသူတွေလည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြတာပါ။ သူတို့ကိုလည်း မင်္ဂလာဒုံ စစ်ဆေးရုံနဲ့ ရန်ကုန်ဆေးရုံကြီးတွေမှာ ခွဲပြီး တင်ထားရသလို သူတို့ ထိမှန်ထားတဲ့ ဒဏ်ရာတွေဟာ စိုးရိမ်စရာ အခြေအနေတွေထဲမှာပဲ ရှိနေသေးတယ်လို့ ပြောပါတယ်။

အစပထမက ဒီပေါက်ကွဲမှုကြောင့် သေဆုံးသူ ၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၇၀ ရှိတယ်လို့ အစိုးရက ထုတ်ပြန် ကြေညာထားရာကနေ အခု သေဆုံးသူ လူဦးရေ ၂ ဦး တိုးလာတယ်လို့ ဖော်ပြပေမဲ့ ထိမှန်ထားတဲ့ အရပ်သားတွေထဲက စိုးရိမ်စရာ အနေအထားတချို့ ရှိနေဆဲဖြစ်တယ်လို့ ပြောကြပါတယ်။

ဒါပေမဲ့ ဒီသတင်း နောက်ဆက်တွဲ အခြေအနေကို ဘယ်သတင်းထောက်မှ အတိအကျ သိအောင် စုံစမ်းဖော်ထုတ် ရေးသွားခွင့် မရှိကြပါဘူး။ သတင်းသမားတွေဟာ ဆေးရုံနား ကပ်ဖို့ နေနေသာသာ ဆေးရုံအတွင်းမှာ ရှိနေတဲ့ လူနာစောင့်တွေနဲ့ ဧည့်သည် အဝင်အထွက်တွေက အစ ဗွီဒီယို၊ ဓာတ်ပုံ ကင်မရာတွေ ပါမပါ ကြပ်ကြပ်မတ်မတ် စစ်ဆေးတာတွေ လုပ်နေတာကြောင့် ဖြစ်တယ်လို့ သတင်းသမားတဦးက ပြောပါတယ်။

“အဲဒီသတင်းနဲ့ ပတ်သက်ပြီး ထပ်ပြီး စုံစမ်းတဲ့အခါ အခက်အခဲတွေ ရှိနေလို့ပါပဲ။ သတင်းရယူမှု၊ သတင်း အတည်ပြုနိုင်ဖို့ အတွက်က ဘယ်မှာလုပ်ရမယ်၊ ဘယ်သူ့ဆီမှာ အတည်ပြုရမယ်၊ ဘယ်လိုလိုက်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ အခက်အခဲတွေ ရှိပါတယ်။ ဥပမာအားဖြင့် ဆေးရုံမှာသွားပြီးတော့ ဒဏ်ရာရတဲ့ လူနာတွေကို တွေ့မယ်ဆိုရင်လည်း သတင်းသမားတွေအတွက် တွေ့ဖို့ အခက်အခဲ ရှိပါတယ်။ သူတို့ မိသားစုဝင်တွေသည်ပင်လျှင် လူနာဆီ သွားတဲ့အခါ အိတ်တွေ ဘာတွေ ဖွင့်ပြီးတော့ ကင်မရာပါခြင်း ရှိမရှိ၊ အသံဖမ်းစက် ပါခြင်း ရှိမရှိ၊ အဲဒီလောက်အထိ လုံခြုံရေး တင်းကျပ်ထားပြီး စစ်ဆေးနေတဲ့အတွက် သတင်းသမားတွေ အနေနဲ့ သတင်းယူဖို့လည်း ခက်ပါတယ်။”

ဒီဖောက်ခွဲမှုနောက်ပိုင်း မဏ္ဍပ်အနီး ကင်မရာ ကိုင်ဆောင်ထားလို့ဆိုပြီး စာရေးဆရာ လင်းယုန်မောင်မောင်ရဲ့ မြေးဖြစ်သူ စည်သူဇေယျကို ဖမ်းဆီးခဲ့သလို ဖခင်ဖြစ်တဲ့ ဦးဇေယျကိုလည်း ဖမ်းဆီးထားပါတယ်။ သူတို့ကို ဘယ်မှာ ဖမ်းဆီးထားတယ် ဆိုတာလည်း နောက်ထပ် မသိရသေးသလို တာဝန်ရှိသူတွေ ဘက်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။ တကယ်တော့ မြန်မာအာဏာပိုင်တွေက သေနတ်တလက် ကိုင်ထားသူရဲ့ လက်ထက် ကင်မရာတလက် ကိုင်ထားသူရဲ့ လက်ကို ပိုကြောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သတင်းသမားတွေကတော့ သတင်းယူချင်တာပေါ့ဗျာ။ သတင်းဆိုတာကလည်း စာချည်းရေးလို့ ဖြစ်တာ မဟုတ်ဘူးလေ။ သတင်းဓာတ်ပုံ ဆိုတာကလည်း အရေးကြီးတယ်။ ဓာတ်ပုံနဲ့ စာနဲ့ တွဲပြီးတော့မှ ရေးနိုင်၊ တင်ပြနိုင်လို့ရှိရင် သတင်းဖတ်တဲ့ ပြည်သူလူထုက၊ သတင်းစာဖတ် ပရိသတ်က ပိုပြီးတော့ ဒီအပေါ်မှာ လေးလေးနက်နက် ရှိတယ်။ ယုံကြည်လက်ခံမှု ရှိတာပေါ့။

“ဒါပေမဲ့ ကျနော်တို့ဆီမှာက အခုနောက်ပိုင်း ဂျာနယ်တွေ၊ သတင်းဂျာနယ်တွေ များလာတယ် ဆိုပေမဲ့ အင်မတန် သတိထားရတယ်။ နောက်တခါ သူတို့မှာ ခိုင်လုံတဲ့ သတင်းတိုက်က အထောက်အထားတွေ ပါရတယ်။ မပါတဲ့သူ အတွက်ကတော့ အတော်လေး အန္တရာယ်များတဲ့ ကိစ္စပဲ။ ဓာတ်ပုံကိုင်တယ်၊ ဓာတ်ပုံရိုက်တယ်ဆိုတာ၊ ကျနော်တို့ နိုင်ငံရဲ့ အနေအထားက အဲဒီလို ရှိပါတယ်။ ကင်မရာကိုင်တဲ့လူက သေနတ်တလက် ကိုင်သလောက် အန္တရာယ်ကြီးတယ်။”

ပြည်တွင်း သတင်းသမားတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ထပ်သိရတဲ့ သတင်းကလည်း ဗုံးဖောက်ခွဲသူ တရားခံကို ဖမ်းဆီးမိမယ်ဆိုရင် ဆုကြေးငွေ ကျပ် ၁၀ သိန်း ပေးမယ်ဆိုတဲ့ စာတွေကို မြို့နယ်နဲ့ ရပ်ကွက်ရုံးတွေမှာ လိုက်ပြီး ကပ်ထားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG