သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ


နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ

မြန်မာပြည်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံတကာရဲ့ လူသားချင်း စာနာကူညီရေး လုပ်ငန်းအပေါ် တင်းကျပ်မှုတွေ လုပ်လာနိုင်တယ်လို့ နယူးယောက် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြပ်မှု အဖွဲ့ကြီးက ပြောပါတယ်။ ဒါ့အပြင် အဖမ်းဆီးခံထားရတဲ့ ဒေသခံ လူမှုကူညီရေး လုပ်သားတွေ ပြန်လွတ်လာဖို့ အတွက်လည်း အလှူရှင် နိုင်ငံတွေက ကြိုးစားသင့်တယ်လို့ HRW အဖွဲ့က ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘန်ကောက်မြို့က FCCT နိုင်ငံခြား သတင်းထောက်များ အသင်းတိုက်မှာ လုပ်တဲ့ HRW ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လက်ရှိအားဖြင့် နိုင်ငံတကာက လူသားချင်း စာနာကူညီရေး လုပ်ငန်းတွေမှာ အရင်ကထက် ပိုပြီး အကန့်အသတ် ရှိလာသလို နိုင်ငံခြားက ကူညီရေး လုပ်သားတွေ မြန်မာနိုင်ငံ ဗီဇာရဖို့ အခက်အခဲတွေပါ ကြုံနေရတယ်လို့ HRW အဖွဲ့က ထောက်ပြပါတယ်။ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာပဲ နာဂစ်အလွန် အစိုးရရဲ့ ချုပ်ကိုင်မှုနဲ့ လူထုအခြေပြု အဖွဲ့တွေရဲ့ အခြေအနေဆိုတဲ့ HRW ရဲ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ဒီအတွက် သူတို့အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ နိုင်ငံတကာ အန်ဂျီအိုတွေရော ပြည်တွင်းက ဒေသခံ ကူညီရေး အဖွဲ့တွေကိုပါ မေးမြန်းပြီး ရေးသားပြုစုခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ မေ နာဂစ်မုန်တိုင်း တိုက်ပြီးပြီးချင်းမှာ ဖွဲ့စည်းပုံ လူထုဆန္ဒခံယူပွဲ ရှိတာကြောင့် နိုင်ငံခြားက အကူအညီပေးရေး လုပ်ငန်းတွေကို အာဏာပိုင်တွေက အထူး တင်းကျပ်ခဲ့သလိုမျိုးပဲ အခု လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ကူညီရေး လုပ်ငန်းတွေဟာ နှောင့်နှေးမှုတွေ ကြုံလာရတယ်လို့ HRW အဖွဲ့ကြီးရဲ့ ဒုတိယညွှန်ကြားရေးမှူး အီလိန်း ပီယာစန် (Elaine Pearson) က ဗွီအိုအေ မြန်မာပိုင်းကို ရှင်းပြခဲ့ပါတယ်။

“အခုဆိုရင် သူတို့အနေနဲ့ အစိုးရ ဗျူရိုကရေစီ စနစ်ကြောင့် အရင် သဘောတူညီထားတဲ့ လုပ်ငန်းတွေမှာ ပိုလို့ နှေးကွေးမှုတွေ ကြုံနေရပါတယ်။ နိုင်ငံကူးဗီဇာ အခက်အခဲ၊ နိုင်ငံခြားက ကူညီရေး လုပ်သားတွေ လာဖို့ အခက်အခဲတွေ ကြုံရပါတယ်။ အရင် ဖွဲ့စည်းပုံ အတည်ပြုရေး လူထုဆန္ဒခံယူပွဲ မတိုင်ခင်တုန်းက အလားတူ အခြေအနေ အကျပ်အတည်းတွေ ကြုံရတာမို့ အခု ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ဒီလို နိုင်ငံခြားသား ကူညီရေး လုပ်သားတွေကို တင်းကျပ်တာမျိုး အခက်အခဲတွေ ကြုံလာရမှာကို စိုးရိမ်မိပါတယ်။”

ဒီအတွက်လည်း သူတို့ထုတ်တဲ့ အခု အစီရင်ခံစာမှာတော့ နိုင်ငံတကာ အလှူရှင်တွေ အနေနဲ့ ဒီလို အကျပ်အတည်း၊ အဟန့်အတားတွေ ဖြစ်နေတာကို စစ်အစိုးရကို ဖိအားပေး ပြောဆို ဖြေရှင်းပေးဖို့ တောင်းဆိုထားတယ်လို့ မစ်စ် ပီယာစန်က ပြောပြပါတယ်။

“မြန်မာနိုင်ငံ အခြားနေရာတွေက လူသားချင်း စာနာကူညီမှု လုပ်ငန်းတွေ အနှောင့်အယှက် ဖြစ်နေတာကို ဖိအားပေး၊ တွန်းအားပေး ဖြေရှင်းကြဖို့ အလှူရှင် နိုင်ငံတွေကို အကြံပြု တိုက်တွန်းလိုပါတယ်။ မြစ်ဝကျွန်းပေါ် ဒေသမှာတော့ တစုံတရာ လုပ်ငန်းအောင်မြင်မှုတွေ တွေ့ရပါတယ်။ ဒါပေမဲ့လို့ မြန်မာနိုင်ငံ အခြားနေရာတွေမှာတော့ ဒီအတိုင်း ဖြစ်မနေပါဘူး။

“ဒါ့အပြင် လူသားချင်း စာနာကူညီရေး လုပ်ငန်းတွေမှာ လူ့အခွင့်အရေးကို အကာအကွယ် ပေးနိုင်တဲ့ စနစ်တရပ် ထားရေး စဉ်းစားဖို့လည်း အလှူရှင် နိုင်ငံတွေကို တောင်းဆိုပါတယ်။ အစိုးရ အေဂျင်စီ အဖွဲ့တွေနဲ့တင် မဟုတ်ဘဲ ပြည်တွင်းက ဒေသခံ လူမှုကူညီရေး အဖွဲ့တွေကိုလည်း ဆက်ပြီး ကူညီ ပူးပေါင်း ဆောင်ရွက်သွားဖို့ တိုက်တွန်းပါတယ်။”

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ပြည်တွင်း ပြည်ပ အင်တိုက်အားတိုက် လုပ်ခဲ့ကြပေမဲ့လည်း နေရာ အတော်များများမှာတော့ ပြန်လည်အခြေချ နေထိုင်ရေး၊ လုပ်ကိုင်စားသောက်ရေး အပြင် ရေသန့်ရရှိရေးနဲ့ ကျန်းမာရေးလို အခြေခံ လိုအပ်ချက်တွေ ရှိနေတုန်းပဲလို့ HRW က ပြောပါတယ်။ ဒါကြောင့် အခုလို နောက်ပိုင်းမှာ နိုင်ငံတကာ လူသားချင်း စာနာကူညီရေး လုပ်ငန်းတွေ နှောင့်နှေးသွားအောင် လုပ်တာကြောင့် ဒါဟာ ဒုက္ခရောက်နေတဲ့ မြန်မာလူထုကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

နာဂစ်ကယ်ဆယ်ရေး ပြည်တွင်း ပြည်ပ ကြိုးပမ်းဆောင်ရွက်မှုတွေမှာ အတိုင်းအတာ တစုံတရာ အောင်မြင်တာတွေ ရှိပေမဲ့ ပြည်တွင်းက ဒေသခံ လူမှုကူညီရေး လုပ်သူတွေ အခြိမ်းခြောက်ခံ၊ အဖမ်းဆီးခံရတာတွေ ရှိခဲ့တယ်လို့လည်း မစ်စ် ပီယာစန်က ပြောပါတယ်။

“အောင်မြင်မှုတွေ ရှိခဲ့တယ် ဆိုသလိုပဲ အခြားတဘက်မှာ ထိခိုက်နစ်နာမှုမျိုးတွေလည်း ရှိပါတယ်။ အစိုးရက လုပ်နေတဲ့ လုပ်ငန်းတွေအပေါ် ဝေဖန်တဲ့ လူသားချင်း စာနာကူညီရေး ဒေသခံ လုပ်သားအချို့ ဖမ်းဆီး ထောင်ချခံရတာမျိုးတွေ ရှိပါတယ်။”

ဆိုင်ကလုံးမုန်တိုင်း အပြီး လူမှုကူညီရေး လုပ်ငန်းတွေ ပါဝင်လုပ်ကိုင်ခဲ့ကြတဲ့ အနုပညာရှင် ဇာဂနာ အပါအဝင် ကူညီရေး လုပ်သားတွေ၊ သတင်းသမားတွေ အနည်းဆုံး ၂၈ ဦး ဖမ်းဆီး ထောင်ချခံခဲ့ရတယ်လို့ မစ်စ် ပီယာစန်က ပြောပါတယ်။ ဒါကြောင့်လည်း ဒီလို အကူအညီပေးခဲ့တဲ့ လူမှုလုပ်သားတွေ ပြန်လည်လွတ်မြောက်လာဖို့ နိုင်ငံတကာ အနေနဲ့ စစ်အစိုးရကို တွန်းအားပေးသွားဖို့ လိုမယ်လို့လည်း HRW က ပြောပါတယ်။

နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးတွေနဲ့ ပတ်သက်လို့ TCG လို့ ခေါ်တဲ့ အာဆီယံ၊ ကုလသမဂ္ဂ၊ မြန်မာ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ လုပ်ငန်းတွေဟာ အောင်မြင်မှု ရခဲ့တယ်၊ ဒါဟာ ပူးပေါင်းဆောင်ရွက်မှုရဲ့ အသီးအပွင့်တွေ ဖြစ်တယ်လို့ အထူးသဖြင့် အာဆီယံ အသင်းကြီးဘက်က မကြာမကြာ ပြောလေ့ရှိပါတယ်။ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ၊ လူ့အခွင့်အရေး အဖွဲ့တွေက အခုလို အောင်မြင်မှု တစိတ်တပိုင်းကို အသိအမှတ် ပြုကြပေမဲ့ ငွေကြေးသုံးစွဲမှုပိုင်း၊ အကူအညီ ဖြန့်ဝေမှုပိုင်းတွေမှာတော့ သံသယ မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။

ဒါ့အပြင် အခု HRW က ပြောနေသလို တဘက်မှာ အလှူရှင်တွေ၊ နိုင်ငံတကာ အစိုးရတွေ အနေနဲ့ လူသားချင်း စာနာကူညီရေး လုပ်ငန်းပိုင်းတွေမှာ လူ့အခွင့်အရေး ကာကွယ်မှုစနစ် ထားရှိရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိမရှိ စောင့်ကြည့် စစ်ဆေးမှုပိုင်းတွေမှာတော့ တစုံတရာ အားနည်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG