သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီရေး စစ်တပ်ထဲက ပူးပေါင်းဖို့ အမေရိကန်အမတ် တိုက်တွန်း


<!-- IMAGE -->

မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားဖို့ စစ်တပ်အတွင်းက မျိုးချစ်တပ်သားတွေ အနေနဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ခေါင်းဆောင်တွေကို တိုက်ထုတ်ကြဖို့ အမေရိကန် အောက်လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာ (Dana Rohrabacher) က တောင်းဆိုလိုက်ပါတယ်။ ဒီစစ်ခေါင်းဆောင်တွေရဲ့ ကူညီ လုပ်ဆောင်ပေးမှုတွေကြောင့် မြန်မာပြည်ဟာ တဖြည်းဖြည်းနဲ့ တရုတ်နိုင်ငံရဲ့ လက်အောက်ခံနိုင်ငံ ဖြစ်လာနေပြီလို့ သူက ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာဟာ တိုင်းတပါးရဲ့ လက်ထဲကို ရောက်တဲ့ အဖြစ်မျိုးနဲ့ မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေကြရတယ်လို့ ကာလီဖိုးနီးယားပြည်နယ်က ရီပတ်ဘလီကန် လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာက ပြောဆိုလိုက်တာပါ။ ဒါ့အပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ သယံဇာတတွေ ခိုးယူနေရုံမကဘဲ မြန်မာနိုင်ငံကို သူ့လက်ခံ နိုင်ငံတနိုင်ငံ ဖြစ်ဖို့အတွက် တဖြည်းဖြည်းနဲ့ သိမ်းသွင်းနေတယ်လို့ သူက ပြောပါတယ်။

“တရုတ်နိုင်ငံဟာ မြန်မာလူထု လက်ထဲကနေ တိုင်းပြည်ကို တဖြည်းဖြည်းနဲ့ လုယူနေပါတယ်။ အဲဒီလို မတရားသဖြင့် ရယူနိုင်ဖို့ အတွက်လည်း ကိုယ့်တိုင်းပြည်အပေါ် သစ္စာစောင့်သိဖို့ထက် မိမိအာဏာ တည်မြဲရေးကိုသာ ဦးစားပေး လုပ်ဆောင်နေကြတဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အကူအညီ အထောက်အပံ့နဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“ဒါကြောင့် တိုင်းပြည်ကို ကယ်တင်လိုစိတ်ရှိတယ်၊ စစ်မှန်တဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို လုပ်ဆောင်လိုကြတယ်၊ မြန်မာနိုင်ငံကြီး တိုင်းတပါး လက်အောက်ခံနိုင်ငံ ဖြစ်မသွားစေချင်ဘူး ဆိုရင် မျိုးချစ်စိတ် ရှိသူတွေနဲ့ လွတ်လပ်မှုကို လိုလားကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အာဏာရှင်တွေကို ဆန့်ကျင် တိုက်ထုတ်နိုင်ဖို့ အားလုံး တညီတညွတ်တည်း ပူးပေါင်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။”

တိုင်းပြည်ကို ဆယ်စုနှစ်ပေါင်းများစွာ တင်းတင်းကျပ်ကျပ် ဖိနှိပ် အုပ်ချုပ်လာခဲ့တဲ့ စစ်အာဏာရှင်တွေကို တိုက်ထုတ်နိုင်ဖို့အတွက် လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တခြား မျိုးချစ်ပုဂ္ဂိုလ်တွေ ပူးပေါင်း လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် တပ်မတော်အတွင်းက မျိုးချစ် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားတွေ အနေနဲ့လည်း ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ခေါင်းဆောင်တွေကို ပုန်ကန် တိုက်ထုတ်ကြဖို့ လွှတ်တော်အမတ်က တောင်းဆိုလိုက်ပါတယ်။

“အတိုက်အခံ အင်အားစုတွေကလည်း ဂုဏ်သရေ ပြည့်ဝပြီး ပြည်သူနဲ့ တိုင်းပြည်အကျိုးကို ရှေးရှုတဲ့ တပ်မတော်ကြီး ဖြစ်လာဖို့ ဆန္ဒရှိနေကြတဲ့ စစ်တပ်အတွင်းက မျိုးချစ်ရဲဘော်တွေနဲ့ လက်တွဲ လုပ်ဆောင်ကြဖို့ လိုပါတယ်။ တပ်မတော်အတွင်းက စစ်မှန်တဲ့ စိတ်ထား ရှိကြတဲ့ ခေါင်းဆောင်တွေ အနေနဲ့လည်း အမှန်တကယ် လွတ်လပ်ပြီး ဖွံံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံတော်ကြီး ဖြစ်လာရေး လုပ်ဆောင်ကြဖို့ အချိန်ရောက်ပါပြီ။”

အခုချိန်ဟာ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ အပါအဝင် မျိုးချစ်စိတ်ရှိတဲ့ တပ်မတော်သားတွေအတွက် တော်လှန် ပုန်ကန်ကြဖို့ အခွင့်အခါကောင်း ဖြစ်တာကြောင့် ဒီအခွင့်အရေးကို လက်လွတ်ဆုံးရှုံး မခံကြဖို့ လွှတ်တော်အမတ် ရိုရာဘာကာက တိုက်တွန်းပါတယ်။ အဲဒီလို ဒီမိုကရေစီ အရေးအတွက် တော်လှန် ပုန်ကန်သူတွေဘက်မှာ ကမ္ဘာ့မိသားစုကြီးက ရှိနေမှာ ဖြစ်သလို သူတို့ကို ထောက်ခံအားပေးကြမှာပါလို့ သူက ပြောပါတယ်။

မြန်မာစစ်အစိုးရက အခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို တရားမျှတပြီး သက်ဆိုင်သူတွေ အားလုံး ပါဝင်နိုင်အောင် ဖန်တီးပေးဖို့ အာဆီယံနိုင်ငံ အတွင်းက ခေါင်းဆောင်တွေ အပါအဝင် ကမ္ဘာ့တိုင်းပြည် အသီးသီးက ဝိုင်းဝန်း တောင်းဆိုနေကြတဲ့ အချိန်မှာ လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာက အမေရိကန် လွှတ်တော်ကို ပြောကြားတဲ့အထဲ အခုလို ထည့်သွင်း ပြောဆိုသွားတာပါ။

မြန်မာစစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက တရားမျှတမှု မရှိတဲ့အပြင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရှိအောင် တမင် လုပ်ကြံရေးဆွဲ ထားတာကြောင့် ဒီဥပဒေတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ စစ်အစိုးရအပေါ် ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်လုပ်ဆောင်ပေးဖို့ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းတုန်းက အမေရိကန် အထက်လွှတ်တော်အမတ် ၉ ဦးက သမ္မတ အိုဘားမားကို စာရေးသား တောင်းဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG