ထိုင်းနိုင်ငံမှာ အစိုးရ ဆန့်ကျင်သူ အင်္ကျီအနီဝတ် ဆန္ဒပြသူတွေနဲ့ ထိုင်းအစိုးရအကြား အခြေအနေတွေဟာ တစထက်တစ ပိုတင်းမာလာနေပြီး နောက်ဆုံးရရှိတဲ့ သတင်းအရ အစိုးရ ဆန့်ကျင်သူတွေ စုဝေးတဲ့ မနီးမဝေးက စစ်သားတွေ လုံခြုံရေး ချထားတဲ့ ဘန်ကောက်မြို့ရဲ့ နေရာတခုမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၃ ဦးလောက်ရှိပြီး အဲဒီအနီးအနား တဝိုက် လမ်းသွားလမ်းလာ အဝင်အထွက် အားလုံးကို အာဏာပိုင်တွေက စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ နောက်ဆုံးအခြေအနေ သိရအောင် ဗုံးပေါက်ကွဲရာ နေရာအနီးမှာ ရောက်နေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုသားညွန့်ဦးကို နော်ရှိုးက ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို စပြောပြခဲ့ပါတယ်။
“အခုက စီးလုံမှာဖြစ်တာ။ ဖြစ်တယ်ဆိုတာက စီးလုံ ဟိုဘက်ထိပ်မှာက အနီဝတ် ဆန္ဒပြသူတွေရှိတယ်၊ ဒီဘက်ထိပ်မှာက အစိုးရ လိုလားတဲ့ ဆန္ဒပြသူတွေ ဒီနေ့ အင်အား တော်တော်များတယ်။ ဆန္ဒပြနေတဲ့အချိန် စံတော်ချိန် ၈ နာရီ ၅ မိနစ်လောက်မှာ စပြီးတော့ ဆန္ဒပြတဲ့နောက်က စီးလုံလမ်းထဲမှာ ဖြစ်တာ။ စစ်သားတွေ ရှိနေတဲ့နေရာကို အပေါ်ကနေ လက်ပစ်ဗုံးနဲ့ ပစ်ချတော့ ဗုံးကွဲတယ်။ ကွဲတော့ ထိခိုက်ဒဏ်ရာရသူ ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ ကျနော် မတွေ့လိုက်ဘူး။ ဆေးရုံကားနဲ့ ခေါ်သွားတယ်။
“အခု စစ်တပ်က အဲဒီလမ်း တခုလုံးကို ပိတ်ထားတယ်။ ကျနော်တို့ ထွက်လို့မရဘူး။ ထွက်လို့မရဘူးဆိုတာ စစ်တပ်က လုံခြုံတဲ့ အမြင့်နေရာမှာ ကျနော်တို့ကို တင်ပြီးတော့ အဲဒီမှာ ဝင်ခိုင်းထားတယ်။ မပြန်ခိုင်းသေးဘူး။ အခြေအနေက အဲဒီလောက်ပဲ။ ဒါပေမဲ့ ဟိုဘက်ထိပ်က ဆန္ဒပြမှု နောက်ဆုံး အခြေအနေတော့ မသိလိုက်ဘူး။
“ဒါပေမဲ့ ခုနက ဆန္ဒပြတာတော့ တော်တော် တင်းတင်းမာမာ ဖြစ်နေကြတယ်။ အဓိက အစိုးရလိုလားတဲ့ ဆန္ဒပြသူတွေက ရှေ့ကို အတင်းတက်ပြီးတော့ အနီဝတ် ဆန္ဒပြသူတွေ အနားထိ ကပ်ဖို့ ကြိုးစားကြတယ်။ ကြိုးစားတော့ ရဲတွေ၊ စစ်သားတွေ ရောက်လာပြီးတော့ သူတို့ကို အတင်းတွန်းထုတ်ပြီးတော့ နည်းနည်း တင်းတင်းမာမာတော့ ဖြစ်သေးတယ်။ ဒါပေမဲ့ အခြေအနေက အေးအေးချမ်းချမ်း ဖြစ်နေတဲ့ အချိန်မှာပဲ ၈ နာရီ ၅ မိနစ်လောက်မှာ စပြီးတော့ ဖြစ်တာ။”
ဘယ်အဆောက်အဦးနဲ့ အနီးဆုံးလဲ၊ အခု ဗုံးပေါက်တဲ့နေရာက စီးလုံရဲ့ ဘယ်နေရာနားလောက်ကျလဲ။
“အခု ဗုံးပေါက်တာ စီးလုံမှာ။ သိရသလောက် စစ်သားတွေ အပြောအရတော့ Sky Train Station အပေါ်ကနေ လက်ပစ်ဗုံးနဲ့ ပစ်ချတာ။ ကျနော်တို့အားလုံးကို Station က စစ်သားတွေက Station က တနေရာကို ကျနော်တို့ကို ခေါ်ထားတယ်။ အကုန်လုံးကို ဘယ်မှ မထွက်ခိုင်းဘူး။ ဒီမှာပဲ ထားထားတယ်။ သူတို့ လုံခြုံရေး ရှင်းနေတယ်လို့ ပြောတယ်။ ဘယ်သူ ဗုံးပစ်တာလဲ၊ ဗုံးခွဲတာလဲ သူတို့ လိုက်ရှာနေတယ်လို့ ပြောတယ်။”
ဗုံးက တလုံးပဲ ကွဲတာလား၊ နှစ်လုံး သုံးလုံး ဆက်တိုက် ကွဲတာလား။
“ကျနော်ကြားတာတော့ သုံးလုံးလောက် ကြားတယ်။ ပထမတလုံးက တော်တော်ကျယ်တယ်။ ပထမတလုံး ကြားပြီးတော့ နောက်ထပ် နှစ်လုံး ဆက်တိုက်ကွဲတယ်။ ကြားလိုက်တဲ့အချိန်မှာ ကျနော်တို့လာတဲ့ အချိန်လည်းကျရော ဒီမှာ ဆေးရုံတင်ကားတွေ ပြင်နေပြီ၊ စစ်သားတွေ နေရာယူထားကြတယ်။ စစ်သားတွေက အကုန်လုံး လိုက်ရှာနေတယ်၊ အခုအနေအထားက။”
အစိုးရ ဆန့်ကျင်တဲ့ အုပ်စုနဲ့ အစိုးရဘက်က ဆန္ဒပြတဲ့အုပ်စု ကြားထဲမှာ ထိပ်တိုက် ရင်ဆိုင်တာတွေရော ရှိလား၊ အခုအချိန်ထိ။
“အခုချိန်ထိတော့ အနီဝတ် ဆန္ဒပြသူတွေနဲ့ အစိုးရ လိုလားတဲ့ အုပ်စုတွေက ပြီးခဲ့တဲ့အချိန် ၈ နာရီလောက်အထိ ကျနော် အဲဒီထိပ်မှာရှိတော့ အဲဒီအချိန်ထိတော့ တင်းတင်းမာမာ ဘာမှမရှိသေးဘူး။ ကြားထဲမှာက ရဲကားတွေရော၊ ရဲတွေရော တော်တော်လေး နေရာယူထားတယ်။ သူတို့ အပြည့်ပဲ။ ကျနော်ထင်တယ်၊ တပ်ရင်း တရင်းစာလောက်ကို ရှိတယ်။ ရဲကလည်း တော်တော် အင်အားများတယ်။ သုံးလေးရာလောက် ယူထားတယ်။ အဲဒီကြားထဲမှာ ဖြည့်ထားတာပေါ့။ တကယ်တမ်း စစ်တပ်ရှိတာ စီးလုံ လမ်းထဲမှာ။ အခုဖြစ်သွားတာ စီးလုံလမ်းထဲမှာ။ စစ်တပ်ကို ပစ်တယ်လို့ ပြောပါတယ်။”
ဘန်ကောက်မြို့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ စီးလုံနေရာ အနီးတဝိုက်မှာ ရောက်နေတဲ့ ဝိုင်းတော်သား ကိုသားညွန့်ဦးကို နော်ရှိုးက ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
အခုလို ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်း နာရီပိုင်း အတွင်းမှာပဲ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ Sky Train မြို့ပတ်ရထားတွေကိုလည်း လောလောဆယ် ပြေးဆွဲခွင့် မပြုတော့ဘဲ ရပ်နားလိုက်တယ်လို့ သိရပါတယ်။
ထပ်မံရရှိတဲ့ သတင်းအရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးတော့ ဒဏ်ရာရသူ အနည်းဆုံး ၂၀ လောက် ရှိတယ်လို့ သိရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဗုံးထပ်ပြီး ပေါက်တယ်လို့ သိရပါတယ်။ အခု နောက်ဆုံးအခြေအနေလေး ပြောပြပေးပါ။
“ဟုတ်ကဲ့၊ ပထမ ဗုံး ၃ လုံးပေါက်တယ်၊ ပေါက်ပြီးတော့ မကြာခင်မှာဘဲ ဒီ Sky Train Station ပေါ့၊ Sky Train Station တခုလုံးကလည်း စစ်တပ်တွေက နေရာယူထားတော့ အဲဒီ Station ကို နောက်ထပ် ၂ လုံး ပစ်တယ်။ အဲဒီမှာ စစ်သားတွေတော့ မထိဘူး။ ကျနော်သိရသလောက် နိုင်ငံခြားသား တော်တော်များများ ထိခိုက်တယ်။ အယောက် ၂၀ ကျော် အနည်းဆုံး အခု ဒဏ်ရာရထားပါတယ်။
“ကျနော် အဲဒီနေရာက ထွက်လာတဲ့ အချိန်မှာတောင် နောက်ထပ် ပေါက်ကွဲသံတွေ ကြားနေရတော့ နောက်ထပ် ဘယ်နှစ်လုံး ထပ်ပေါက်လဲတော့ မသိဘူး။ ဒါပေမဲ့ အဲဒီမှာ အခြေအနေကတော့ အစိုးရ လိုလားတဲ့ ဆန္ဒပြအုပ်စုကတော့ လူစုကွဲသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဆန္ဒပြတဲ့ အနောက်နားလေးမှာပဲ ပေါက်ကွဲမှုက ထဖြစ်တာကိုး။ ဖြစ်တော့ စစ်တပ်က ဆန္ဒပြသူတွေရော၊ သတင်းထောက်တွေရော Sky Train Station ပေါ်မှာ ခဏ နားခိုင်းထားပါတယ်။ ဘယ်မှ မထွက်ခိုင်းပါဘူး။
“ပြီးတော့ အဲဒီအခြေအနေမှာပဲ နောက်ထပ် ဗုံးတွေ ထပ်ပေါက်တာပေါ့။ ထပ်ပေါက်ပြီး ကျနော်တို့ ထွက်လာတဲ့အချိန်မှာ ပေါက်ကွဲသံတွေ ကြားတယ်။ သူနာပြုကားတွေ ငါးစီး၊ ခြောက်စီးလောက် ထွက်သွားတယ်။ ကျနော် စစ်သားတွေ မေးကြည့်တော့ အယောက် ၂၀ ကျော်လောက် ဒဏ်ရာရတယ်။ သေဆုံးတဲ့သူ ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲဒါကိုတော့ အတည်ပြုလို့ မရသေးပါဘူး။ အခု ဖြစ်နေတဲ့နေရာနဲ့ ကျနော်ရှိတဲ့နေရာနဲ့ နီးတော့ အနီဝတ် ဆန္ဒပြသူတွေအပေါ် ကောင်းကင်မှာ ရဟတ်ယာဉ်တွေ ဝဲနေတယ်။ ဝဲနေတော့ အောက်ကနေ မီးကျည် မီးပန်းတွေနဲ့ သူတို့ ပစ်ဖောက်နေကြပါတယ်။ အဲဒါ နောက်ဆုံး အခြေအနေပါ။”