သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဥရောပသမဂ္ဂ နောက်ထပ်တနှစ် သက်တမ်းတိုး


မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဥရောပသမဂ္ဂ နောက်ထပ်တနှစ် သက်တမ်းတိုး
မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဥရောပသမဂ္ဂ နောက်ထပ်တနှစ် သက်တမ်းတိုး

မြန်မာစစ်အစိုးရက ဒီနှစ်ထဲ ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲအတွက် ထုတ်ပြန်တဲ့ ဥပဒေတွေဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိတာမို့ ပြင်ဆင်မှုတွေလုပ်ဖို့ ဥရောပ သမဂ္ဂ (EU) က တောင်းဆိုလိုက်ပါတယ်။ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိတာမို့ စစ်အစိုးရအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကိုလည်း နောက်ထပ် သက်တမ်းတနှစ် ထပ်တိုးဖို့လည်း EU က ဒီကနေ့မှာပဲ ဆုံးဖြတ်ချက် ချမှတ်လိုက်တာပါ။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျပြီး အားလုံး ပါဝင်ခွင့်ရှိတဲ့ အရပ်သား အုပ်ချုပ်မှုတရပ် ပေါ်ထွန်းရေး မြန်မာစစ်အစိုးရဘက်က နိုင်ငံရေးအရ တိုးတက်အောင် လုပ်ဆောင်လာဖို့ လိုတဲ့အကြောင်း လူဇင်ဘော့ဂ်မှာ ကျင်းပတဲ့ ဥရောပကောင်စီရဲ့ အစည်းအဝေးပွဲမှာ ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ မြန်မာစစ်အစိုးရက ဒီနှစ်နှောင်းပိုင်း ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လက်ခံနိုင်လောက်တဲ့ အခြေအနေတွေ မရှိဘူးလို့ EU ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက ပြောဆိုခဲ့ကြတာ ဖြစ်တဲ့အကြောင်း ဥရောပကောင်စီက လက်ထောက် ပြောခွင့်ရသူ တဦးဖြစ်တဲ့ မာယာ ကိုဂျီယန်ချီချီ (Maja Kocijancic) က ပြောပါတယ်။

“EU ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒီကနေ့ ဆွေးနွေးကြပါတယ်။ သူတို့အနေနဲ့ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မတ်လထဲမှာတုန်းက ထုတ်ပြန်လိုက်တဲ့ ဥပဒေတွေဟာ လွတ်လပ်ပြီး တရားမျှတမှု အခြေခံတွေ မရှိတာမို့ အလွန်အမင်း စိုးရိမ်မကင်း ဖြစ်မိတဲ့အကြောင်း ပြောကြပါတယ်။

“ဒီနှစ်နှောင်းပိုင်း ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲတွေဟာ အများက လက်ခံနိုင်မယ့် အခြေအနေတွေဖြစ်ဖို့၊ ပွင့်လင်းမြင်သာပြီး အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ် ဖြစ်စေဖို့ လိုအပ်တဲ့ ခြေလှမ်းတွေကို လှမ်းကြဖို့ လိုတဲ့အကြောင်းကိုလည်း ပြောခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ကိုလည်း ဥရောပကောင်စီက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။”

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေးအရ တိုးတက်အောင် မလုပ်နိုင်တာတွေကြောင့် EU က မြန်မာစစ်အစိုးရအပေါ် စီးပွားရေးအရ ပိတ်ဆို့မှုတွေ၊ စစ်အစိုးရ အဆင့်မြင့် အရာရှိတွေကို ပြည်ဝင်ခွင့်ဗီဇာ တားမြစ်တာတွေ အပါအဝင် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတာလည်း ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံက နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေမှာ တိုးတက်မှုတွေ မမြင်ရတာမို့ ဒီလို ပြစ်ဒဏ်ခတ်မှုတွေကို နောက်ထပ် သက်တမ်းတိုးသွားဖို့ အတွက်လည်း EU က ဆုံးဖြတ်ခဲ့တယ်လို့ ပြောခွင့်ရသူက ဆိုပါတယ်။

“လတ်တလော EU က ချမှတ်ထားတဲ့ ကန့်သတ်မှုတွေကို နောက်ထပ် တနှစ်တိုးဖို့ လိုမယ်လို့ သဘောရကြပါတယ်။ ဥရောပကောင်စီ အနေနဲ့ ဒီကန့်သတ်မှုတွေကို တိုးတက်မှုတွေ ရှိလာရင် ရှိလာတဲ့အပေါ် မူတည်ပြီး ပြန်လည် သုံးသပ်ဖို့၊ ပြင်ဆင်ဖို့အတွက် အသင့်ရှိနေတယ် ဆိုတာကိုလည်း အလေးထား ပြောခဲ့ကြတာပါ။ မြန်မာနိုင်ငံက စစ်မှန်တဲ့ တိုးတက်မှုတွေအပေါ်မှာ တုံ့ပြန်သွားဖို့ EU က အသင့် ရပ်တည်နေတာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်မှုတွေ ရှိလာစေဖို့၊ စစ်အစိုးရနဲ့ ဆွေးနွေးမှုတွေ၊ တိုက်တွန်းမှုတွေ လုပ်နိုင်ဖို့ EU က မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် ပီယာရို ဖက်ဆီနို (Piero Fassino) ကို ၂၀၀၇ ခုနှစ် ကတည်းက ခန့်အပ်ခဲ့တာ ဖြစ်ပေမဲ့ စစ်အစိုးရနဲ့ ထိတွေ့ ဆက်ဆံမှုတွေကတော့ မလုပ်နိုင်သလောက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ EU အနေနဲ့ ဆက်သွယ် စကားပြောဆိုတာတွေ လုပ်နိုင်ဖို့အတွက်ကိုလည်း EU က အခု ထပ်မံတောင်းဆိုခဲ့တဲ့ အကြောင်း ဥရောပကောင်စီက လက်ထောက် ပြောခွင့်ရသူ မာယာ ကိုဂျီယန်ချီချီက ပြောပါတယ်။

“EU ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပီယာရို ဖက်ဆီနို ဆက်လက်လုပ်ဆောင်မယ့် လုပ်ငန်းတွေကိုလည်း ဥရောပကောင်စီက ခိုင်ခိုင်မာမာ ပံ့ပိုးပေးထားပြီး မြန်မာစစ်အစိုးရဘက်က သူနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားဖို့ အတွက်လည်း ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။”

အခုအခါ EU က မြန်မာနိုင်ငံက ရွေးကောက်ပွဲ အကြိုကာလ အခြေအနေတွေကို အကဲခတ်နိုင်ဖို့ အဖွဲ့တခု စေလွှတ်ဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။ ဥရောပ၊ မြန်မာရုံး ညွှန်ကြားရေးမှူး ဦးဟန်ညောင်ဝေကတော့ EU က မျှော်လင့်ထားသလို ကိုယ်စားလှယ် အဖွဲ့တခု စေလွှတ်ခွင့်ရဖို့ အလားအလာတွေကတော့ သိပ်မမြင်ရဘူးလို့ ထင်မြင်ကြောင်း ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ သိတဲ့အတိုင်း နအဖက သူ့ကို နိုင်ငံတကာက အကြံလာပေးတယ်၊ လာပြောတယ်ဆို သိပ်မကြိုက်ဘူး။ သူမတတ်နိုင်မှဘဲ သူက လက်ခံတယ်လေ။ ဆိုတော့ ရွေးကောက်ပွဲ မတိုင်ခင်ကတော့ သူ့အနေနဲ့ လက်ခံဖို့ ကျပ်မယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ဒီရွေးကောက်ပွဲကို အနှောင့်အယှက် မရှိဘဲ သူကြိုက်သလို လုပ်သွားချင်တယ်။”

ဥရောပ၊ မြန်မာရုံး ညွှန်ကြားရေးမှူး ဦးဟန်ညောင်ေ၀ ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ အပြောင်းအလဲတွေကို မြင်တွေ့လိုတဲ့ EU ဥရောပ သမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာတွေနဲ့ ပတ်သက်လို့ သက်ဆိုင်သူ ပုဂ္ဂိုလ်တွေ အားလုံးနဲ့ တွေ့ဆုံ စကားပြောဆိုတာတွေ လုပ်သွားဖို့ အဆင်သင့် ရှိနေသလို စစ်အစိုးရ အနေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပိုမို လုပ်ဆောင်သွားဖို့ လိုတယ်လို့လည်း လူဇင်ဘော့ဂ်မှာ ကျင်းပတဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG