ထိုင်းနိုင်ငံမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက ပြည်နယ်တွေရဲ့ လမ်းတွေကို အခု ပိတ်လိုက်ကြပါပြီ။ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းဟာ ဘန်ကောက်မြို့သာမက တခြားနေရာတွေကိုပါ ပျံ့နှံ့သွားပြီလားလို့ လူအများက စိုးရိမ်နေကြပါတယ်။
ဘန်ကောက်ကို လုံခြုံရေးတပ်ဖွဲ့တွေ မပို့နိုင်အောင် တီရှပ်အနီဝတ်တွေက ဘန်ကောက်ဝန်းကျင်က ပြည်နယ်တွေမှာ လမ်းတွေကို တနင်္ဂနွေနေ့က ပိတ်လိုက်ကြတာ ဖြစ်ပါတယ်။ တချို့ ရဲတပ်ဖွဲ့တွေ ပြန်လှည့်သွားကြရပါတယ်။
ဖစ်ဆနုလော့ခ် (Phitsanulok) ပြည်နယ်မှာ ရဲတွေက အတားအဆီးတွေကို ဖြတ်ဖို့ ကြိုးစားတဲ့ အချိန်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ပဋိပက္ခတွေ ဖြစ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လ အကျပ်အတည်း စဖြစ်ခဲ့ပြီးကတည်းက ဆိုရင် ပထမဆုံး အကြိမ်အဖြစ် နေထိုင်မကောင်း ဖြစ်နေတဲ့ ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်ခ်ျ (Bhumibol Adulyadej) က တိုင်းပြည်ကို တနင်္လာနေ့မှာ စကားပြောခဲ့ပါတယ်။
သူက ဆန္ဒပြတဲ့အကြောင်းကို တိုက်ရိုက် မပြောပါဘူး။ ဒီအစား အသစ်ခန့်ထားတဲ့ တရားသူကြီးတွေ အနေနဲ့ အလုပ်ကို ရိုးရိုးသားသားနဲ့ လုပ်သင့် လုပ်ထိုက်တာတွေကို ဆုံးဖြတ်လုပ်ဆောင်ရာမှာ တိုင်းပြည်က ဥပမာပြုရလောက်အောင် ဆောင်ရွက်ကြဖို့ ဘုရင်က တိုက်တွန်းလိုက်ပါတယ်။
ယခင်က လူထုအုံကြွမှုတွေမှာ ဘုရင် ဘူမိဘောက ၀င်ရောက် စွက်ဖက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတကြိမ်မှာ တီရှပ်အနီဝတ် ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပေမဲ့ ဘုရင်က မလိုက်လျောခဲ့ပါဘူး။ ဆန္ဒပြပွဲတွေ စကတည်းကဆိုရင် အခုထိ လူ အနည်းဆုံး ၂၆ ယောက် သေဆုံးခဲ့ပြီး ၁,၀၀၀ ကျော် ဒဏ်ရာရခဲ့ပြီး ဖြစ်ပါတယ်။