သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UWSA နဲ့ မဟာမိတ် တိုင်းရင်းသားအင်အားစုများရဲ့  အင်အားပြင်ဆင်နေမှု


UWSA နဲ့ မဟာမိတ် တိုင်းရင်းသားအင်အားစုများရဲ့  အင်အားပြင်ဆင်နေမှု

ဒီတပတ် ဒီမိုကရေစီရေးရာဆွေးနွေးခန်းမှာ အပစ်အရပ်တိုင်းရင်းသာ လက်နက်ကိုင်အုပ်စုတွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေး မြန်မာစစ်အစိုးရက နောက်ဆုံးရက်သတ်မှတ်ထားတဲ့ ဧပြီလ (၂၈) ရက်နေ့က နီးကပ်လာနေပါပြီ။ လက်ရှိစည်းကမ်းချက်များနဲ့ ချမှတ်ထားတဲ့ နယ်ခြားစောင့်တပ်များ ဖွဲ့စည်းမှုပုံတွေကို လက်မခံနိုင်ကြောင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA - Kachin Independence Army) နဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA - United Wa State Army) တို့က ပြောဆိုထားပါတယ်။ ဒီအချက်ကြောင့် သတ်မှတ်ထားတဲ့ရက်ထက် ကျော်လွန်သွားရင် မြန်မာစစ်အစိုးရ နဲ့ အထူးသဖြင့် အပစ်ရပ် UWSA ဝတပ်ဖွဲ့တွေအကြား တပ်ပွဲတွေ ဖြစ်လာနိုင်မလား ဆိုတာကို သိရှိနိုင်ဖို့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် နဲ့ ကျန်တဲ့လက်နက်ကိုင် တပ်ဖွဲ့တွေအကြား နီးစပ်တဲ့ မဟာမိတ်များအဖြစ် အကျိုးဆောင်ပေးနေတဲ့ ဦးအိုက်မန် ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးအိုက်မန်။ ။ ဒါက နအဖစစ်အစိုးရပေါ်မှာ မူတည်တယ်။ တကယ်လို့ သူစစ်ဆင် တိုက်ခိုက်လာမယ်ဆိုရင်တော့ ဆိုးကျိုး တွေပဲ ရင်ဆိုင်ရမှာပေါ့။ ကျပ်တဲ့ကြားထဲကနေ သူပိုပြီး အကျပ်အတည်း ပိုဆိုက်လာမှာပေါ့။ ဒီလိုသာ သူလုပ်လေ ပိုခက်လေ ဖြစ်မယ်လို့ ကျနော်မြင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ နအဖ အနေနနဲ့ ဒီလိုတိုက်ပွဲတွေ ဆင်နွှဲလာနိုင်တဲ့ အနေအထားမှာ ရှိပါသလား။

ဦးအိုက်မန်။ ။ ရှိတဲ့လှုပ်ရှားမှု တစုံတရာကတော့ တပ်မ (၅၅) မြောက်ဘက်မှာရှိတယ်။ ပြီးတော့ စခက (၁၄) ကို မိုင်းဆုံ၊ မိုင်းဆပ်မှာ အားဖြည့်ထားတာရှိတယ်။ ဒါပေမဲ့ သူတို့လည်း အားဘယ်လောက်မှ ဖြည့်စွက်မနိုင်ဘူးလို့ ကျနော် (လေ့လာထားတဲ့ လူတယောက်အနေနဲ့) မြင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီလို အားမရှိဘူလို့ ယူဆရပါသလဲ။ မြန်မာစစ်တပ်အနေနဲ့ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ တရုတ်ပြည်က ရတဲ့လက်နက်တွေ၊ နိုင်ငံတကာက ရတဲ့လက်နက်တွေ၊ နောက်ဆုံးဆိုရင် မြောက်ကိုရီးယားက ရတဲ့လက်နက်တွေနဲ့ တပ်မတော်ကို အင်အားဖြည့်တင်းထားတယ်ဆိုတဲ့ သတင်းတွေ ကျနော်တို့ ရရှိတယ်။ အဲဒီတော့ ဒီကိစ္စတွေဟာ တကယ်လို့ နယ်ခြားဒေသတွေမှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ မပြေမလည်ဖြစ်လာခဲ့ရင် အသုံးပြုဖို့အတွက် ကြိုတင် စုဆောင်းထားတာ တွေ မဖြစ်နိုင်ဘူးလား။

ဦးအိုက်မန်။ ။ ဖြစ်နိုင်ပါတယ်။ သူတို့ အာဏာတည်မြဲရေးအတွက်တော့ အထူးသဖြင့် ငြိမ်းချမ်းရေးအဖွဲ့တွေကို ဖိအား ပေးမယ်၊ အန်အယ်လ်ဒီကို ဖိအားပေးမယ်။ ဒီဟာ နှစ်ခုကို သူလိုချင်တဲ့ ပုံသဏ္ဍာန်ဖြစ်သွားပြီဆိုတော့ ရွေးကောက်ပွဲ သူ လုပ်တော့မှာပေါ့။ အဲဒီအချိန်မှာလည်း သူလိုချင်တဲ့ပုံစံ ၉၉ ဒဿမ ၉၉ တို့ဘာတို့ သူကြေညာတော့မှာပေါ့။ ငြိမ်းချမ်းရေး အဖွဲ့ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရှိနေသ၍တော့ ရွေးကောက်ပွဲတော့ လွယ်လွယ်နဲ့ လုပ်မယ်လို့ မမြင်ဘူး။

ဦးသန်းလွင်ထွန်း ။ ။ စောစောက ဦးအိုက်မန် ပြောသလိုဆိုရင် နအဖအနေနဲ့ ဒေသအတွင်းမှာ စစ်ရေးပြင်ဆင်မှုတွေ ရှိနေတယ် ဆိုပေမဲ့လည်း အင်အားပြည့်ပြည့်ဝ မျှမျှတတ မရှိဘူးလို့ သုံးသပ်ပါတယ်။ ဒါက ဘာကြောင့် ဒီလိုသုံးသပ်တာလဲ။

ဦးအိုက်မန်။ ။ အဓိက ကျနော်မြင်တာကတော့ ဒီနှစ်က စစ်အစိုးရက စစ်မျက်နှာအတော်များတယ်။ စစ်မျက်နှာ များတယ် ဆိုတာ နံပတ် (၁) ကေအိုင်အေ ရှိမယ်။ နံပတ် (၂) ကိုးကန့်ပြောက်ကျားတပ်ဖွဲ့တွေ ရှိနေတယ်။ နောက် UWSA ရှိတယ်၊ မိုင်းလားလည်း ရှိတယ်။ သံလွင်နောက်ဘက်မှာ SSA အင်အား အနည်းဆုံး (၃) ထောင်ကျော်လောက် ရှိတယ်။ ဒါတော့ သူအများကြီး ထည့်တွက်လိမ့်မယ်လို့ ကျနော်မြင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီလိုသုံးသပ်တယ်ဆိုလိုရှိရင် တဖက်မှာ ဦးအိုက်မန်တို့နဲ့ နီးစပ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ဘက်မှာ ဘယ်လိုပြင်ဆင်မှုတွေ ရှိပါသလဲ။ UWSA အနေနဲ့ မိုင်းလာအဖွဲ့၊ SSA၊ ဥက္ကဋ္ဌ ဖုန်ကြားရှင်ရဲ့  ကိုးကန့် အဖွဲ့တွေ မဟာမိတ်တွေ လုပ်ထားတယ်လို့ ကြားရပါတယ်။ ဒီမဟာမိတ်တွေရဲ့  အခြေအနေက ဘယ်လိုရှိပါသလဲ။

ဦးအိုက်မန်။ ။ မဟာမိတ်တွေ အခြေအနေကတော့ အခုန ကျနော်တို့မြင်သလို နိုင်ငံရေးအရ ညှိနှိုင်းတိုင်ပင်မယ်၊ တွေ့ဆုံ ဆွေးနွေးမယ်။ တွေ့ဆုံဆွေးနွေးလို့မရဘူး နဝတ က လုံးဝ ပယ်ချမယ်ဆိုရင် သူတို့လည်း ပြင်ဆင်မှုကတော့ လုပ်ရမှာပေါ့။ အခုလည်း ပြင်ဆင်မှုတွေ လုပ်နေတယ်။ ဒီအခြေအနေကတော့ ပြောဖို့ စောနေသေးတယ်။ ဖြစ်မယ်မဖြစ်ဘူးဆိုတာကို ကျနော်တို့ ယတိပြတ် ပြောလို့မရဘူး။ ဒါပေမဲ့ လူထုတွေကတော့ လန့်လန့်ဖျန့်ဖျန့် ရှိနေတာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ မကြာသေးခင်ကမှ အဲဒီဒေသက ပြန်လာခဲ့တယ်ဆိုတော့ လူထုအနေနဲ့ ဘယ်လို လန့်လန့်ဖျန့်ဖျန့် ရှိနေတယ်ဆိုတာကို ကြုံခဲ့ရသလဲ။

ဦးအိုက်မန်။ ။ လူထုကတော့ အထူးသဖြင့် ရှမ်းပြည် မိုင်းဆုံ၊ မိုင်းဆပ်ဘက် နဲ့ ယိုးဒယားနယ်ဘက်ကပ်တဲ့ ဒေသတွေ မှာတော့ အခုနပြောတဲ့ ဝတပ်ဖွဲ့၊ လားဟူး နဲ့ အစိုးရတွေက တော်တော်ရှုပ်နေတယ်။ အဲဒီတော့ သူတို့ကလည်း အားလုံး လိုလို စစ်ရေးသဘောပြင်ဆင်သွားလာနေတော့ လူထုက စိုးရိမ်ပြီတော့ တစုံတရာ ဖြစ်လာခဲ့ရင်တော့ ပြေးတာ လွှားတာ တွေ၊ ထိုင်းနိုင်ငံကို ပြေးလွှားတာတွေ လုပ်ရဖို့ စဉ်းစားတာ၊ လုပ်တာတွေတော့ ရှိနေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အစောက ဦးအိုက်မန်ပြောတဲ့ ဒီဘက်က တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေအနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ ပြင်ဆင်နေတယ်၊ ဆွေးနွေးဖို့ ကြိုးစားနေကြတယ်ဆိုတဲ့ နေရာမှာ နအဖ ကမ်းလှမ်းထားတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ပြောင်းရေး အချက်တွေအပေါ်မှာ ဘယ်လိုအချက်တွေအပေါ် မကျေလည်မှုတွေ ရှိနေတာလဲ။

ဦးအိုက်မန် ။ ။ တောင်းဆိုတဲ့အချက်တွေကို အနှစ်သာရကြည့်မယ်ဆိုရင် နံပတ် (၁) အသက် (၅၀) မဝင်ရဘူး။ ဒုတိယ အချက်က တပ်ရင်းတရင်းမှာ သူတို့လူ (၃၀) ထဲ့ရမယ်။ နံပတ် (၃) က ဖွဲ့စည်းပြီးတဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို နခတ တပ်ရင်းကွပ်ကဲမှုအောက်မှာ ထားရမယ်။ နံပတ် (၄) က နိုင်ငံရေး၊ စီးပွားရေးကိစ္စတွေကလည်း နိုင်ငံတော်ရဲ့  အစီအစဉ် အတိုင်းပဲ သွားရမယ်ဆိုတော့ ဒါတွေက တိုင်းရင်းသားတွေ လက်မခံနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီအချက်တွေကို လက်မခံနိုင်ဘူးဆိုရင် ဘယ်လိုအချက်တွေကို တန်ပြန်တောင်းဆိုမှုတွေ လုပ်ထားပါ သလဲ။

ဦးအိုက်မန် ။ ။ လက်နက်ကိုင် ငြိမ်းအဖွဲ့တွေကတော့ ဖြစ်သင့်တာကတော့ နောင်တက်လာတဲ့ အစိုးရနဲ့ စကားပြောဖို့။ လက်ရှိက ဒီကိစ္စကို ရွှေ့ ဆိုင်းထားဖို့။ နောက် လှုပ်ရှားထားတဲ့ ဧရိယာနယ်မြေအတိုင်း ထားဖို့။ ဒါတွေပဲ သူတို့ တောင်းဆို တာ ဖြစ်တယ်။ အဲဒါ အစိုးရက လုံးဝလက်မခံတဲ့ကိစ္စ ဖြစ်နေတယ်။

ဦးသန်းလွင်ထွန်း ။ ။ အကယ်၍ ဒီကိစ္စအဆင်မပြေဘူးဆိုရင် တိုက်ပွဲတွေများ တကယ်ပြန်ဖြစ်လာမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) အတွင်း အပစ်အခတ်တွေ ရပ်စဲထားတဲ့အတွက်ကြောင့် အထိုက်အလျောက် ငြိမ်းချမ်းရေးရပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုတွေ မြင်နေရတဲ့အခြေအနေ လုံးဝပျက်စီးသွားမယ့်အနေအထား ရှိနေပါသလား။

ဦးအိုက်မန် ။ ။ စစ်ဖြစ်ရင်တော့ စစ်ကမကောင်းဆိုးဝါးဆိုတော့ ကျနော်တို့လည်း နှစ်အတော်များများ ခံစားလာရတော့ စစ်ဖြစ်ရင်တော့ အနည်းနဲ့အကျဉ်းတော့ ဆုံးရှုံးနှစ်နာမှုတွေရှိမှာတော့ သေချာတယ်။ ဒါကိုတော့ မရှောင်လွှဲနိုင်ဘူးလေ။ ဒါပေမဲ့ ဒီနေ့ဒီအချိန်ကလည်း အခုနပြောတဲ့ လက်နက်ကိုင် တိုက်ပွဲဖြစ်လာခဲ့သော တဖွဲ့တစည်းတည်း မဟုတ်တော့ဘူးလေ တနိုင်ငံလုံးမှာရှိတဲ့ အင်အားစုတွေ အားလုံးလိုလို ပြန်ပြီး တိုက်ခိုက်မယ့်အနေအထား ရှိနေတယ်။ ဥပမာ ဒီဘက်မှာ ကျနော်တို့ သွားရောက်လေ့လာ ဆွေးနွေးညှိနှိုင်းကြည့်တော့ သူတို့လည်း ပြင်ပြင်ဆင်ဆင် ရှိတယ်။ ဖြစ်လာခဲ့ရင် တစုတစည်းနဲ့ တနိုင်ငံလုံး တတ်နိုင်တဲ့နည်း။ ဥပမာ ပြောက်ကြားနည်း တတ်နိုင်လည်း ပြောက်ကြားနည်း၊ အပြန်အလှန် ပူးပေါင်းတိုက်ခိုက်သွားဖို့ အားလုံးလိုလို ဆုံးဖြတ်ကြတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါက ဦးအိုက်မန်တို့ဘက်ဆိုလိုရှိရင် တိုင်းရင်းသားအရေး၊ ကိုယ့်ဒေသအရေးဆိုတဲ့ ခံယူချက်တွေ ရှိနေတယ်။ တဘက်မှာ မြန်မာတပ်မတော်ဘက်မှာဆိုရင် ဒီလိုအခြေအနေမျိုးမှာ တိုက်ခိုက်ချင်တဲ့ တိုက်ခိုက်လိုတဲ့စိတ်တွေ ရှိပါ့မလား။ တိုက်ခိုက်နိုင်တဲ့ အင်အားစွမ်းရည်ကော ရှိကြပါသလား။

ဦးအိုက်မန် ။ ။ ကျနော်တို့ မြင်တာကတော့ အခုနပြောတဲ့ နဝတလည်း အကျပ်အတည်း အတော်ကြီးတယ်။ စောမောင် ဖြုတ်ပြီးကတည်းက သူတို့ မာရှယ်စီမံကိန်းကို ရေးဆွဲချမှတ်ခဲ့တယ်။ ဥပမာ အင်အားတောင့်တင်းတဲ့ တပ်မတော်တရပ်ရှိဖို့ သူတို့ ရေးဆွဲချမှတ် အကောင်အထည်ဖော်ခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာကြတော့ တပ်ရင်းပေါင်း (၆၀၀) (၇၀၀) လောက် ရှိပေမဲ့လည်း တပ်ရင်းတရင်းမှာ (၁၀၀) ကျော် ရှိတော့ အင်အားအနေအထားအရ တသိန်းငါးသောင်း လောက်သာ ရှိတယ်။ အဲဒီတော့ တနိုင်ငံလုံး တိုင်းရင်းသားလက်နက်ကိုင် အင်အားနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၃း၁ လောက်ရှိတယ်။ ဆိုလိုတဲ့ အဓိပ္ပါယ် ကတော့ ကျနော်တို့မှာ တယောက်ရှိရင် သူတို့မှာ နှစ်ယောက်ပေါ။ ပြီးတော့ အခုလောလောဆယ် တပ်မတော် တပ်အတွင်း မှာ မညီမမျှမှုတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ၊ မိသားစုတွေ အလူးအလည် ခံနေရတာတွေရှိတော့ တပ်ပြေးတွေ များလာ တာ၊ မတက်မကြွတွေ များလာတာ၊ စစ်အာဏာရှင်စံနစ်ကို ဆန့်ကျင်လာတဲ့ ရေချိန်က လွန်ခဲ့တဲ့ အနှစ် (၂၀) ထက် အများကြီး မြင့်လာတာကို တွေ့ရတယ်။ ဒါကြောင့် စစ်အစိုးရအတွင်းမှာလည်း အများကြီးအကျပ်အတည်း တွေ့ရတယ်။ တကယ်လို့ လက်နက်တိုက်ပွဲ ပြန်ဆင်နွှဲလာမယ်ဆိုရင် ဖြစ်ပေါ်လာမယ့်အနေအထားက တပ်တွင်း ပုန်ကန်မှုတွေ၊ ပြည်တွင်း မှာလည်း အလုပ်သမား၊ လယ်သမား လှုပ်ရှားမှုတွေ အဆက်မပြတ် ပေါ်ပေါက်လာလိမ့်မယ်။ အခုက လက်နက်ကိုင်တိုက်ပွဲ နဲ့ တခြားတိုက်ပွဲသဏ္ဍာန်နဲ့ တော်တော်နီးစပ်လာနိုင်တဲ့ အနေအထားရှိတယ်။

ဦးသန်းလွင်ထွန်း ။ ။ တကယ်လိုများ နအဖက ဝတိုက်ဖွဲ့တွေကို တိုက်လာခဲ့မယ်ဆိုရင် မဟာမိတ်အဖွဲ့တွေဘက်က ပေါင်းစည်း ခုခံမယ်ဆိုတော့ ဘယ်လိုအဖွဲ့တွေ ပါဝင်လာနိုင်ဖွယ်ရှိသလဲ။ ဘယ်ဒေသတွေမှာ ဖြစ်မလဲ။

ဦးအိုက်မန် ။ ။ ဒီလိုတော့ အပြန်အလှန် စိတ်ဓါတ်အားဖြင့် ထောက်ကူအနေနဲ့တော့ ကိုယ့်မိမိဒေသတွေမှာ ပြောက်ကျား တိုးမြှင့်လှုပ်ရှားတာ၊ မြို့ ပေါ်လူထုတွေ ပိုမိုပြီးတော့ ပိုလှုပ်ရှားလာတာ။ တဖြည်းဖြည်း ပြောက်ကျားတိုက်ပွဲတွေ၊ အသေးစား ချေမှုန်းရေးတွေ - ဥပမာ တပ်စုချေမှုန်းရေး၊ တပ်ဖွဲ့ချေမှုန်းရေး ဒါတွေကိုတော့ ပေါင်းစပ်သွားရမှာဘဲ။ အခုလည်း ပြင်ဆင် နေတယ်။ ကျနော်တို့ KNPP ဘဲဖြစ်ဖြစ်။ နောက် ပအို့ဝ်အဖွဲ့ဘဲဖြစ်ဖြစ်၊ KNU အဖွဲ့တွေ ပြင်ဆင်နေကြတယ်။ သူတို့လည်း တိုက်လာလို့ရှိရင် တပြည်လုံး လှုပ်ရှားသွားဖို့ဆိုတော့ ပြင်ပြင်ဆင်ဆင်နဲ့ ရှိလာတယ်။ အပြန်အလှန်နားလည်မှုတွေ လွန်ခဲ့တဲ့ နှစ်တွေထက် အများကြီးရှိလာတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ဦးအိုက်မန်တို့ UWSA အဖွဲ့တွေ၊ နောက်ပြီးတော့ ဒီဘက် မဟာမိတ် တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့က နေရာယူထားတဲ့နေရာက တရုတ်နိုင်ငံ နယ်စပ် ယူနန်ဒေသနဲ့ ကပ်နေတော့ ယူနန်ပြည်ကလည်း အထူးသဖြင့် အဓိကအားဖြင့် ဒေသအတွင်း တည်ငြိမ်မှုကိုပဲ မူတည်ပြီးတော့ စီးပွားရေးအရ မြန်မာနိုင်ငံနဲ့ ကူးသန်းမှုတွေကို တော်တော်လေး မှီခိုနေရတဲ့ အနေအထားမှာ ရှိနေတော့ သူတို့အနေနဲ့ အခုလို တိုက်ပွဲတွေဖြစ်၊ မတည်မငြိမ် ဖြစ်လာမှာကို လိုလားရဲ့လား။ သူတို့အနေနဲ့ ဒီကိစ္စတွေကို တားဆီးပေးဖို့ ကြိုးပမ်းမှုတွေ ဘယ်လိုရှိနေပါသလဲ။

ဦးအိုက်မန် ။ ။ တရုတ်ပြည်ကတော့ ပြုပြင်ပြောင်းလဲရေး စလုပ်ကတည်းက ငြိမ်းချမ်းတဲ့ ပတ်ဝန်ကျင် ရှိရမယ်။ ငြိမ်းချမ်းတဲ့ ပတ်ဝန်ကျင်ရှိမှ ခေတ်မှီနိုင်ငံ ထူးထောင်နိုင်မယ်။ အဲဒီ မူပေါ်လစီ ကျလာတဲ့အချိန်မှာ ရှင်းရှင်းပြောရရင် သူ့နယ်နိမိတ် ပတ်ပတ်လည်မှာရှိတဲ့ ဘယ်စစ်ပွဲမှ မလိုချင်တော့ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းဘဲ သူလိုချင်တယ်။ ပူးပေါင်းဆောင်ရွက်မှု စီးပွားရေးအရ အပြန်အလှန်အကျိုးရှိရေးမူ။ သူတို့ဆီမှာ ဒီသဘောထားနဲ့ ဒီမူပဲ ရှိတယ်။ အကယ်၍ ဖြစ်လာခဲ့ရင်ကော သူ ဘာတတ်နိုင်မလဲ။ ဒီအစိုးရ နဝတကတော့ ဘယ်သူမှ ဂရုမစိုက်ဘူး။ ကုလသမဂ္ဂကိုတောင် ဂရုစိုက်တာ မဟုတ်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ တရုတ်ပြည်နဲ့ ယူနန်ပြည်နယ် အာဏာပိုင်တွေအနေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို နအဖနဲ့ ပေါင်းပြီး ဖိအားပေးလာတဲ့ အနေအထား မရှိဘူးလား ခင်ဗျား။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့  အထောက်အပံ့ လမ်းကြောင်းဆိုတာက တရုတ်ပြည်ကတဆင့် ဖြစ်လာနိုင်စရာရှိတာမို့ တဘက်က တရုတ်ပြည်ဘက်က ဖိအားပေးလာခဲ့ရင် တိုင်းရင်းသားအဖွဲ့တွေရဲ့  ရှင်သန်ရပ်တည်ရေး ဖြစ်နိုင်မလား။

ဦးအိုက်မန် ။ ။ ကျနော်မြင်တာကတော့ တရုတ်ပြည်ကတော့ အကောင်းဆုံးကတော့ တိုင်းသူ ပြည်သူ သွေးစည်း ညီညီညွှတ်ညွှတ်နေကြဖို့ ဒီပေါ်လစီအတိုင်း ကျင့်သုံးမယ်လို့ ကျနော်မြင်တယ်။ ဒါကြောင့် အခုန တိုင်းရင်းသားကို ဖိအား ပေးမယ်၊ အစိုးရကို ဖိအားပေးမယ်ဆိုတဲ့ ပေါ်လစီ သူ့မှာ မရှိပါဘူး။ အဖြစ်နိုင်ဆုံး နှစ်ဘက်စလုံးကို သင့်သင့်မြတ်မြတ် နေစေချင်တာပဲ။ ဒါက တလျှောက်လုံးက သူ့ပေါ်လစီလို့ ကျနော်မြင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့၊ ဒါက အိမ်နီးချင်းပြည်နယ်ရဲ့  ရပ်တည်ချက်ပေါ့။ ကျနော် နောက်တခု ပြန်မေးချင်တာက တိုင်းရင်းသားအဖွဲ့အစည်းတွေကြားထဲက မဟာမိတ်အဖွဲ့တွေဆိုတာကရော ခိုင်ခိုင်မာမာ ရှိရဲလား။ ဥပမာ ပြီးခဲ့တဲ့နှစ်က ကိုးကန့်အဖွဲ့တွေကို မြန်မာစစ်တပ်က ဝင်ရောက်တိုက်ခိုက်တဲ့အချိန်တုန်းက မဟာမိတ်အဖွဲ့တွေက ဘာတခုမှ စုပေါင်းပြီး တုံ့ပြန်ခဲ့တာ မရှိတာကို တွေ့ရတယ်။ အခုလည်း ပြဿနာတစုံတရာ ရှိလာခဲ့ရင် မဟာမိတ်အဖွဲ့တွေ စုစုစည်းစည်းနဲ့ စုပေါင်း တုံ့ပြန့်မယ် အနေအထားရှိရဲ့ လား။

ဦးအိုက်မန် ။ ။ ကိုးကန့်ကိစ္စတုန်းက ကျနော်ပြောသလိုပဲ၊ သူတို့က တိုက်လိမ့်မယ် မထင်ဘူး ပေါ့ပေါ့ဆဆနေတော့ တိုက်လာတော့ ပြင်ဆင်မှုမရှိတော၊့ ပြန်လည်တုံ့ပြန်ဖို့က အခြေအနေမပေးခဲ့ဘူးပေါ့။ ဒါပေမဲ့ ဒီလက်ရှိ အခြေအနေ အောက်မှာတော့ တဖွဲ့ တိုက်ခံရရင် တဖွဲ့ တိုက်ရတော့မှာပဲ။ အဲဒီတော့ မဟာမိတ်စိတ်ဓါတ်ရယ်၊ ဘုံရန်သူတိုက်ဖို့ စိတ်ဓါတ် တွေ ရှင်သန်ပြီး တကယ်လည်း တိုက်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ကျနော် ကြားသိရတာပဲ၊ တော်တော်များများ ဝအဖွဲ့ကို အားပေးကြတယ်၊ မလျှော့ဖို့ အမှန်ဆုံး ရပ်တည်ဖို့။ တကယ်လို့ ဝအဖွဲ့ လျှော့မယ်ဆိုရင် ကျန်တဲ့လူတွေလည်း အတော် ထိခိုက်သွားမှာ။ ဒီတော့ ဝတွေလည်း လျှော့မှာမဟုတ်ဘူး။ မဟာမိတ်တွေနဲ့ လက်တွဲပြီးတော့ အကောင်းဆုံး ဖြစ်အောင် စီစဉ်ဆောင်ရွက်မယ်လို့ ကျနော်မြင်တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG