သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပရေး စင်ကာပူနဲ့ ဂျပန် တိုက်တွန်း


မြန်မာစစ်အစိုးရက အခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတပြီး သက်ဆိုင်သူ အားလုံး ပါဝင်နိုင်မယ့် အခြေအနေမျိုး ဖန်တီးလုပ်ဆောင်ပေးဖို့ ဂျပန်နဲ့ စင်ကာပူ နိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။ စင်ကာပူနိုင်ငံရဲ့ ဝါရင့်ဝန်ကြီး ဂိုချုပ်တောင် (Goh Chok Tong) နဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) တို့ မနေ့က တွေ့ဆုံကြတဲ့ အချိန်မှာ အခုလို ပူးတွဲသဘောထားကို ထုတ်ပြန်လိုက်ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဂျပန်နိုင်ငံကို ၃ ရက်ကြာ ရောက်ရှိနေတဲ့ စင်ကာပူ ဝါရင့်ဝန်ကြီး ဂိုချုပ်တောင်နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံတဲ့အချိန်မှာ ဂျပန်နဲ့ စင်ကာပူတို့က သူတို့ရဲ့ သဘောထားတွေကို အခုလို ထုတ်ဖော် ပြောဆိုခဲ့ကြတာပါ။

မြန်မာစစ်အစိုးရက လက်ရှိ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေဟာ အရေးပါတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ချန်လှပ်ထားခဲ့သလို ဖြစ်နေတဲ့အတွက် ဒါကို ပြန်လည်သုံးသပ်ဖို့လည်း ဂျပန်အစိုးရက တိုက်တွန်းထားတဲ့အကြောင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဆဘရှီးမား ဟီတာနိုဘူး (Sabashima Hitanobu) က ပြောပါတယ်။

“တိုင်းပြည်အတွင်းက အခြေအနေတွေ တိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်ဖို့ မြန်မာအစိုးရကို ကျနော်တို့ တိုက်တွန်းထားပါတယ်။ လက်ရှိ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ စည်မျဉ်း စည်းကမ်းတွေ၊ လုပ်ထုံး လုပ်နည်းတွေက အရေးပါတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ချန်လှပ်ထားခဲ့သလို ဖြစ်နေပါတယ်။ ဒါကြောင့် အဲဒီလို နည်းဥပဒေတွေ ထုတ်ပြန်ထားတဲ့အပေါ် ကျနော်တို့ရဲ့ သဘောထားနဲ့ ဒါကို ပြန်လည်သုံးသပ်ဖို့အတွက် ကျနော်တို့က တောင်းဆိုထားတာပါ။”

ဂျပန်အစိုးရ အနေနဲ့က အခုလို တိုက်တွန်းပြောဆိုရုံပဲ လုပ်ဆောင်နေမှာလား၊ ဒီထက်ပိုပြီး ဘာတွေများ လုပ်ဆောင်ဖို့ အစီအစဉ် ရှိပါသလဲဆိုတဲ့ အမေးအပေါ်မှာတော့ မစ္စတာ ဟီတာနိုဘူးက…

“မြန်မာစစ်အစိုးရ အရာရှိတွေနဲ့ နှစ်နိုင်ငံချင်း တွေ့ဆုံပြီးတော့လည်း ကျနော်တို့ရဲ့ ရပ်တည်ချက်၊ သဘောထားတွေကို ပြောပြပြီးပါပြီ။ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိဖို့အတွက်လည်း တခြားနိုင်ငံတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ကျနော်တို့ဘက်က အဆင်သင့် ရှိနေပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ အခြေအနေတွေ တိုးတက်ကောင်းမွန် လာတာကို ကျနော်တို့က လိုလားတာ ဖြစ်ပေမဲ့ ဒီကိစ္စကို ဘယ်လို ချဉ်းကပ် လုပ်ဆောင်မယ်ဆိုတာ ကျနော်တို့ သတိထားရပါမယ်။ ဒီအပေါ်မှာတော့ ဝန်ကြီးချုပ် ကိုယ်တိုင်ကပဲ အဆုံးအဖြတ် ပေးပါလိမ့်မယ်။”

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ တခြား သက်ဆိုင်သူ အဖွဲ့အစည်းအားလုံး ပါဝင်ခွင့်မရရင် မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေ ရပ်ဆိုင်းထားမယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလှမြင့်က တဆင့် ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါက ပြောကြားခဲ့တာနဲ့ ပတ်သက်လို့တော့ လူထုလက်ထဲ ရောက်နိုင်မယ့် လူသားချင်း စာနာတဲ့ အကူအညီတွေကို ဂျပန်နိုင်ငံ အနေနဲ့ ဆက်ပေးသွားမှာ ဖြစ်တယ်လို့ မစ္စတာ ဟီတာနိုဘူးက ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ အကူအညီ ကြီးကြီးမားမားတွေ မပေးဘူး ဆိုတာကို ထပ်ဖြည့် ပြောချင်ပါတယ်။ ဒါက ဘာကိုဆိုလိုသလဲ ဆိုတော့ NGO အဖွဲ့အစည်းတွေက တဆင့် ကျနော်တို့ ပေးနေတဲ့ အကူအညီတွေဟာ အကန့်အသတ်နဲ့ ဖြစ်နေပြီး လူထုကို တိုက်ရိုက် အကျိုးရှိစေမယ့် လူသားချင်း စာနာမှု အကူအညီတွေသာ ဖြစ်တယ် ဆိုတာပါပဲ။ ဒီအကူအညီတွေကိုတော့ ကျနော်တို့ ဆက်ပေးသွားမှာပါ။ စစ်အစိုးရကို အကန့်အသတ်မရှိ အကူအညီတွေ အများကြီးပေးဖို့ ဆိုတာကတော့ လုံး၀ မဖြစ်နိုင်ပါဘူး။”

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း စစ်အစိုးရက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး ပါဝင်နိုင်ဖို့ အတွက်လည်း ဂျပန်ဝန်ကြီးချုပ် ယူကီအို ဟတိုယာမ (Yukio Hatoyama) နဲ့ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇတ်ခ် (Najib Razak) တို့ကလည်း ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က ပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပါသေးတယ်။

ဂိုချုပ်တောင်ရဲ့ ဂျပန်ခရီးစဉ်အတွင်း တခြား အာဆီယံ အရေးကိစ္စတွေကိုလည်း ဂျပန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေး တိုင်ပင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အာရှဒေသအတွင်းက ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ ဖြစ်လာကြတဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံတို့ရဲ့ ဒေသတွင်းမှာ စီးပွားရေးအရ ထိုးဖောက် ဝင်ရောက်လာမှုတွေကို ရင်ဆိုင် ရပ်တည်နိုင်ဖို့ Asean Community ဆိုတဲ့ အာဆီယံ လူမှုအသိုင်းအဝိုင်းကို လာမယ့် ၂၀၁၅ ခုနှစ်မှာ အကောင်အထည် ဖော်နိုင်ဖို့ အာဆီယံဘက်က သန္နိဋ္ဌာန်ချ လုပ်ဆောင်နေတယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့အခါမှာ ဂိုချုပ်တောင်က ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ဒီကိစ္စတွေ အောင်မြင်အောင် အကောင်အထည်ဖော်တဲ့ နေရာမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတဲ့ ကိစ္စက ဆူးငြောင့်ခလုတ်အဖြစ် ရှိနေတာကြောင့် မြန်မာ့ပြည်တွင်းရေး ပြေလည်အောင် ဆောင်ရွက်ရမယ်ဆိုတာ အာဆီယံ ခေါင်းဆောင်တွေက ယေဘုယျအားဖြင့် သဘောပေါက် လက်ခံထားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရက သူတို့စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို သူတို့လူတွေနဲ့ သူတို့ လက်သိပ်ထိုး ကျင်းပသွားခဲ့ရင် အနာဂတ်မှာ စစ်အစိုးရကို အာဆီယံနဲ့ ဒေသတွင်း ခေါင်းဆောင်တွေက ဘယ်လို ဆက်ဆံသွားကြမလဲ ဆိုတဲ့ကိစ္စကတော့ စိတ်ဝင်စားစရာပဲလို့ မြန်မာ့အရေး လေ့လာသူတွေက ဝေဖန် သုံးသပ်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG