သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရ ကမ်းလှမ်းချက် ကရင် ငြိမ်းချမ်းရေးကောင်စီ လက်မခံ


မြန်မာအစိုးရ ကမ်းလှမ်းချက် ကရင် ငြိမ်းချမ်းရေးကောင်စီ လက်မခံ
မြန်မာအစိုးရ ကမ်းလှမ်းချက် ကရင် ငြိမ်းချမ်းရေးကောင်စီ လက်မခံ

ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်တဲ့ ကရင် ငြိမ်းချမ်းရေးကောင်စီက မြန်မာစစ်အစိုးရ ကမ်းလှမ်းထားတဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းဖို့ကို ငြင်းဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရက အသွင်ပြောင်းရေးကို ဒီလ ၂၂ ရက်နေ့ အကြောင်းပြန်ဖို့ တောင်းဆိုထားရာမှာ ဗိုလ်ချုပ်ထိန်မောင်က စာရေးသား အကြောင်းပြန်တာ ဖြစ်တယ်လို့ ကရင် ငြိမ်းချမ်းရေးကောင်စီ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဗိုလ်ချုပ်ထိန်မောင်ခေါ် ဗိုလ်ချုပ်ဌေးမောင်ဟာ အရင်က ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၇ ရဲ့ တပ်မဟာမှူးဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ KNU ကနေ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA Peace Council) အမည်နဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထိုးကော့ကိုး ကျေးရွာမှာ အခြေစိုက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ မြန်မာစစ်အစိုးရဘက်က တခြား အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနည်းတူ ကရင် ငြိမ်းချမ်းရေးကောင်စီကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ကမ်းလှမ်းတာတွေ ရှိခဲ့ပေမဲ့ သူတို့ဘက်က လက်မခံခဲ့ပါဘူး။ ဒီလ ၇ ရက်နေ့မှာတော့ နယ်ခြားစောင့်တပ်အဖြစ် မပြောင်းလဲရင် ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ မြန်မာစစ်အစိုးရက ထပ်မံ တိုက်တွန်းခဲ့ပေမဲ့ ဗိုလ်ချုပ်ထိန်မောင်က လက်မခံခဲ့ဘူးလို့ ကရင် ငြိမ်းချမ်းရေးကောင်စီက တာဝန်ရှိသူ တယောက်က အခုလို ပြောပါတယ်။

“ကျနော်က ထိုးကော့ကိုး အဖွဲ့အစည်းပဲ၊ အဖိုးထိန်မောင် အဖွဲ့အစည်းပဲ။ ဟိုးအရင်ကတည်းက သူတို့ပြောတာက နယ်ခြားစောင့်တပ် လုပ်ပေါ့။ အဖိုးပြောတာတော့ မလုပ်ဘူး။ ဟို ကြိုးကြားကြိုးကြားတော့ အဖိုးကို မှာတယ်။ အဲဒီမှာလေ၊ အဖိုးတော့ မလာဘူး။ သွားတာတော့ အဖိုး ရင်နုရယ်၊ ဖိုးထော်လေးရယ်၊ ဖိုးနွမ်းမူရယ်၊ တပ်ရင်းမှူးတို့ ပါတယ်၊ တယောက် နှစ်ယောက်။ အားလုံး ၇ ယောက်မှာတယ်။

“သွားတော့ သူပြောတာက နင်တို့ နယ်ခြားစောင့်တပ် မလုပ်ရင် ပြည်သူ့စစ် ပြန်လုပ်ရမယ်။ အဖိုးထော်လေးက ပြောတာပေါ့။ ဒီကိစ္စက ကျနော်တို့နဲ့ချည်း မပြီးဘူး။ အဖိုးထိန်မောင်ကို ပြန်မေးရမယ်။ သူပြောတာက ၂၁ ရက်လား၊ ၂၂ ရက်လား သတင်းလာပို့ပါ။ အဖိုးတော့ စာရေးတာပေါ့။ ငါ နယ်ခြားစောင့်တပ်လည်း မလုပ်ဘူး၊ ပြည်သူ့စစ်လည်း မလုပ်ဘူး။ ကျနော်တို့ ဒီလိုပဲ နေမယ်။ တိုက်လည်း မတိုက်ဘူးပေါ့။ အဖိုးကလည်း လယ်ပဲ ဝါသနာပါတယ်။ ပြောပြောနေတာ လယ်သွားမယ်တဲ့ အဖိုးထိန်မောင်လေ။”

ကရင် ငြိမ်းချမ်းရေးကောင်စီက ကိုယ်စားလှယ်တွေဟာ ဒီလ ၇ ရက်နေ့က စစ်ဘက်ရေးရာ လုံခြုံရေးဌာန အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ မော်လမြိုင်မြို့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ကရင် ငြိမ်းချမ်းရေးကောင်စီက ၂၂ ရက်နေ့က ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်ဆီ တပ်အသွင်ပြောင်းရေးကို လက်မခံကြောင်း စာရေး အကြောင်းပြန်ခဲ့ပါတယ်။ အဲဒီစာမှာတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ လက်ခံတဲ့ တချို့တပ်ဖွဲ့တွေက ရွာတရွာကို လူ ၅ ယောက်ကနေ ၁၀ ယောက်အထိ စစ်သားသစ် စုဆောင်းနေတယ်၊ စစ်မှုမထမ်းလိုသူတွေကို ဒဏ်ငွေ သိန်းချီ ရိုက်နေတာကြောင့် ဒေသခံ ကရင်ပြည်သူတွေ လယ်ယာမြေနဲ့ ကျွဲနွားတွေ ရောင်းချပေးနေရလို့ ပိုမို ဒုက္ခရောက်နေရကြောင်း ဖော်ပြထားပါတယ်။

အခြား ကရင် ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် တယောက်ကတော့ အခုလို ငြင်းဆိုလိုက်တာကြောင့် မြန်မာစစ်အစိုးရဘက်က ဖိအားပေးတာတော့ မရှိသေးကြောင်း ပြောပါတယ်။

“အဲလိုတော့ ကျနော်တို့ကို အတင်းအကျပ် ဖိအားပေးထားတာတော့ မရှိသေးဘူးခင်ဗျ။ ကျနော်တို့ ဒီပြန်လာကတည်းက ငြိမ်းချမ်းရေး ယူထားတာ နယ်ခြားစောင့်နဲ့ ပြည်သူ့စစ် ဖွဲ့ဖို့လည်း မပါဘူးလေ။ ကျနော်တို့ ဒီမူအတိုင်းပဲ ဆက်ပြီးတော့ ရပ်တည်မှာပဲခင်ဗျ။ ဖိအားတော့ ကျနော်တို့ကို လောလောဆယ်တော့ မပေးထားဘူးပေါ့နော်။ ဒီမှာ ကျနော်တို့ အထက်အောက် လူကြီးတွေကိုပဲ ညှိနှိုင်းခိုင်းထားတာပဲ ရှိတယ်။ ကျနော်တို့ အတတ်နိုင်ဆုံးတော့ ညှိနှိုင်းကြည့်မှာပေါ့နော်။ ဒီလိုပဲ ညှိနှိုင်းကြည့်ရမှာပေါ့။”

မနေ့ကတော့ ဌာနချုပ်ဖြစ်တဲ့ ထိုးကော်ကိုးမှာ ကရင် ငြိမ်းချမ်းရေးကောင်စီက ခေါင်းဆောင်တွေနဲ့ တပ်မှူးတွေ အစည်းအဝေး လုပ်ခဲ့ပါတယ်။ အဲဒီ အစည်းအဝေးမှာလည်း နယ်ခြားစောင့်နဲ့ ပြည်သူ့စစ် ဖွဲ့စည်းတာကို လက်မခံကြောင်း၊ အခြား အပစ်ရပ် အဖွဲ့တွေရဲ့ အခြေအနေကို စောင့်ကြည့်သွားဖို့ လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ကရင် ငြိမ်းချမ်းရေးကောင်စီဟာ လောလောဆယ် လူအင်အား ၇၀၀ လောက်ရှိပြီး လက်နက်ကိုင်အင်အား ၂၀၀ လောက် ရှိတယ်လို့ KNU ခေါင်းဆောင်တွေက ခန့်မှန်းထားပါတယ်။

မြန်မာစစ်အစိုးရက လွန်ခဲ့တဲ့နှစ် ဧပြီလကုန်က အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းဖို့ တောင်းဆိုခဲ့ပြီး ဝ၊ ကချင်၊ မွန်နဲ့ မိုင်းလားအဖွဲ့တွေက ဒီနေ့အထိ လက်မခံသေးပါဘူး။ လွန်ခဲ့တဲ့အပတ် အတွင်းကတော့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) က အင်အားစုတချို့ဟာ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းဖို့ သဘောတူခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG