စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းတွေအပေါ် ဝေဖန်ပြောဆိုမှုတွေ ရှိနေတဲ့ကြားကပဲ ဒီရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ဆောင်နိုင်အောင် မြန်မာနိုင်ငံကို ဥရောပသမဂ္ဂက လေ့လာရေးအဖွဲ့တဖွဲ့ စေလွှတ်ဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ စစ်အစိုးရကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်တဲ့အတွက် အခုလို လေ့လာရေးအဖွဲ့ စေလွတ်မယ့်အပေါ် မြန်မာ့အရေး လှုပ်ရှားသူတွေက သိပ်မလိုလားကြပါဘူး။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
စစ်အစိုးရက ကျင်းပပေးဖို့စီစဉ်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လေ့လာဖို့အတွက် ဥပရောပသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ အထူးသံတမန် ပီရယ်ရို ဖက်စီးနိုး (Mr. Piero Fassino) ဦးဆောင်တဲ့အဖွဲ့တဖွဲ့ကို စေလွတ်ဖို့ အီးယူအဖွဲ့က စီစဉ်နေတာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ သက်ဆိုင်သူအားလုံး ပါဝင်ခွင့်မရှိအောင် ကန့်သတ်ချုပ်ချယ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို စစ်အစိုးရက ပြီးခဲ့တဲ့လအတွင်း ထုတ်ပြန်ပြီးတဲ့နောက် ဒီစည်းကမ်းသတ်မှတ်ချက်တွေကို အီးယူ ဥရောပသမဂ္ဂက ကန့်ကွက် ရှုတ်ချထားပြီးတဲ့နောက်မှာမှ အခုလို လေ့လာရေး ကိုယ်စားလှယ်အဖွဲ့ စေလွတ်ဖို့ စီစဉ်တာလည်း ဖြစ်ပါတယ်။
မဇိုယာဖန်းဟာ လန်ဒန်မြို့အခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့က နိုင်ငံတကာရေးရာ ဆက်ဆံရေးမှူးဖြစ်ပါတယ်။ သူက စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်တွေကို အီးယူအနေနဲ့ ကန့်ကွက်ကြောင်းပြောဆိုပြီးမှ အခုလို မြန်မာပြည်ဆိုင်ရာ အီးယူရဲ့ အထူးသံတမန် ပီရယ်ရို ဖာစီးနီုး ကို စေလွတ်ဖို့ စီစဉ်တဲ့အပေါ် စိုးရိမ်မိတယ်လို့ ပြောပါတယ်။
"ဖက်စီးနိုက အရင်တုန်းကဆိုရင် သူက မြန်မာပြည်အတွက် ကိုယ်စားလှယ်တယောက်
ဖြစ်နေတယ်။ မြန်မာပြည်ကိုသွားဖို့ ကိုယ်စားလှယ် မဟုတ်ဘူး။ ဒါကြောင့် သူက အာရှနိုင်ငံတွေနဲ့
ဥရောပနိုင်ငံတွေရဲ့ သူတို့နိုင်ငံခြားရေး ပေါ်လစီတွေပေါ့နော်။ အဲဒါ မြန်မာပြည်အတွက်လုပ်ထားတဲ့
ပေါ်လစီတွေ ပိုပြီးတော့ နီးစပ်အောင် သူ့ကို အီးယူက တာဝန်ပေးလိုက်တယ်လို့ ကျမတို့သိရတယ်။
ဒါပေမဲ့ သူက အခုလောလောဆယ် မြန်မာပြည်ကိုသွားချင်တယ်ဆိုတာ သိရတော့ ကျမတို့ အနေနဲ့ကတော့
နည်းနည်းလေးတော့ စိုးရိမ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုစစ်အာဏာရှင်တွေရဲ့ ၂၀၁၀ ရွေးကောက်ပွဲက စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး
ရှိလာနိုင်မယ့် ရွေးကောက်ပွဲမဟုတ်ဘူး။ ပြီးတော့ တဆက်တည်းမှာပဲ ဥရောပသမဂ္ဂကိုယ်တိုင်၊
ပြီးတော့ ဥရောပပါလီမန်က ၂၀၁၀ ရွေးကောက်ပွဲကို သူတို့က လက်မခံနိုင်တဲ့ ရွေးကောက်ပွဲတခု
ဖြစ်နေတယ်ဆိုတာကို ပြီးခဲ့တဲ့မတ်လမှာပဲ ဥရောပ ပါလီမန်က သူတို့ resolution မှာပြောပါတယ်။
အဲဒါကြောင့် ဒါကို ပြန်ကြည့်ရရင် ဥရောပရဲ့ ကွာခြားတဲ့ approach ဖြစ်နေတယ်လို့ ကျမတို့
မြင်ရပါတယ်။
စစ်အစိုးရကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲ တရားမျှတမှု ရှိမှာမဟုတ်တဲ့အတွက် ဒီရွေးကောက်ပွဲ ကျင်းပမယ့်အပေါ် အီးယူက ကန့်ကွက်ကြောင်း ပြောထားပြီးမှ အခုလို လေ့လာရေးအဖွဲ့ စေလွတ်ဖို့ စီစဉ်တာဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အီးယူအတွင်းမှာ သဘောထားကွဲပြားမှုတွေ ရှိနေမလားဆိုတဲ့ ထင်မြင်မှုတွေ ဖြစ်ပေါ်စေတယ်လို့ မဇိုယာဖမ်းက ပြောပါတယ်။
"အရင်ကတည်းက
နအဖ စစ်အာဏာရှင်က divide and rule ပေါ်လစီပေါ့နော်။ သူတို့ တော်တော်လေး လုပ်နိုင်တယ်။
ဒီမိုကရေစီအင်အားစုတွေမှာလည်း ကွဲအောင် သူတို့လုပ်နိုင်တယ်။ ပြီးတော့ တိုင်းရင်းသားလူမျိုးစုတွေထဲမှာလည်း
ကွဲအောင် သူတို့လုပ်နိုင်တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေထဲမှာလည်း အဲဒီလိုမျိုး သဘောထား
ကွဲလွဲအောင် သူတို့ လုပ်နိုင်တယ်။ အခုဆိုရင် အာရှကတမျိုးပေါ့နော်။ ပြီးတော့ အီးယူကလည်း
အသံတမျိုး ရှိနေတယ်။ အီးယူထဲကိုတောင်မှာ ဒီလိုမျိုး ကွဲပြားသူတွေ ရှိနေတယ်ဆိုတော့ အဲဒါ
စိတ်မကောင်းစရာ ဖြစ်ပါတယ်။ ဒါပေမဲ့ တခုရှိတာကတော့ ကျမတို့အနေနဲ့ ဒီလှုပ်ရှားမှုအဖွဲ့ကနေ
တဆင့် ဥရောပသမဂ္ဂက နအဖ စစ်အာဏာရှင်အပေါ်မှာ ဖိအား ပိုပြီးတော့ပေးရအောင် ကျမတို့ ဆက်လက်ပြီးတော့
လှုပ်ရှားမှုတွေတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။"
ဒါပေမဲ့ အီးယူကိုယ်စားလှယ် မြန်မာပြည်ကို သွားလိုက်ခြင်းအားဖြင့် စစ်အစိုးရ ကျင်းပပေးမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲအပေါ် အကျိုးသက်ရောက်မှု တစုံတရာ ရှိမှာမဟုတ်ဘူးလို့ မဇိုယာဖမ်းက သုံးသပ်ပါတယ်။
မစ္စတာ ပီရယ်ရို ဖက်စီးနိုး ဟာ မြန်မာပြည်ကိုသွားနိုင်ဖို့ စီစဉ်နေတာ ကြာပြီဖြစ်ပေမဲ့ စစ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးတဲ့အတွက် သွားခွင့်မရသေးတာပါ။
လောလောဆယ်မှာတော့ အီးယူအနေနဲ့ မြန်မာစစ်အစိုးရအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှု၊ စစ်အစိုးရ ခေါင်းဆောင်ပိုင်းကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှု၊ စစ်လက်နက် ရောင်းဝယ်ခွင့် စတဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ် လုပ်ဆောင်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီတွေကို မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ NGO အဖွဲ့အစည်းတွေကတဆင့် ထောက်ပံ့နေဆဲဖြစ်ပါတယ်။