သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံဗုံးကွဲမှု ဒေသခံတွေ ဖမ်းဆီး စစ်ဆေးခံရ


မြစ်ဆုံဗုံးကွဲမှု ဒေသခံတွေ ဖမ်းဆီး စစ်ဆေးခံရ

ကချင်ပြည်နယ် မြစ်ဆုံရေကာတာ တည်ဆောက်ရေး လုပ်ငန်းခွင်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် အာဏာပိုင်တွေက အနီးအနားမှာရှိတဲ့ တန်ဖဲကျေးရွာက ရွာသား အနည်းဆုံး ၁၀၀ လောက်ကို ခေါ်ယူစစ်ဆေးပြီး အဲဒီအထဲက ၅ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ရွာသားအများစုဟာ မိသားစု စီးပွားရေး လုပ်ငန်းတွေကိုတောင် ထွက်မလုပ်ရဲအောင် ဖြစ်နေကြရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကချင်လူမှုအဖွဲ့ကတော့ တန်ဖဲရွာသားတွေက မြစ်ဆုံရေကာတာ တည်ဆောက်ရေးကို ကန့်ကွက်တာကြောင့် အာဏာပိုင်တွေက အပြစ်ရှာ ဖိနှိပ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းကို တာဝန်ယူ တည်ဆောက်နေတဲ့ Asia World ကုမ္ပဏီ ရုံးအဆောက်အဦးအတွင်း ဒီလ ၁၇ ရက်နေ့က ဗုံး ၁၀ လုံး ပေါက်ကွဲခဲ့ပြီး လူတယောက် ဒဏ်ရာရခဲ့တဲ့နောက်မှာ စစ်အစိုးရက ကချင်ပြည်နယ် အတွင်းမှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပြီး ခရီးသွားသူတွေကို ရှာဖွေစစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။

ဒီရက်ပိုင်း အတွင်းမှာတော့ ဗုံးပေါက်ကွဲရာ နေရာနဲ့ နီးတဲ့ တန်ဖဲရွာက ရွာသား ၁၀၀ လောက်ကို ခေါ်ယူစစ်ဆေး မေးမြန်းတာတွေ လုပ်နေသလို ဖမ်းဆီး ထိန်းသိမ်းတာတွေလည်း ရှိလာတယ်လို့ ဒေသခံတယောက်က အခုလို ပြောပါတယ်။

“ဗုံးပေါက်ပြီး နောက်ပိုင်း တန်ဖဲကျေးရွာမှာ ဖမ်းဆီး စစ်ဆေးမှုတွေ ရှိနေတာ တပတ်လောက် ဆက်တိုက်ဖြစ်နေတယ်။ ခေါ်ယူစစ်ဆေး ခံထားရတဲ့ လူတွေက အများကြီးပဲ။ အခုလက်ရှိ ပြန်မလွတ်လာသေးတဲ့ လူက ၅ ယောက်၊ ၆ ယောက်လောက် ရှိတယ်။ တချို့ကိုတော့ ယဉ်ယဉ်ကျေးကျေးနဲ့ စစ်ဆေးတာ ရှိသလို တချို့ကျတော့ သေနတ်နဲ့ချိန်တာတို့၊ ပါးရိုက်တာတို့ အဲလိုမျိုးရှိတယ်။ အဓိက မလွတ်တဲ့လူတွေက မိသားစုထဲက တယောက်ယောက် KIA မှာရှိရင် အဲဒီမိသားစုတွေကို ပိုပြီး စစ်ဆေးမေးမြန်းတာ ပိုကြာတာပေါ့။ မိသားစုတစုထဲက တယောက်ဆို KIO/KIA ထဲမှာ ရှိနေတော့ သူ့အမေရယ်၊ သူ့အကိုရယ်၊ သူ့မရီးရယ် သုံးယောက် အခုထိ မလွတ်လာသေးဘူး။ ၂၆ ရက်နေ့က ဖမ်းသွားတာ။”

စစ်ဆေးသူတွေကတော့ စစ်ဗျူဟာမှူး အပါအ၀င် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့၊ မှုခင်းရဲ၊ SB ခေါ် အထူးရဲတပ်ဖွဲ့ဝင်တွေနဲ့ မြစ်ဆုံဒေသမှာ အခြေစိုက်တဲ့ ခလရ ၂၉ တပ်ရင်းတို့ ဖြစ်ပါတယ်။

လုံခြုံရေး တင်းကျပ်ပြီး စစ်ဆေးမေးမြန်းတာတွေ ရှိနေတာကြောင့် မြစ်ဆုံဒေသကို အလည်အပတ် လာရောက်သူတောင် မရှိသလောက် ဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ ဒီအခြေအနေတွေကြောင့် အချို့ဒေသခံတွေဟာ အပြင်ထွက်ပြီး မိသားစု စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့တောင် အခက်တွေ့နေရတယ်လို့ ပြောပါတယ်။

“တချို့တွေကတော့ အိမ်ထဲက အိမ်ပြင်တောင် မထွက်ရဲတော့ဘူး။ ဘာကြောင့်လဲဆိုတော့ အိမ်အပြင်ထွက်တာ သိရင် ခေါ်ယူစစ်ဆေးတာတွေရှိတော့ အကုန်လုံး ကြောက်ကုန်တယ်။ လူငယ်တွေဆိုရင်တော့ ယာထဲမှာတောင် မနေရဲတော့ဘူး။ တချို့တွေကျတော့လည်း ထွက်ပြေးကုန်ကြတယ်။ ထွက်ပြေးတဲ့ လူငယ်တွေရဲ့ မိသားစုတွေကိုတော့ အပြစ်ရှိလို့ ထွက်ပြေးတာဆိုပြီး ပြန်စစ်ဆေးတာတို့ ဘာတို့ အဲလိုမျိုး ရှိတယ်။ လုံခြုံရေးတော့ တော်တော်တင်းကျပ်တယ်။ အခုဆိုရင်တော့ ရွာသားတွေက အလုပ်တွေ ပျက်ကုန်ပြီ။ သူတို့ စီးပွားရေးလည်း လုပ်လို့မရတော့ဘူး။ အိမ်မှာပဲ ပုန်းအောင်းနေရတဲ့ အခြေအနေ ရှိနေတယ်။”

တန်ဖဲရွာဟာ အိမ်ခြေ ၁၈၀ ကျော်နဲ့ လူဦးရေ ၁,၂၀၀ ကျော် ရှိပါတယ်။ မြစ်ဆုံရေကာတာ တည်ဆောက်မယ်ဆိုရင် သူတို့ အိမ်ခြံမြေတွေ၊ လယ်ယာနဲ့ ဥယျာဉ်စိုက်ခင်းတွေ ရေအောက် နစ်မြုပ်သွားမှာ ဖြစ်တဲ့အတွက် ရေကာတာ စီမံကိန်းကို ကန့်ကွက်ခဲ့ကြပါတယ်။

လောလောဆယ် တန်ဖဲရွာသားတွေကို စစ်ဆေးမေးမြန်းနေတဲ့ အပေါ်မှာတော့ ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့က ကိုအောင်ဝါက အခုလို သုံးသပ်ပါတယ်။

“အခုဟာ အကြမ်းမဖက်ဘဲနဲ့ သူတို့ မြေယာတွေ သိမ်းပိုက်မှုကို ကာကွယ်နေတယ်။ ရေကာတာ မတည်ဆောက်ဖို့ကိုလည်း သူတို့ လုပ်နေတယ်။ ရွာမပြောင်းဖို့ကိုလည်း သူတို့ လုပ်နေခြင်း ဖြစ်တယ်။ နအဖအနေနဲ့ အခုလို လုပ်တာကတော့ သူတို့ သက်သက်မဲ့ ပြည်သူတွေကို အပြစ်ရှာတာ၊ တရားခံရှာတဲ့ ပုံစံမျိုးနဲ့ လုပ်နေတာ။ ဗုံးခွဲတာနဲ့ ပတ်သက်ပြီး အခုလို လုပ်နေခြင်းအားဖြင့် ဘာမှ အဖြေရမှာ မဟုတ်ဘူး၊ ပြည်သူလူထုတွေပဲ အခက်အခဲနဲ့ ကြုံနေရတယ်။ ဒါကြောင့်မို့ ဒီဟာတွေကို မလုပ်သင့်ဘူးလို့ ပြောလိုပါတယ်။”

ဒီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ကလည်း ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးအနီးက X2O ရေကစားမဏ္ဍပ်မှာ ဗုံး ၃ လုံး ဆက်တိုက် ပေါက်ကွဲခဲ့တာကြောင့် လူ ၁၀ ယောက် သေဆုံးပြီး ၁၇၀ ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ အစိုးရဘက်က လက်သည် တရားခံကို ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

ကချင်ပြည်နယ် မြစ်ဆုံမှာ ဗုံးပေါက်ကွဲတာကြောင့် လုံခြုံရေး တင်းကျပ်တာတွေ ရှိနေတဲ့ တချိန်တည်းမှာပဲ မြန်မာစစ်အစိုးရနဲ့ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) အကြားမှာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး မပြေမလည် ရှိနေပါတယ်။ မြန်မာစစ်အစိုးရဘက်က ဒီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ တောင်းဆိုပေမဲ့ KIO ဘက်က လက်မခံခဲ့ပါဘူး။

မနေ့ကတော့ KIO ဥက္ကဋ္ဌ ဦးဇောင်ဟရား၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာနဲ့ ဗိုလ်မှူးကြီး အောင်လွန်းတို့ဟာ ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်နဲ့ စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်းတို့ ဖိတ်ကြားချက်အရ မြစ်ကြီးနားကို သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG