သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်တပ်မတော် (မြောက်) ဒေသ ကာကွယ်ရေးတပ် အသွင်ပြောင်းဖို့ လက်ခံ


အပစ်ရပ် ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းက ဥက္ကဋ္ဌ ဦးဆောင်တဲ့ ဗဟိုခေါင်းဆောင် အများစုက မြန်မာစစ်အစိုးရ တောင်းဆိုထားတဲ့အတိုင်း ဒေသကာကွယ်ရေးတပ် (ပြည်သူ့စစ်) အဖြစ် အသွင်ပြောင်း ဖွဲ့စည်းဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ တပ်မဟာမှူးတချို့က အသွင်ပြောင်းရေးကို လက်မခံတာကြောင့် SSA မြောက်ပိုင်းအတွင်းမှာ အကွဲအပြဲတွေဖြစ်မယ့် အခြေအနေတွေ ရှိနေပါတယ်။ တချိန်တည်းမှာပဲ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံသေးတဲ့ ဝတပ်ဖွဲ့နဲ့ မြန်မာစစ်အစိုးရ အကြားမှာ ဒီရက်ပိုင်းအတွင်း ပစ်ခတ် တိုက်ခိုက်တာတွေ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

အပစ်ရပ် ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်လွယ်မောင်း အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင် ၁၀ ယောက်လောက်ဟာ ဒေသ ကာကွယ်ရေးတပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းဖို့အတွက် ဒီလ ၂၂ ရက်နေ့က သဘောတူညီလိုက်တာ ဖြစ်ပါတယ်။

ဒီလို အသွင်ပြောင်းဖို့ သဘောတူရာမှာ အပစ်ရပ် SSA မြောက်ပိုင်း တဖွဲ့လုံး အနေနဲ့ သဘောတူတာ မဟုတ်ဘူးလို့ SSAတောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက ပြောပါတယ်။

“ဥက္ကဋ္ဌကိုယ်တိုင်က အရှေ့မြောက်ပိုင်း တိုင်းမှူးနဲ့ လားရှိုးမှာ သွားရောက်တွေ့ဆုံပြီး အသွင်ပြောင်းဖို့ သဘောတူလိုက်ကြောင်း ကျနော်တို့ ကြားသိရပါတယ်။ ပြည်သူ့စစ် ပုံစံမျိုး ပြောင်းမယ်လို့ ပြောပါတယ်။ အယောက် ၄၀၀ လောက် စာရင်းပေးသွင်းပါတယ်လို့ ကြားသိရပါတယ်။ SSA မြောက်ပိုင်းမှာ ဗဟိုအဖွဲ့ရှိတယ်၊ နောက် တပ်မဟာ ၁ ရှိတယ်၊ တပ်မဟာ ၇ ရှိတယ်၊ တပ်မဟာ ၃ ရှိတယ်ခင်ဗျ။ တပ်မဟာ ၃ ကတော့ ဗဟိုနဲ့ နီးစပ်ပါတယ်။ ကျနော်တို့ ကြားသိရတာကတော့ တပ်မဟာ ၇ ကလည်း ဘာမှမပြောဘူး၊ ငြိမ်နေပါတယ်။ နောက် တပ်မဟာ ၁ အပိုင်းမှာ ဆိုရင်လည်း ငြိမ်နေဆဲပဲ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တုန်လှုပ် ချောက်ချားခြင်းမရှိတဲ့ ပုံစံမျိုး ကြားသိရပါတယ်။”

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဒေသ ကာကွယ်ရေးတပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းဖို့ ဥက္ကဋ္ဌနဲ့ ခေါင်းဆောင်အချို့က သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ တပ်မှူးတချို့က လက်မခံတာကြောင့် မြန်မာစစ်အစိုးရ တောင်းဆိုတဲ့ လူအင်အား ၁,၀၀၀ နဲ့ တပ်ရင်း ၃ ရင်း ဖွဲ့နိုင်တဲ့ အခြေအနေ မရှိတဲ့အတွက် အသွင်ပြောင်း ဖွဲ့စည်းရေးဟာ ကြန့်ကြာနေခဲ့ပါတယ်။

တရုတ်၊ မြန်မာ နယ်စပ်က နိုင်ငံရေး၊ စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောကလည်း ဒီသဘောတူညီချက်ဟာ အရေးပါတဲ့ တပ်မှူးတွေရဲ့ သဘောထား မပါဘူးလို့ အခုလို ပြောပါတယ်။

“ဦးလွယ်မောင်းက သူ့သဘောနဲ့ သူပေါ့ဗျာ၊ သူနဲ့ ပိုင်နိုင်တဲ့ တပ်တချို့နဲ့၊ အင်အား တချို့ပေါ့ဗျာ၊ လူလေး သုံးလေးရာရယ်၊ သေနတ်အလက် ၁၀၀ ကျော်နဲ့ ၂၂ ရက်နေ့က ရမခ တိုင်းမှူးဆီမှာ ပြည်သူ့စစ်လုပ်ဖို့ သဘောတူတယ်ဆိုပြီး သေနတ်တွေ သွားအပ်တယ်။ ကျနော်တို့ အဲဒါတော့ သိလိုက်တယ်။ တပ်မဟာ ၁ မှူး ကိုပန်ဖတို့၊ တပ်မဟာ ၃ တို့၊ ၇ တို့ ဒီကိစ္စတွေက ဘာမှမပါပါဘူး။ သူက သူနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း လူအုပ်နဲ့ သွားတာပါ။ ဒါက SSA မြောက်ပိုင်း တခုလုံးကို ကိုယ်စားမပြုပါဘူး။”

အပစ်ရပ် SSA မြောက်ပိုင်းအဖွဲ့မှာ လူအင်အား ၄,၀၀၀ ကျော် ၅,၀၀၀ နီးပါးလောက် ရှိပြီး အင်အားအများစုဟာ တပ်မဟာ ၁ မှာ ရှိတယ်လို့ SSA မြောက်ပိုင်းနဲ့ နီးစပ်သူတွေက ခန့်မှန်းကြပါတယ်။

ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်ကတော့ အခုလို သဘောတူသူတွေထဲမှာ ဥက္ကဋ္ဌ ဗိုလ်ချုပ် လွယ်မောင်း၊ ဗဟိုအုပ်ချုပ်ရေးဌာန အကြီးအကဲ ဗိုလ်မှူးကြီး ကောင်တိုင်း၊ တပ်မဟာ ၃ တပ်မဟာမှူး ဗိုလ်မှုးကြီး လှမြင့်၊ တပ်မဟာ ၁ ဒု-တပ်မဟာမှူး ဗိုလ်မှူးကြီး ခေးတိုင်းတို့ ပါဝင်တယ်လို့ ပြောပါတယ်။

လောလောဆယ် အခြေအနေမှာတော့ စစ်ဦးစီးချုပ်လည်းဖြစ်၊ တပ်မဟာ ၁ ရဲ့ တပ်မဟာမှူးလည်းဖြစ်တဲ့ ဗိုလ်ချုပ် ပန်ဖက အသွင်ပြောင်းရေးကို လက်မခံတာကြောင့် အပစ်ရပ် SSA မြောက်ပိုင်းဟာ နှစ်ခြမ်းကွဲမယ့် အခြေအနေကို ရောက်နေတယ်လို့ ဦးစိန်ကြည်က သုံးသပ်ပါတယ်။

“တပ်မဟာ ၁ က တပ်မဟာမှူးပေါ့၊ နောက် သူတို့ စစ်ဦးစီးချုပ်လည်း ဟုတ်တယ်လေ၊ ဗိုလ်ချုပ် ပန်ဖက ပြောတာတော့ ကျုပ်တို့ တပ်မဟာ ၁ ကတော့ လုံး၀ လက်မခံဘူး။ ကျုပ်တို့ ဥက္ကဋ္ဌကို ကျုပ်တို့ ပြောထားတာတော့ နဂိုတည်းက သဘောတူညီချက် ရထားတာလည်း ဒီတိုင်းပဲတဲ့။ ဒါပေမဲ့ ဘာပဲပြောပြော သူတို့က နှစ်ခြမ်းကွဲနိုင်တဲ့ အလားအလာတော့ ရှိတာပေါ့။”

SSA မြောက်ပိုင်းဟာ ၁၉၈၉ ခုနှစ်က မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေးကို ဦးဆောင် အကောင်အထည် ဖော်ခဲ့တဲ့ SSA မြောက်ပိုင်းရဲ့ နာယကဖြစ်သူ ဗိုလ်ချုပ် ဆေထင်ကတော့ အခုအခါမှာ နိုင်ငံတော်ပုန်ကန်မှု အပါအဝင် အခြား စွဲဆိုချက်တွေနဲ့ ခန္တီးအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၀၆ နှစ် ကျခံနေရပါတယ်။

မြန်မာစစ်အစိုးရဟာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ် ဒါမှမဟုတ် ဒေသ ကာကွယ်ရေးတပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းဖို့ ဒီလ ၂၂ နေ့မှာတော့ နောက်ဆုံးထား အကြောင်းပြန်ဖို့ တောင်းဆိုထားပါတယ်။

အပစ်ရပ် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA)၊ မိုင်းလားအဖွဲ့ခေါ် အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့က မြန်မာစစ်အစိုးရ တောင်းဆိုတဲ့အတိုင်း လက်ခံသဘောတူညီတာ မရှိသေးပါဘူး။

ဒီလို တောင်းဆိုရက် ကျော်လွန်လာတဲ့ နောက်တရက်မှာတော့ မြန်မာစစ်တပ်ဖွဲ့တွေက UWSA တပ်တွေကို ပစ်ခတ်တာတချို့ ရှိခဲ့တယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာ ဦးစိန်ကြည်က ပြောပါတယ်။

“၂၃ ရက်နေ့ နေ့လယ်ပိုင်း၊ ၂၄ ရက်နေ့ မနက်ပိုင်းမှာလည်း နအဖတပ်နဲ့ ဝတပ်က တိုက်ပွဲဖြစ်တယ်လေ။ အဲဒါက တာချီလိတ်နဲ့ မိုင်းတုံအကြား၊ မိုင်းဆတ်တိုက်နယ် အဲဒီတိုက်နယ်ရဲ့ အရှေ့ဘက် တောထဲမှာ နအဖဘက်က အရင်ပစ်တယ်၊ နှစ်နေရာစလုံးပဲ။ ၂၄ ရက်နေ့ မနက်ပိုင်း မနက် ၇ နာရီလောက်မှာ ဒီ ချင်းမိုင်ခရိုင် ဖန်မြို့နယ်နဲ့ မျက်နှာချင်းဆိုင်ပေါ့၊ လွယ်ဖဟုန်ပုတ်ဆိုတဲ့ မြောက်ဘက်က တောင်ခြေမှာ ပစ်တယ်။ နအဖဘက်က ပစ်တယ်။ နအဖဘက်က အရင် ပြန်ရပ်ပြီးမှ၊ သေနတ်တွေ ဘာတွေရပ်ပြီးမှ ဆက်မပစ်တော့ဘဲ အော်ပြောတယ်၊ လူမှားတယ် လူမှားတယ်၊ မဟုတ်ဘူးတဲ့၊ ရှမ်းသူပုန်အဖွဲ့က ထင်ပြီး ပစ်တာတဲ့။ မဟုတ်ဘူး၊ ကျနော်တို့ လူမှားတယ်တဲ့။”

ဒီပစ်ခတ်မှု နှစ်ခုပေါင်း မိနစ် ၃၀ နီးပါးလောက် ကြာမြင့်ခဲ့တယ်၊ ဒီလို ပစ်ခတ်တာဟာ ဒီလ ၂၂ ရက်နေ့က မြန်မာစစ်အစိုးရက တောင်ပိုင်း ဝခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ခေါ်ယူတာကို ဝတပ်ဖွဲ့ဘက်က သွားရောက် မတွေ့ခဲ့တဲ့နောက်မှာ ဖြစ်ပွားခဲ့တာလို့ ဦးစိန်ကြည်က ပြောပါတယ်။

အခုပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ မိုင်းတုံ၊ မိုင်းဆတ်ဒေသ အတွင်းက ပြည်သူတွေဟာ ဝတပ်နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားမှာကို စိုးရိမ်ပြီး လွန်ခဲ့တဲ့ အပတ်ကတည်းက တောတောင်တွေထဲကို ထွက်ပြေး ပုန်းရှောင်နေကြပါတယ်။

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်တွေဟာ ဒီလ ၂၂ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်တိုင်းမှူးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြရာမှာ နှစ်ဘက်အကြား တစုံတရာ နားလည်မှု ရရှိခဲ့တယ်၊ မြန်မာစစ်အစိုးရဘက်က လတ်တလော အခြေအနေအရ နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းနိုင်တာကို လက်ခံပြီး ဆက်လက် ဆွေးနွေးသွားဖို့ သဘောတူညီခဲ့ကြကြောင်း KIO က ထိပ်တန်း အရာရှိတဦးက ပြောပါတယ်။

မြန်မာစစ်အစိုးရက ဒီလ ၂၈ ရက် ကျော်သည်ထိ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ မဖွဲ့စည်းဘူးဆိုရင် အပစ်ရပ် အဖွဲ့တွေကို တရားမဝင် အသင်းအဖြစ် သတ်မှတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ လေ့လာသူတွေကတော့ လတ်တလော အနေအထားမှာ မြန်မာစစ်အစိုးရဘက်က ထိုးစစ်ဆင် တိုက်ခိုက်မယ့် အခြေအနေတော့ မရှိသေးဘူးလို့ သုံးသပ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG