သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ရေးတဲ့ ဖွဲ့စည်းပုံကြောင့် ထိုင်းနိုင်ငံရေး မတည်ငြိမ်ဟု ဒေါ်စု ဝေဖန်


နေအိမ်မှာ အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာကို ကြည့်ပြီး စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချုပ်နေတာကြောင့် ရေရှည်မှာ ပြဿနာတွေ မပြေလည်နိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းနဲ့ မနေ့က တွေ့ဆုံချိန် အဲဒီလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်က ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ရေရှည်မှာ တိုင်းပြည်ရဲ့ ပြဿနာကို မပြေလည်စေဘူးလို့ သူ့ရဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံချိန်မှာ မနေ့က ပြောဆိုခဲ့တာပါ။ ထိုင်းနိုင်ငံမှာ အဂတိလိုက်စားမှုနဲ့ ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်း ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် လက်ရှိ ထိုင်းနိုင်ငံမှာ နိုင်ငံရေး ပဋိပက္ခတွေ ဖြစ်ပေါ်နေတာ ဖြစ်တဲ့အကြောင်း၊ ဒီပြဿနာရဲ့ အရင်းခံဟာ စစ်တပ်က ရေးဆွဲခဲ့တဲ့ မခိုင်မာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတဲ့အကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက အခုလို ပြောပြခဲ့ပါတယ်။

“သူက အဲဒါနဲ့ ပတ်သက်ပြီးတော့ အခု ဒီမှာလည်း စစ်တပ်က ကြီးကြပ် ဆောင်ရွက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲ ပြုလုပ်တော့မှာ။ ထိုင်းနိုင်ငံမှာ ဆိုရင်လည်း အခုဖြစ်နေတဲ့ အခြေအနေတွေရဲ့ အခြေခံက စစ်တပ်က ပြုလုပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲလို့ အဲဒီလိုသဘောနဲ့ သူ ပြောပြတယ်။”

မြန်မာနိုင်ငံမှာလည်း ရွေးကောက်ပွဲကို ဘယ်တော့ကျင်းပပေးမယ် ဆိုတဲ့ တရားဝင်ရက် အတိအကျကို စစ်အစိုးရဘက်က မသတ်မှတ်ရသေးပေမဲ့ စစ်အစိုးရက ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ် မူတည်ပြီးတော့ ရွေးကောက်ပွဲကို မကြာခင် ကျင်းပတော့မှာပါ။ ဒီလို ကျင်းပဖို့အတွက်လည်း ရွေးကောက်ပွဲ ဝင်ကြမယ့် နိုင်ငံရေးပါတီတွေ အနေနဲ့ ပါတီမှတ်ပုံတင်တာတွေ၊ ကိုယ်စားလှယ်လောင်း အမည်စာရင်း သွင်းတာတွေနဲ့ ပါတီစည်းရုံးရေးအတွက် ပြင်ဆင်မှုတွေကို လုပ်ဆောင်နေကြပါပြီ။ လောလောဆယ်မှာ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်တဲ့ အဖွဲ့ပေါင်း ၁၉ ဖွဲ့အထိရှိပြီး အဲဒီထဲက ၅ ဖွဲ့ကိုတော့ အသိအမှတ်ပြု လက်ခံထားပြီး ဖြစ်တယ်လို့ စစ်အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒီအပေါ်မှာလည်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် အမှန်တကယ် အဓိပ္ပာယ်ပြည့်ဝတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ရာအတွက် မဲပေးကြမယ့် မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့ စစ်အစိုးရက ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သေသေချာချာ ဂဃနဏ သိရှိအောင် ကြိုးစားဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့တဲ့ အကြောင်းလည်း ဦးဉာဏ်ဝင်းက အခုလို ဆက်ပြောပြခဲ့ပါတယ်။

“သူက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မဲဆန္ဒရှင် တယောက်က ရွေးကောက်ပွဲ လုပ်ရတဲ့အကြောင်း၊ ရွေးကောက်ပွဲရဲ့ အခြေခံ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အဲဒါတွေကို သိရှိအောင် ကြိုးစားသင့်တယ်။ အကယ်၍ သိရှိဖို့ အခွင့်အရေး မရဘူး၊ မသိရှိဘူးဆိုရင် အဲဒီမဲဆန္ဒရှင်ရဲ့ မဲပေးမှုဟာလည်း ဘာမှ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။”

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရခဲ့တဲ့ တရားဝင် နိုင်ငံရေး ပါတီကြီး ဖြစ်ပေမဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ မှတ်ပုံမတင်တာကြောင့် လက်ရှိ ပြဋ္ဌာန်းထားတဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ မေလ ၇ ရက်နေ့ နောက်ပိုင်း တရားဝင် ဆက်လက်ရပ်တည်နိုင်ခြင်း မရှိတော့ပါဘူး။ တကယ်လို့သာ ပါတီကို ဖျက်သိမ်းရမယ်ဆိုရင် မိမိတို့ဘာသာ ဖျက်သိမ်းပေးမှာ မဟုတ်သလို ပါတီဆိုင်းဘုတ်တွေ၊ ပါတီအလံတွေကိုလည်း ဖြုတ်သိမ်းမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သူ့သဘောထားကို ပြောဆိုတဲ့ အကြောင်းလည်း ဦးဉာဏ်ဝင်းက အခုလို ဆက်ပြောပြပါတယ်။

“ရုံးတွေက ဆိုင်းဘုတ်တွေ ဘာတွေကတော့ ကိုယ့်ဆိုင်းဘုတ် ကိုယ် မချနိုင်ဘူး၊ ဒီလို ပါတီကို ပျက်ပြယ်စေတယ် ဆိုတာလည်း တပ်မတော် အစိုးရကလုပ်တဲ့ ဥပဒေပဲ၊ အဲတော့ သူ့အနေနဲ့တော့ ကိုယ့်ဆိုင်းဘုတ် ကိုယ် ဖြုတ်တာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ရုံးတွင်းပစ္စည်း ဘာညာကိစ္စကတော့ ကိုယ့်ဟာကိုယ် ထိန်းသိမ်းထားမယ်။ အဖွဲ့ချုပ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ ပြန်လွတ်မြောက်လာမှ၊ ပြန်လွတ်မြောက်ဖို့ နိုဝင်ဘာကိုလည်း မျှော်လင့်တယ်ပေါ့ဗျာ၊ အဲဒီကျရင် သူ ပြန်လည် စိစစ်မယ်။ ဒီသဘော ပြောပါတယ်။”

ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံခွင့်ရခဲ့တဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

NLD အနေနဲ့ အခုလာမယ့် မေလ ၇ ရက်နေ့ ကျော်သွားတာနဲ့ ဥပဒေအရ အလိုအလျောက် ပါတီပျက်ပြယ်ချိန်မှာ ရှိထားတဲ့ အစုအဖွဲ့တွေနဲ့ လူထုအကျိုးပြု လုပ်ငန်းတွေ၊ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်သလို တဘက်မှာလည်း နိုင်ငံရေးအရ NLD ရဲ့ မူနဲ့အညီ ဆက်လက်ရပ်တည်နေမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG