သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်ရဲ့ ဆင်ဖြူရှာပုံတော်


ဗိုလ်ချုပ်ကြီးသန်းရွှေ စေလွှတ်လိုက်တဲ့ ဆင်ဖမ်းအဖွဲ့ဟာ လွန်ခဲ့တဲ့ ဇန်နဝါရီလကတည်းက ရခိုင်ကမ်းရိုးတန်း ငွေဆောင်ဒေသမှာ ရောက်ရှိနေကြောင်း သတင်းထောက် ဖီဘီ ကနေဒီ (Phoebe Kennedy) ရန်ကုန်က ပေးပို့တဲ့ သတင်းဆောင်ပါး ကို လန်ဒန်အခြေစိုက် Independent သတင်းစာမှာ ဧပြီလ (၂) ရက်နေ့က ဖော်ပြခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပပြီး အစိုးရသစ်ဖွဲ့စည်းတော့မှာမို့ ဆင်ဖြူရရှိရေးဟာ နေပြည်တော် စီမံကိန်းသဘောမျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဆင်းဖမ်းအဖွဲ့မှာ စစ်သား (၅၀) ဆင်ဦးစီးနဲ့ တိရစ္ဆာန် ဆရာဝန်တွေ ပါဝင်ကြပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဆင်ဖြူတွေ့တဲ့သတင်း ထွက်ကတည်းက ရှာဖွေလာခဲ့တာဖြစ်ပြီး ဒီနှစ်ဆန်းမှာ ဆင်ဖြူရှာဖွေရေးလုပ်ငန်း ပြန်စတာဖြစ်ပါတယ်။

ဆင်ဖြူရှာဖွေရာမှာ ဆင်စီးပြီးတောနင်း ရှာဖွေရတာမို့ ဆင်ဖြူတွေ့တယ်ဆိုတဲ့ ငွေဆောင်ဒေသမှာ လယ်ယာစိုက်ခင်းတွေ အတော်ပျက်စီးနေပြီလို့ ဆိုကြပါတယ်။ ဒေသခံရွာသားတွေလည်း ဆင်ဖမ်းပွဲမှာ လမ်းပြအဖြစ် လိုက်ပါကြရပါတယ်။ ဆင်ဖြူလေးဟာ (၅) နှစ်အရွယ် အရပ် (၅) ပေလောက်ရှိတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကလည်း ဆင်ဖြူတကောင်ရရှိခဲ့လို့ ဗိုလ်ချုပ်ကြီးခင်ညွှန့်က ရေစင်သွန်းဖြန်း ဘိသိက်လောင်းပြီး ရာဇဂဟ သီရိပစ္စယဂဇရာဇာ ဆိုတဲ့ဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ ဂုဏ်ကျက်သရေကြီးမြင့်တော်မူသော ဆင်မင်း ဖြစ်ပါတယ်။

ဆင်ဖြူရှင်သည် ဗုဒ္ဓဘာသာဝင်တို့ အထွက်အမြတ်ထားသည့် ရတနာတပါးဖြစ်တယ်လို့ အခြေခံပညာ အလယ်တန်းသမိုင်းမှာ ရေးထားပါတယ်။ ဆင်ဖြူရှိတဲ့ တိုင်းပြည်ဟာ ငြိမ်းချမ်းသာယာ ဝပြောတည်ငြိမ်ရုံတင်မကဘဲ အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းတယ်လို့ ယုံကြည်တဲ့ အစဉ်အလာရှိပါတယ်။ ၁၆ ရာစု အယုဒ္ဓယမှာ နန်းစံတဲ့ ထိုင်းဘုရင် မဟာချက္ကရာဖတ်မှာ ဆင်ဖြူ (၄) ကောင် ရှိခဲ့ပါတယ်။ ဗမာမင်း ဘုရင်နောင့်က တကောင်တောင်းတဲ့အခါမပေးလို့ ယိုးဒယားကို စစ်ဆင်တယ်လို့ အဆိုရှိခဲ့ပါတယ်။ မဟာချက္ကရာဖတ်က ကမ္ဘောဒီယားဘုရင်ရဲ့ ဆင်ဖြူကို လိုချင်လို့ စစ်ဆင်ခဲ့ပါတယ်။ ဆင်ဖြူပိုင်တဲ့မင်းဟာ ဘုန်းတန်ခိုးနဲ့ ပြည့်စုံတယ်လို့ ရှေးခေတ်ဗမာ၊ ထိုင်း နဲ့ ကမ္ဘောဒီးယားလူမျိုးတွေ ယုံကြည်ခဲ့သလို အခုခေတ် ဗမာဗိုလ်ချုပ်တွေကလည်း ယုံကြည်နေကြပုံ ရပါတယ်။

ဆင်ဖြူဆိုပေမယ့် တကိုယ်လုံး ဆွတ်ဆွတ်ဖြူနေတာတော့ မဟုတ်ပါဘူး။ မျက်တောင်နဲ့ ခြေသဲမှာသာ ဖြူနေပြီး အမွေးအမှင်နဲ့ အသားရောင်က နီကြင်ကြင် ဖြစ်နေတတ်ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ဆင်ဖြူကတော့ မျက်လုံးက ပုလဲရောင်၊ မျက်တောင်မွှေးက အဝါရောင်၊ မျက်ခမ်းက အနီရောင်၊ အမွှေးက အဖြူရောင်၊ အမြီးအရင်းက အမဲရောင်၊ အဖျားက အဖြူရောင်ဖြစ်ပေမယ့် ဆင်ဖြူရဲ့ အသွင်လက္ခဏာအားလုံးနဲ့ ပြည်စုံတယ်လို့ ပြောကြပါတယ်။ မင်းကျင့်တရား ဆယ်ပါးနဲ့ညီတဲ့ မင်းတွေအုပ်ချုပ်တဲ့ တိုင်းပြည်မှာသာ ဆင်ဖြူကိုတွေ့နိုင်တယ်လို့ အစိုးရသတင်းစာတွေက ရေးသားကြပါတယ်။ ဆင်ရဲ့ အရောင်ဟာ ရေစိုရင် ပန်းရောင်ဖြစ်ပြီး ခြောက်သွေ့ချိန် နေရောင်အောက်မှာဆိုရင်တော့ နီညိုရောင်အဆင်းရှိတယ်လို့ အစိုးရသတင်းစာတွေ ရေးကြတာမို့ ခရုသင်းစွဲနေတဲ့ ဆင်လည်းဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။

မြန်မာမင်းလက်ထက်က ထိပ်တန်းပြန်တမ်းဝင် အရာရှိ (၇) မျိုးရှိတဲ့အထဲမှာ ဆင်နဲ့ဆိုင်တဲ့ ဆင်ဝန်မင်းရာထူးက နံပတ် (၁) နေရာကို ယူထားပါတယ်။ ရွှေတိုက်ဝန်တောင် နံပတ် (၅) နေရာမှာ ရှိနေပါတယ်။ အကြောင်းကတော့ ဆင်ကို ဘုရင့်လက်နက်တော်ကြီးလို့ ယူဆလို့ပါ။ စီးတော်ဆင်၊ ထမ်းဆင်တော်၊ ဆင်စာချီ၊ မြက်စာထိုင်ဆင်ဆေးသမား စသည်ဖြင့် ဆင်နဲ့ ဆင်ထိန်းကို အဆင့်အမျိုးမျိုး ခွဲခြားပြီး တာဝန်ပေးပါတယ်။ အခုခေတ် မြန်မာပြည်မှာ သစ်ဆွဲဆင် အကောင် (၃၀၀၀) ကျော်ရှိပေမယ့် အားလုံးဆင်မဲတွေပါ။ ဆင်ဖြူရဲ့ ဂုဏ်အင်္ဂါရပ်တွေအကြောင်း ရေးသားခဲ့သူတွေထဲမှာ သမိုင်းပါမောက္ခဟောင်း ဒေါက်တာခင်မောင်ညွှန့် လည်း ပါဝင်ပါတယ်။ ကွယ်လွန်သူသမိုင်းပါမောက္ခကြီး ဒေါက်တာသန်းထွန်းကတော့ ဆင်ဖြူဖြစ်ဖြစ်၊ ဆင်မဲဖြစ်ဖြစ် တိရစ္ဆာန်ဟာ တိရစ္ဆာန်ပါပဲလို့ မှတ်ချက်ချ ပြောခဲ့ပါတယ်။

တကယ်တော့ အရောင်အသွေးကင်းမဲ့ပြီး ဆွတ်ဆွတ်ဖြူနေတဲ့ Albinism ရှိတဲ့ သတ္တဝါမှန်သမျှကို Albino လို့ ခေါ်ပါတယ်။ အသားအရေ ဆံပင်အားလုံး ဖြူဆွက်ပြီး မျက်လုံးကတော့ ပန်းရောင်ဖြစ်နေတတ်ပါတယ်။ လူတွေထဲမှာလည်း Albino လူဖြူ ရှိတတ်ပါတယ်။ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်အစိုးရအဖို့တော့ အတိတ်နိမိတ် ဖြစ်နေပါတယ်။ ဥပမာ အင်မတန်ကြီးမားတဲ့ စကြင်ကျောက်တုံးကြီး အညာဒေသမှာ တွေ့တာကိုလည်း စစ်အစိုးရက မဟာမင်္ဂလာလို့ ယုံကြည်တဲ့အတွက် ဘုရာရုပ်ထုပြီး အဘာယလဘ ဆိုတဲ့အမည်နဲ့ ကိုးကွယ်နေပါတယ်။

ဆင်ဖြူပိုင်တာကို ဂုဏ်ယူနေတဲ့ မြန်မာ့ရိုးရာ အစဉ်အလာကို ၁၈-ရာစု ကုန်းဘောင်မင်း ဆင်ဖြူရှင် က သက်သေပြနေပါတယ်။ ကုန်းဘောင်မင်းဆက်ကို တည်ထောင်တဲ့ အလောင်းဘုရားရဲ့ သားတဦးဖြစ်သူ မြေဒူးမင်းသာဟာ ဆင်ဖြူရှင်အမည်နဲ့ နန်းတက်ခဲ့ပါတယ်။ ဆင်ဖြူရှင်ဟာ အယုဒ္ဓယမြို့တော်ကို ဖျက်ဆီးပစ်သူအဖြစ် နာမည်ရပါတယ်။ တရုတ်ကို တွန်းလှန်နိုင်သူဟာလည်း ဆင်ဖြူရှင် ဖြစ်ပါတယ်။ ဒါကြောင့် ကုန်းဘောင်မင်းတွေဟာ ဆင်ဖြူကို တွေ့အောင်ရှာပြီး ရွှေရည်ငွေရည်၊ ရတနာကိုးပါး နဝရတ်ရည်တွေနဲ့ ရေစင်သွန်းဖြန်းပြီး ဘိသိက်လောင်းလေ့ ရှိပါတယ်။ နေပြည်တော်မှာလည်း လိုအပ်နေသေးတာဟာ ဆင်ဖြူရှင်ဖြစ်နေတဲ့အတွက် အပူတပြင်း ရှာဖွေနေတာ ဖြစ်ပုံရပါတယ်။

XS
SM
MD
LG