သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမာရွတ်မြို့နယ်က လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး


ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ မနက်ပိုင်းက ရန်ကုန် ကမာရွတ်မြို့နယ်အတွင်း တိုက်ခန်းတခုကနေ လူငယ် ၇ ဦးကို ရန်ကုန်တိုင်း ရဲအာဏာပိုင်တွေက ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။ ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာ အတိအကျ မသိရပေမဲ့ ရန်ကုန်သင်္ကြန် ဗုံးကွဲမှုဖြစ်ပြီး နောက်ပိုင်းမှာတော့ ရန်ကုန်မှာ လုံခြုံရေးတွေ အထူးတင်းကျပ်သလို နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေကို စောင့်ကြည့်မှုတွေလည်း များပြားလာနေတယ်လို့ သိရပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကမာရွတ်မြို့နယ် ကွန်းခြံမြောက်ပိုင်း ၄ ရပ်ကွက် တိုက်ခန်းတခုမှာ အခုလို လူငယ်တွေကို ရန်ကုန်တိုင်း ရဲအာဏာပိုင်တွေက ၀င်ရောက် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရတာ ဖြစ်နိုင်တယ်လို့ ယူဆရပေမဲ့ ရပ်ကွက်အတွင်းမှာတော့ ဒါနဲ့ပတ်သက်လို့ သတင်းအမျိုးမျိုး ဖြစ်နေတယ်လို့ အဖမ်းအဆီးဖြစ်ချိန် မျက်မြင်ကြုံတွေ့ရသူ ရပ်ကွက်အတွင်းနေသူ တဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“သောကြာနေ့ည၊ စနေနေ့ မနက်ပေါ့၊ ည ၁ နာရီလောက်မှာ။ ဘာကြောင့်လဲ ဆိုတာတော့ သတင်း မထုတ်ပြန်သေးဘူး။ ကျနော်တို့လည်း ရပ်ကွက် ကောလာဟလတွေနဲ့ပဲ ကြားနေရတယ်။ အဖွဲ့ကတော့ တော်တော်စုံတယ်ဗျ၊ ဖမ်းတာတော့။ လူအယောက် ၆၀ လောက်ရှိတယ်၊ ၀ိုင်းပြီးဖမ်းတာ၊ လူငယ်တွေကိုပဲ။

“အမျိုးသမီး ၂ ယောက်ကို ခေါ်သွားတယ်။ ခေါ်သွားတာက ဓားစာခံ ဖမ်းသလိုပဲ ခေါ်သွားတာ။ ကောင်လေးကို မရလို့ သူ့မိန်းမနဲ့ သူ့ယောက္ခမကို ခေါ်သွားတယ်။ မနက်ပိုင်းကျတော့ ပြန်လွှတ်တယ်၊ ကောင်လေးကို ရသွားတယ်။ ၆ ယောက်နဲ့တူတယ်၊ ဖမ်းတာ။ သတင်းကတော့ မျိုးစုံထွက်နေတာပဲ။”

မျိုးစုံဆိုတာ ဘယ်လိုထွက်နေလဲခင်ဗျ။

“မျိုးစုံဆိုတာ တချို့ကျတော့လည်း ပိုက်ဆံတွေသုံးတာ အရမ်းများလို့ Enquiry လိုက်တယ်ပေါ့။ တချို့ကျတော့လည်း ဘိန်းဖြူ ဘလောက်တုံးတွေ တွေ့တယ်၊ တချို့ကျတော့လည်း လက်ပစ်ဗုံး အလုံး ၂၀ လောက် တွေ့တယ်ဆိုပြီး အဲဒီမှာ သတင်းတွေ ထွက်နေတယ်။ လက်နက်ကိုင် အဖွဲ့အစည်း၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်ဆိုပြီး ရပ်ကွက်ထဲမှာတော့ ကောလာဟလကတော့ ပြန့်နေတာပဲ၊ စုံနေတာပဲ။”

သူတို့က အရင်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေလား၊ ဘယ်လိုလူငယ်မျိုးတွေလဲ။

“ရပ်ကွက်ထဲမှာ အေးအေးဆေးဆေးနေတဲ့ လူငယ်တွေပဲခင်ဗျ။ နိုင်ငံရေးလုပ်တာ ဘာညာတော့ သိပ်မတွေ့ဘူး။ ဖမ်းတော့ ရပ်ကွက်ကလည်း မကပ်ရဲဘူး၊ မကပ်ရဲဘူးဆိုတာ လူ အယောက် ၆၀ လောက်ရှိတယ်လေ၊ ၀င်ဖမ်းတာ၊ သိတဲ့အတိုင်းပဲ။ ညဘက်ကြီး မီးဖြတ်တယ်၊ မီးဖြတ်ပြီး ဖမ်းတာ။ တံခါးတွေဘာတွေ ရိုက်ဖွင့်ပြီး ၀င်တာပေါ့။”

အဲဒီမှာနေတာ သူတို့က အုပ်စုလိုက်ကြီး နေတာလား၊ အဓိက ဘယ်သူနေတာလဲ။

“လူငယ်တွေ စုနေကြတာဗျ။”

အဆောင်သဘောမျိုးလား။

“ဟုတ်ပါတယ်။ အဲဒီလို စုနေကြတာ။”

ဖမ်းဆီးမှုအတွင်းမှာ လက်ကိုင်ဖုံးတွေ အပါအ၀င် တိုက်ခန်းအတွင်းမှာရှိတဲ့ ပစ္စည်းအတော်များများကို အာဏာပိုင်တွေက သိမ်းယူခဲ့တယ်လို့ သိရပါတယ်။ ဒီလူငယ်တွေဟာ နိုင်ငံရေး လှုပ်ရှားသူတွေ ဖြစ်နိုင်တယ်လို့လည်း အချို့က ပြောပါတယ်။

AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကတော့ ရန်ကုန်သင်္ကြန် ဗုံးကွဲမှုနောက်ပိုင်းမှာ နိုင်ငံရေး လှုပ်ရှားသူ လူငယ်ပိုင်းတွေကို အထူး စောင့်ကြည့်မှုတွေ ရှိလာတယ်လို့ ပြောပါတယ်။

“၇ ယောက်၊ ၈ ယောက်လောက် ဖမ်းထားတယ်လို့တော့ ကျနော်တို့ ကြားတယ်။ နာမည်တွေကိုတော့ ကျနော်တို့ အကုန် မသိရသေးပါဘူး။”

ဘာကြောင့် ဖမ်းဆီးတယ်လို့ သိရပါလဲ။

“ဘာကြောင့် ဖမ်းဆီးတယ် ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။ အဖမ်းခံရတဲ့ မိသားစုတွေ ကိုယ်တိုင်ကလည်း သူတို့ အဖမ်းခံရတဲ့သူတွေကို ဘာကြောင့် ဖမ်းရတယ်ဆိုတာ အာဏာပိုင်တွေက ပြောမသွားဘူးလို့ ပြောပါတယ်။”

အခုနောက်ပိုင်းမှာ အဖမ်းအဆီးတွေ ဖြစ်လာတဲ့ ကိစ္စက ဗုံးပေါက်ကွဲမှုနဲ့ ဆက်နွယ်မယ်လို့ ယူဆရလား။

“တချို့လူတွေကို ဖမ်းတာတော့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးတာလို့ ယူဆလို့ ရနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ဖမ်းနေတာတွေ ရှိတယ်။ နောက် အရင်တုန်းကလည်း အဲဒီလို ဗုံးကွဲပြီးနောက်ပိုင်း နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ခေါ်ပြီး စစ်ဆေးတာတို့ ဘာတို့ ဒါမျိုးတွေကလည်း လုပ်ခဲ့ဖူးတဲ့ အစဉ်အလာတွေက ရှိပါတယ်။ ဒီ့အတွက် နိုင်ငံရေး အကျဉ်းသားဟောင်း တော်တော်များများဆိုရင်လည်း သူတို့ကို ဘယ်အချိန် လာခေါ်မလဲလို့ စိုးရိမ်နေရတာမျိုးတွေ ရှိနေပါတယ်။”

ပြီးခဲ့တဲ့ ရန်ကုန်သင်္ကြန် ဗုံးကွဲမှု အဖြစ်အပျက်ကို မှတ်တမ်းရိုက်ကူးခဲ့တဲ့ စည်သူဇေယျနဲ့ ဖခင်ဖြစ်သူ ဦးဇေယျတို့ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် သူတို့ကို ဘယ်မှာထားလဲ၊ ဘယ်လိုနေလဲ အခုအချိန်အထိ မိသားစုဝင်တွေကတော့ မသိရသေးပါဘူး။ တနေ့ကတော့ ရဲတပ်ဖွဲ့က အိမ်ကို ထပ်လာပြီး အိတ်ဆောင်ကွန်ပျူတာ တလုံးကို လာရောက် သိမ်းယူသွားတယ်လို့ ဦးဇေယျ အမျိုးသမီးဖြစ်သူက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

ရန်ကုန်သင်္ကြန် ဗုံးကွဲမှုကြောင့် စုစုပေါင်း ၁၀ ဦး သေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အစိုးရက ကြေညာထားပါတယ်။ သေဆုံးတဲ့အထဲ၊ ဒဏ်ရာရတဲ့ အထဲမှာတော့ အရပ်သားအချို့အပြင် လုံခြုံရေး တာဝန်ရှိသူတွေ၊ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း တာဝန်ရှိသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG