သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်


စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့အတွက် စစ်အစိုးရက နောက်ဆုံးရက် သတ်မှတ်ထားတာ မနေ့တုန်းက ပြည့်သွားပါပြီ။ ဒါပေမဲ့ အင်အားအများဆုံး လက်နက်ကိုင်အဖွဲ့ တခုဖြစ်တဲ့ ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် အပါအ၀င် တိုင်းရင်းသားအဖွဲ့ တချို့က စစ်အစိုးရကို အကြောင်းမပြန်ကြသေးပါဘူး။

ဒီလို အခြေအနေမှာ အစိုးရတပ်တွေက ထိုးစစ်ဆင်လာမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရှမ်းပြည်နယ်ထဲက ၀နဲ့ ကိုးကန့် အပါအ၀င် တိုင်းရင်းသား တော်တော်များများ ထိုင်း၊ မြန်မာ နယ်စပ်ဘက်ကို ထောင်နဲ့ချီပြီး ထွက်ပြေးနေကြပါတယ်။ စစ်တပ်က ထိုးစစ်ဆင်လာရင် ပြန်လည်ခုခံ တိုက်ကြဖို့ အတွက်လည်း ၀ခေါင်းဆောင်ပိုင်းက ၀ပြည်သူတွေကို ပြည်သူ့စစ်သင်တန်းတွေ ပေးနေတယ်လို့လည်း သတင်းတွေ ရပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဝဒေသမှာ ရှိနေကြတဲ့ တိုင်းရင်းသားတွေ သူတို့ကိုယ်ပိုင် ရှိတာလေးတွေကို ဈေးပေါပေါနဲ့ ရောင်းချပြီး ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက စလို့ ထိုင်း၊ မြန်မာနယ်စပ်ကို ထွက်ပြေးနေကြတဲ့ အကြောင်း ရှမ်းသံတော်ဆင့် သတင်းဌာနက ကိုဆိုင်းမွန်းက ပြောပြပါတယ်။

“ထိုင်းနယ်စပ်မှာရှိတဲ့ မိုင်းတုံမြို့နယ်ရဲ့ ကျေးရွာတချို့ပေါ့၊ ဥပမာ မုံးဟန်ရဲ့၊ နားတောင်းကျေးရွာအုပ်စုရဲ့ အရှေ့တောင်ဘက်တွေ ရွာသား ထောင်နဲ့ချီပြီး အခု ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးလာကြတယ်။ ဘာကြောင့်လဲဆိုတော့ အခု ၂၈ ရက်နေ့မှာ မြန်မာစစ်အစိုးရက ဖိအားပေးထားတဲ့အတိုင်း ၀တပ်ဖွဲ့တွေက စစ်ဖြစ်တော့မယ်ဆိုပြီး အဲလိုမျိုး သတင်းတွေ ထွက်နေတော့ သူတို့မိသားစုတွေက ရွှေ့ပြောင်းနေကြတယ်။

“အရင် သင်္ကြန်မတိုင်ခင်တုန်းကတော့ ၀ရွာသားတွေပဲ ပြောင်းရွှေ့နေကြတာ။ အခု ဒီသုံးလေးရက်အတွင်းမှာ ရှမ်းတွေ၊ လားဟူတွေ၊ အဲဒီဒေသမှာ နေတဲ့ ကိုးကန့် တရုတ်တွေပါ ၀ရွာတွေဆီ ပြောင်းရွှေ့လာကြတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ ချင်းလောင်မြို့နယ်မှာရှိတဲ့ ၀မ်ခုတ်ပုန်းရွာမှာလည်း ရှမ်းတို့၊ ၀တို့ ရာနဲ့ချီပြီး ရောက်ရှိနေကြတယ်။”

စစ်အစိုးရက ၀ဒေသကို ထိုးစစ်ဆင်တော့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဒေသခံ တိုင်းရင်းသား ပြည်သူတွေ ထိုင်းနယ်စပ်ကို ထွက်ပြေးနေကြတာ ဒါဟာ ဒုတိယအသုတ် ဖြစ်ပါတယ်။ ၀တပ်ဖွဲ့တွေ အနေနဲ့ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်ကို နောက်ဆုံးရက်အဖြစ် စစ်အစိုးရဘက်က သတ်မှတ်ပေးလိုက်တုန်းကလည်း တခါ ထွက်ပြေးကြရပါသေးတယ်။ အဲဒီသတ်မှတ်ရက်ကို ၀တပ်ဖွဲ့တွေဘက်က ပယ်ချပြီးတဲ့နောက် အခု ၂၈ ရက်ကို ရွှေ့ပြီး တခါ သတ်မှတ်ရက် ပေးလိုက်ပြန်တာကြောင့် ဒေသခံ ပြည်သူတွေ ကြောက်လန့်တကြား ထွက်ပြေးကြရပြန်တာ ဖြစ်ပါတယ်။

အခုလည်း တပ်အင်အားတွေဖြည့်ပြီး ရုရှားလုပ် MIG-29 တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်မယ်ဆိုပြီး သတင်းတွေ ထွက်နေတာကြောင့် အခုလို ထွက်ပြေးကြတာလို့ ဆိုပါတယ်။

“တပ်မ ၇၇ က အဲဒီဒေသကို တပ်အင်အားဖြည့်မယ်။ ရုရှားက ၀ယ်ထားတဲ့ MIG-29 လေယာဉ်တွေကို မိနစ်ပိုင်းအတွင်း မိတ္ထီလာက လာရောက် တိုက်ခိုက်နိုင်တယ်ဆိုပြီး ကောလာဟလ သတင်းတွေ ထွက်နေတော့ ၀ပြည်သူတွေ ကြားထဲမှာ ပိုပြီးတော့ စိုးရိမ် ထိတ်လန့်မှုတွေ ဖြစ်နေတယ်။ အဲဒါကြောင့် ၀ဒေသမှာရှိတဲ့ ပြည်သူတွေ ထွက်ပြေးရခြင်း ဖြစ်တယ်လို့ ပြောကြတယ်ခင်ဗျ။”

ဒါ့အပြင် စစ်အစိုးရ တိုက်လေယာဉ်တွေကလည်း ပြီးခဲ့တဲ့လက စပြီး ကျိုင်းတုံဒေသတလျှောက် MIG-29 တိုက်လေယာဉ်တွေ ပျံသန်းပြနေတဲ့ အတွက်လည်း လူထုအကြား ပိုပြီးတော့ စိုးရိမ်မှုတွေ ပေါ်လာနေကြတယ်လို့ ဆိုပါတယ်။ မြန်မာပြည်ဘက်မှာ အခုလို စစ်ဖြစ်တော့မယ့် အရိပ်အယောင်တွေ တွေ့နေတာကြောင့် တရုတ်ပြည်ကလည်း သူတို့ဘက် အခြမ်းမှာ တပ်အင်အား တိုးချဲ့ချထားတာ အပြင် တခြား ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

“တရုတ်ဘက်မှာ ကြားရတာကတော့ ပန်ဆန်းဘက်မှာ ဟိုတလောကတည်းက သူတို့က ၀ပြည်သူတွေကို ပညာပေး ဟောပြောတယ်။ သူတို့က သူတို့ဒေသကို ကာကွယ်ဖို့ အဆင်သင့် ဖြစ်နေပြီ၊ လေကြောင်းနဲ့ နအဖက တိုက်ခိုက်လာမယ် ဆိုရင်လည်း သူတို့က အဆင်သင့်ပဲ ကာကွယ်ဖို့ ကုန်းကြောင်း၊ လေကြောင်း၊ ပြည်သူတွေအနေနဲ့ ထွက်မပြေးဖို့ဆိုပြီး ပြည်သူ့စစ်တွေခေါ်ပြီး စစ်သင်တန်းတွေ ပေးတယ်။ လက်တွဲပြီး သူတို့နယ်မြေတွေ ကာကွယ်ဖို့ဆိုပြီး ၀တွေက အကြိမ်ကြိမ် စည်းရုံးရေး ဆင်းထားတော့ ၀ဘက်ကတော့ ပြည်သူတွေ ထွက်ပြေးတဲ့သတင်း မကြားရပေမဲ့ တရုတ်နယ်ကြော ဘက်မှာတော့ တရုတ်တပ်တွေ တိုးဖြည့်တာ၊ တိုးချထားတာ မြင်ပြီး စစ်ဖြစ်မှာ စိုးရိမ်ပြီး တရုတ်ဘက်ကို ကူးမယ့်သူတွေ၊ ဒုက္ခသည်တွေကို ကူညီဖို့၊ စောင့်ရှောက်ဖို့ တရုတ်အာဏာပိုင်တွေကလည်း စစ်တပ်တွေ တိုးချဲ့ချထားတယ် ပြောတယ်။”

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ကလည်း ၀တပ်ဖွဲ့ကို စစ်အစိုးရ တပ်ဖွဲ့တွေက ပစ်ခတ်မှုတွေ ရှိခဲ့ပေမဲ့ လူမှားပစ်မိတာလို့ စစ်အစိုးရဘက်ကတော့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ၀တပ်ဖွဲ့တွေကတော့ ဒီဒေသမှာ သူတို့ရှိနေတာ ဆယ်စုနှစ်နဲ့ ချီနေပြီဖြစ်လို့ စစ်တပ်က သိသိကြီးနဲ့ တမင်ရန်စတဲ့သဘော ဖြစ်မယ်ဆိုပြီး ၀တပ်မှူးတွေက မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG