သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာတွန်းဆရာ ဟန်လေး လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ


ကာတွန်းဆရာ ဟန်လေး လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ
ကာတွန်းဆရာ ဟန်လေး လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ
<!-- IMAGE -->

မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ စစ်အစိုးရကို သရော်တဲ့ ကာတွန်းတွေ၊ သရုပ်ဖော်ပုံတွေ ရေးဆွဲနေတဲ့ ကာတွန်းဆရာ ကိုဟန်လေးကို နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ Human Rights Watch က ဂုဏ်ပြုဆု ချီးမြှင့်လိုက်ပါတယ်။ ရှမ်းတိုင်းရင်းသား ကာတွန်းဆရာ ကိုဟန်လေးရဲ့ အနုပညာ လက်ရာတွေအတွက် Human Rights Watch အဖွဲ့ရဲ့ Hellman/Hammett ဆုကို ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ ဂြိုဟ်တု ရုပ်မြင်သံကြား အစီအစဉ်တွေ အတွက်လည်း မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ထင်ဟပ်တဲ့ ကာတွန်းရုပ်ပုံတွေ ရေးဆွဲပေးနေတဲ့ ကာတွန်း ဟန်လေး ဆုရရှိခဲ့တဲ့ အကြောင်းကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

၂၀၁၀ အတွက် Human Rights Watch အဖွဲ့ကြီးက ဂုဏ်ပြုတဲ့ အနုပညာရှင်တွေထဲမှာ ကာတွန်းဆရာ ဟန်လေးကို Hellman/Hammett ဆုပေးဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်တွေ့ဘဝတွေကို ထင်ဟပ်စေတဲ့ ကာတွန်းတွေကို ရေးဆွဲခဲ့တဲ့ ကာတွန်း ဟန်လေးရဲ့ လက်ရာဟာ အနုပညာ မြောက်သလို လူ့အခွင့်အရေးအတွက် အကောင်းဆုံး ဖော်ထုတ်နိုင်သူမို့ ဒီဆုကို ထိုက်ထိုက်တန်တန် ရွေးချယ် ပေးအပ်ခဲ့တာလို့ Human Rights Watch က ဆုရွေးချယ်ရေး အဖွဲ့ရဲ့ ထိုင်းအခြေစိုက် တာဝန်ခံ ဒေးဗစ် မက်သီစင်က ပြောပါတယ်။

“ဒီဆုအတွက် ကျနော်တို့ သူ့ကို ရွေးချယ်ရတာက သူဟာ ဒီဆုအတွက် တကယ့်ကို ထိုက်တန်တဲ့သူ၊ ပြောရရင် အရသင့်ဆုံး မြန်မာ ကာတွန်းဆရာ တယောက်ပါ။ သူ့ရဲ့ ကာတွန်းတွေဟာ နိုင်ငံရေးကို သရော်တာ၊ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဝေဖန်ချက်တွေ ဖြစ်နေရုံတင် မကပါဘူး၊ တကယ့်ကို အနုပညာ မြောက်ပါတယ်။ မြန်မာနိုင်ငံမှာ လက်တွေ့ ကြုံနေရတဲ့ နိုင်ငံရေးနဲ့ လူမှုရေးတွေကိုလည်း သေသေချာချာ ဖော်ပြနိုင်ပါတယ်။ သူ့အနုပညာနဲ့ ဒီလို ဖော်ပြနိုင်တာတွေကြောင့် ဒီဆုနဲ့ တကယ့်ကို ထိုက်တန်ပါတယ်။”

အခုလို နိုင်ငံတကာ အဖွဲ့ကြီးက ဂုဏ်ပြု ရွေးချယ်တာ ခံခဲ့ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ ကာတွန်းဆရာ ဟန်လေးက ပြောပါတယ်။

“ကိုယ်လုပ်တဲ့ အလုပ်က လူ့အခွင့်အရေး လှုပ်ရှားမှုကို တဘက်တလမ်းက အထောက်အကူ ပြုတယ်ဆိုတော့ နည်းနည်း ကိုယ့်ကိုယ်ကို ဂုဏ်ယူမိပါတယ်။ ကိုယ့်ကို သူများက အသိအမှတ် ပြုတယ်ဆိုတော့ ဝမ်းလည်း သာတာပေါ့။ ကျနော် ထင်လည်း မထင်ထားဘူးလေ။”

သူဟာ ရန်ကုန် ပန်းချီ၊ ပန်းပု အနုပညာကျောင်းမှာ ပညာသင်ကြားခဲ့ပြီး ပန်းချီပညာကို ပန်းချီ ဦးသုခ၊ ဦးဘလုံလေး၊ ဦးအမ်တင်အေးနဲ့ ဦးဘကြည်တို့ဆီမှာ ပညာဆည်းပူးခဲ့သူ ဖြစ်ပါတယ်။ ကာတွန်းပညာကိုတော့ ငယ်စဉ်ကတည်းက ဝါသနာပါပြီး ဖခင်ဖြစ်သူရဲ့ အားပေးမှုနဲ့ ကာတွန်း ရွှေမင်းသားဆီက နည်းပညာတွေ သင်ယူခဲ့တယ်လို့ ဆိုပါတယ်။

ကာတွန်း ဟန်လေးဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်းကစပြီး စာနယ်ဇင်းတွေအတွက် ကြိုးကြားကြိုးကြား ကာတွန်းတွေ ရေးသားခဲ့ပေမဲ့ ၂၀၀၃ ခုနှစ် နောက်ပိုင်းကစပြီး ပုံမှန် ရေးဖြစ်တယ်လို့ ပြောပါတယ်။

“၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ကာတွန်းရေးပါတယ်၊ ရှမ်းသတင်းစဉ်မှာ တင်လိုက်သေးတယ်။ ရှမ်းသတင်းစဉ်ကနေပြီး ဦးကျော်ဇံသာနဲ့တူတယ်၊ အဲဒီတုန်းက ဘီဘီစီမှာ၊ အဲဒီကာတွန်းအကြောင်း ပြောလိုက်တော့ ကျနော် တော်တော် အားရှိသွားတယ်။ ဆက်ပြီးလည်း ရေးဖြစ်လာတယ်။ နောက် ကိုသန်းလွင်ထွန်းနဲ့ တွေ့တော့ ကိုဟန်လေးတဲ့၊ ခင်ဗျား Cartoonist ဆက်လုပ်ပါဗျာတဲ့၊ အဲဒါနဲ့ ကာတွန်းဆွဲဖြစ်သွားတယ်၊ ရေးဖြစ်သွားတယ်၊ ဒီအချိန်ထိပေါ့။

“တော်တော်တော့ ခံစားရတယ်ဗျ။ ဘယ်လိုပြောမလဲ၊ ဘာမှမဟုတ်တာလေးနဲ့ကို ပြစ်မှု ကြီးကြီးကျယ်ကျယ်ကြီးတွေ သတ်မှတ်ပြီးတော့ ဖိနှိပ်နေတာ၊ စိတ်မကောင်း တော်တော်ဖြစ်တယ်။ အမှန် ကျနော့်အလုပ်က သတင်းနဲ့ ပတ်သက်နေတာကိုး။ နိုင်ငံရေးကာတွန်း ရေးစားနေတဲ့ လူတယောက်က သတင်းနဲ့ အမြဲတမ်း ပတ်သက်နေတယ်။ အဲတော့ သတင်းတွေ တက်နားထောင်လိုက်ရင် စိတ်မချမ်းသာတာချည်း၊ ဒီ ၈၈ နောက်ပိုင်း ပိုပြီးတော့ ဆိုးလာတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေ မင်္ဂလာယူနေတဲ့ သင်္ကြန်အချိန်မှာတောင်မှ အဲဒီလို သတင်းဆိုးတွေ ထွက်နေတယ်ဆိုတော့ ကောင်းမယ့်သတင်းတွေ ရှားသွားပြီထင်တယ်၊ ကျနော်ထင်တယ် မရှိသလောက် ဖြစ်သွားမယ်၊ ဒီအစိုးရ ဒီအတိုင်း ဆက်ရှိနေမယ်ဆိုရင်။”

မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများအပြား ရှိနေပြီး သူ အခုလို ဖော်ပြခွင့် ရတာဟာ တစိတ်တပိုင်းပဲ ရှိပါသေးတယ်လို့လည်း ပြောပါတယ်။ ကာတွန်းဆရာ ကိုဟန်လေးကို လူ့အခွင့်အရေး အဖွဲ့ကြီးက အခုလို ဂုဏ်ပြုဆု ပေးခဲ့တာဟာ ထိုက်တန်တယ်လို့လည်း မြန်မာစာပေ အနုပညာရှင် ဆရာဦးဝင်းဖေက ပြောပါတယ်။

“အလွန်ဝမ်းသာစရာ ကောင်းတယ်၊ အလွန်ထိုက်တန်တဲ့ ဆုလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဟန်လေးက ကာတွန်းဆရာတယောက် အနေနဲ့ မြန်မာနိုင်ငံတွင်း လူ့အခြေခံ အခွင့်အရေးများနဲ့ ပတ်သက်ပြီးတော့ ကာတွန်းတွေ ရေးတဲ့အခါ အလွန်သိက္ခာရှိတဲ့၊ ကာတွန်းအနုပညာရဲ့ ထိန်းသိမ်းအပ်တဲ့ ကျင့်ဝတ် အမြောက်အမြားကို ထိန်းသိမ်းပြီးတော့ ယဉ်ယဉ်ကျေးကျေးနဲ့ သိက္ခာရှိရှိရေးတဲ့ ကာတွန်းဆရာ ဖြစ်နေတယ်။ အဲဒါကြောင့် ဒီဆုနဲ့ အလွန်ထိုက်တန်တယ်။ သူဟာ အရေအတွက်အရ လည်းကောင်း၊ အရည်အသွေးအရ လည်းကောင်း၊ တကယ် ဒီဆုနဲ့ သင့်လျော်တဲ့ ကာတွန်းဆရာတယောက် ဖြစ်ပါတယ်။”

၂၀၀၉ ခုနှစ်အတွက် Hellman/Hammett ဆုကို အခုထိ အကျဉ်းကျခံနေရတဲ့ ကဗျာဆရာ စောေ၀ အပြင် ကွယ်လွန်သူ ကဗျာဆရာကြီး ဦးတင်မိုးကိုလည်း ၂၀၀၂ ခုနှစ်မှာ ဂုဏ်ပြု ပေးအပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG