ထိုင်းနိုင်ငံမှာ အစိုးရက လွှတ်တော်ကို ရက် ၃၀ အတွင်း ဖျက်သိမ်းပေးမယ်ဆိုရင် အစိုးရဆန့်ကျင်ဆန္ဒပြသူတွေ ဘန်ကောက်မြို့လယ်ကို ဝင်ရောက် နေရာယူထားရာကနေ ဖယ်ပေးမယ်လို့ ဆန္ဒပြသူတွေက ကမ်းလှမ်းပေမဲ့ ဝန်ကြီးချုပ် အဘီဆစ် ဝိဂျာဂျီဝ က ဒါကို ငြင်းဆိုလိုက်ပါတယ်။
အနီဝတ်ဆန္ဒပြသူတွေဟာ ဆူပူတဲ့နည်းတွေ၊ ခြိမ်းခြောက်တဲ့နည်းတွေ အသုံးပြုခဲ့လို့ သူတို့နဲ့ ညှိနှိုင်းမှုလုပ်မှာ မဟုတ်ဘူးလို့ မစ္စတာ အဘီဆစ်က စနေနေ့ကပဲ ရုပ်မြင်သံကြားကနေ ပြောသွားတာပါ။ လွှတ်တော်ကို ချက်ချင်းဖျက်သိမ်းပေးဖို့နဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ တောင်းဆိုထားတာကို ဆန္ဒပြသူတွေက သောကြာနေ့မှာ တထစ်လျော့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကမ်းလှမ်းမှုကို မစ္စတာ အဘီဆစ်က ပယ်ချသွားပြီးတဲ့နောက် သူတို့ ဆက်ပြီးတော့ ဆန္ဒပြသွားမယ်လို့ အနီဝတ်တွေက ပြောပါတယ်။
ဆန္ဒပြသူအများစုဟာ ၂၀၀၆ ခုနှစ်မှာ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှီနာဝဒ်ကို ထောက်ခံသူတွေ ဖြစ်ကြပါတယ်။ သူတို့က လက်ရှိဝန်ကြီးချုပ်ဟာ အာဏာကို တရားမဝင် ရယူခဲ့တာဖြစ်တယ်လို့ ပြောဆိုပြီးတော့ သူ့နေရာမှာ ဝန်ကြီးချုပ်အသစ် ခန့်အပ်ဖို့ ရွေးကောက်ပွဲအသစ် ကျင်းပပေးစေချင်တာ ဖြစ်ပါတယ်။
ဘန်ကောက်မြို့တော်မှာ သတင်းပတ်ပေါင်းများစွာ ဆန္ဒပြနေကြတာဖြစ်လို့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စည်ကားတဲ့ အရောင်းဆိုင်တွေ တည်ရှိတဲ့ မြို့လယ်တခုလုံး လုပ်ငန်းတွေ ရပ်ဆိုင်းထားရပြီး ငွေသန်းပေါင်းများစွာ အရှုံးပေါ်နေတာ ဖြစ်ပါတယ်။ ဒီလိုမျိုး မြို့တော်အတွင်းမှာ မငြိမ်သက်မှုတွေ၊ ဆူပူမှုတွေ ဖြစ်နေလို့ စိတ်ညစ်နေကြတဲ့ အရပ်သားတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေက အင်္ကျီအနီဝတ် ဆန္ဒပြသူတွေ မြို့တော်ထဲကနေ ထွက်သွားအောင်လုပ်ဆောင်ဖို့ ပူးပေါင်းထားကြပါတယ်။