သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပကော်မရှင် နာဂစ်ကူညီရေး ရပ်စဲ


မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ခဲ့တဲ့ နေရာတွေမှာ ဥရောပသမဂ္ဂရဲ့ လူသားချင်း စာနာတဲ့ အကူအညီပေးရေး ဌာနက ပေးနေတဲ့ အရေးပေါ် အကူအညီတွေကို လာမယ့် မေလကုန်မှာ ရပ်တန့်တော့မယ်လို့ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ဥရောပသမဂ္ဂရဲ့ တခြား လူမှုရေး အကူအညီပေးရေး အဖွဲ့အစည်းတွေကတော့ ဒီဒေသမှာ ပြန်လည် ထူထောင်ရေးနဲ့ ဖွံ့ဖြိုးမှု အစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဥရောပကော်မရှင်ရဲ့ လူသားချင်း စာနာမှု အကူအညီပေးရေးအဖွဲ့ (ECHO) အဖွဲ့ အနေနဲ့ မြစ်ဝကျွန်းပေါ်ဒေသက ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ခဲ့တဲ့ ဒေသတွေမှာ အရေးပေါ် လူသားချင်း စာနာတဲ့ အကူအညီတွေကို ၂ နှစ်တိတိ ကူညီထောက်ပံ့ ပေးနေခဲ့တာပါ။ အခုတော့ ဒီ အရေးပေါ် အကူအညီပေးတာ အထိုက်အလျောက် လုံလောက်ပြီလို့ ECHO အဖွဲ့က ယူဆတဲ့အတွက် အခုလို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်တာလို့ ECHO အဖွဲ့ရဲ့ ဘန်ကောက်ရုံး တာဝန်ခံ ဒေးဗစ် ဗာဘွမ်း (David Verboom) က ရှင်းပြပါတယ်။

“ကျနော်တို့ ပေးနေတဲ့ အကူအညီတွေကို အပြီးသတ် ရပ်ဆိုင်းပစ်လိုက်တာတော့ မဟုတ်ပါဘူး။ ကျနော်တို့ အနေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အကူအညီ ပေးနေတာ ဖြစ်တဲ့အတွက် လူသားချင်း စာနာတဲ့ အကူအညီတွေ တခြား ဘယ်နေရာမှာ ဦးစားပေးဖို့ လိုအပ်တယ် ဆိုတာကို စဉ်းစားပြီး ဆုံးဖြတ်တဲ့ သဘောပါ။ ကျနော်တို့ရတဲ့ ရန်ပုံငွေကလည်း အကန့်အသတ် ရှိတာဆိုတော့ တခြားဒေသတွေကို အာရုံစိုက် လုပ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်တာပါ။ နောက်တခုကလည်း တခြား ဥရောပ လူမှုဖူလုံရေး ကူညီတဲ့ အဖွဲ့တွေကလည်း ဒီဒေသမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဥရောပ ကော်မရှင်ကနေ အထောက်အပံ့တွေ တိုးချပေးလာတာကြောင့်လည်း ပါပါတယ်။”

ECHO အဖွဲ့ အနေနဲ့ နာဂစ်ဒုက္ခသည်တွေ ရေကောင်း ရေသန့် ရရှိရေး၊ နေထိုင်စရာ အမိုးအကာ ရရှိရေး စတဲ့ နေရာတွေမှာ ၂ နှစ်တိတိ အဓိကထား အကူအညီ ပေးခဲ့တာ ဖြစ်ပါတယ်။ အခုတော့ လူသားချင်း စာနာတဲ့ အကူအညီပေးတဲ့ အဆင့် လုံလောက်ပြီလို့ ဥရောပ ကော်မရှင်က ယူဆတဲ့အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အာရုံစိုက် လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဒေးဗစ် ဗာဘွမ်းက ပြောပါတယ်။

“နာဂစ် ဆိုင်ကလုန်းဒဏ် ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်ဒေသက လူသားချင်း စာနာတဲ့ အကူအညီပေးရေး လုပ်ငန်းစဉ်တွေ ပြီးဆုံးသွားပါပြီ။ ဒါကြောင့် အခုချိန်ဟာ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးမှု အစီအစဉ်တွေ လုပ်ဆောင်ဖို့ အချိန်ရောက်ပြီလို့ ကျနော်တို့ ယူဆပါတယ်။ ECHO လို လူသားချင်း စာနာတဲ့ အကူအညီပေးရေး အဖွဲ့တွေ မဟုတ်တဲ့ ဥရောပကော်မရှင်ရဲ့ တခြား အဖွဲ့အစည်းတွေကနေ ဒီဒေသမှာ ဆက်ပြီး ကူညီကြမှာပါ။”

မြန်မာနိုင်ငံမှာ ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလဆန်းကစလို့ ဥရောပကော်မရှင်ရဲ့ လူသားချင်း စာနာတဲ့ အကူအညီပေးရေး အဖွဲ့ဖြစ်တဲ့ ECHO အဖွဲ့က အဖွဲ့အစည်းပေါင်း ၂ ဒါဇင်လောက်က တဆင့် ကျန်းမာရေး အထောက်အပံ့ အပါအဝင် အမေရိကန် ဒေါ်လာ ၅၂ သန်းခွဲလောက် အကုန်အကျခံပြီး လူသားချင်း စာနာတဲ့ အကူအညီတွေ ထောက်ပံ့ခဲ့တာပါ။

ECHO အဖွဲ့အနေနဲ့ မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား ဒေသတွေ အပါအဝင် တခြားဒေသ တော်တော်များများမှာလည်း ဒေသခံ NGO အဖွဲ့အစည်းတွေက တဆင့် လူသားချင်း စာနာတဲ့ အကူအညီတွေကို ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

ရန်ကုန်နဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နဲ့ ၃ ရက်နေ့တွေက တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၁၅၀,၀၀၀ လောက် အသက်ဆုံးရှုံးခဲ့ရပြီး ၂,၅၀၀,၀၀၀ လောက်လည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက မှတ်တမ်းတင်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG