သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးချုပ်နဲ့ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲ ဝင်မယ့်အပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအဝန်း စိုးရိမ်မကင်းဖြစ်


၀န်ကြီးချုပ်နဲ့ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲ ဝင်မယ့်အပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအဝန်း စိုးရိမ်မကင်းဖြစ်
၀န်ကြီးချုပ်နဲ့ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲ ဝင်မယ့်အပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအဝန်း စိုးရိမ်မကင်းဖြစ်
<!-- IMAGE -->

စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အစိုးရဝန်ကြီးအချို့ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအမည်နဲ့ နိုင်ငံရေးပါတီတရပ် ဖွဲ့စည်းလိုက်ပါတယ်။ ဒီပါတီ ရွေးကောက်ပွဲ ဝင်လာမယ်ဆိုရင် ကြံ့ခိုင်ရေးအသင်းရဲ့ အရင်းအမြစ်နဲ့လက်ရှိ အာဏာရ အရှိန်အဝါတွေကြောင့် လာမယ့် ရွေးကောက်ပွဲအတွင်းမှာ မသမာမှုတွေ ဖြစ်လာ နိုင်တယ်လို့ အခြား နိုင်ငံရေးပါတီတွေက စိုးရိမ်ပူပင်နေပါတယ်။ စုံစမ်းမေးမြန်း ထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီကို ဦးသိန်းစိန် ဦးဆောင်ပြီး ကော်မရှင်ထံ မနေ့က နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တယ်လို့ ဒီကနေ့ အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးအသင်း ဌာနချုပ်ရုံးကို ဆက်သွယ်မေးမြန်းတော့ ရုံးတာဝန်ရှိသူတဦးက သတင်းစာဖတ်မှ ဒီကိစ္စ သူတို့သိရတာလို့ ဗွီအိုအေကို ပြောပါတယ်။ ကြံ့ခိုင်ရေးအသင်း ပါတီဖွဲ့မယ်ဆိုတဲ့ သတင်းကတော့ ထွက်နေတာကြာပါပြီ။ ဒါပေမဲ့ အစိုးရဝန်ကြီးချုပ် ကိုယ်တိုင် ဦးဆောင်ပါဝင်ပြီး ဖွဲ့စည်းတယ်ဆိုတော့ လာမယ့်ရွေးကောက်ပွဲဟာ သမာသမတ် ရှိပါ့မလားဆိုတာ နိုင်ငံရေးပါတီတွေအကြား မေးခွန်းဖြစ်လာပါတယ်။ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေကတော့ ကြံ့ခိုင်ရေးအသင်းဟာ အမျိုးသားရေးအဖွဲ့အစည်း ဖြစ်တာကြောင့် နိုင်ငံရေးပါတီအဖြစ် မပြောင်းသင့်ဘူးလို့ ယူဆပါတယ်။

"ရွေးကောက်ပွဲဝင်မယ်ဆိုကတည်းက အလားအလာတွေကို တွက်တာပေါ့နော်။ အဲဒီအထဲမှာ အစိုးရကနေပြီးတော့ သူတို့လည်း ဝင်ပြိုင်မယ့်အလားအလာ ရှိတယ်ဆိုတာ တွက်ပြီးသားပေါ့။ ဒါပေမဲ့ ကြံ့ခိုင်ရေးကို ပါတီလုပ်တယ် ဆိုတာကတော့ ကျနော်တို့ နားမလည်ဘူးပေါ့နော်။ ဒါကတော့ မဖြစ်သင့်ဘူးပေါ့။ ကြံ့ခိုင်ရေးက အမျိုးသားပါတီ။ အားလုံးပါတာကိုး။ ကျောင်းသားတွေရော၊ ဝန်ထမ်းတွေရော ပါတာကိုး။ အခုက အဲဒီဟာ နံမည်သုံးလိုက်တယ်ဆိုတော့ အဲဒါကိုတော့ ဒါ မဖြစ်သင့်ဘူးပေါ့နော်။"

ကြံ့ခိုင်ရေးအသင်းဟာ လူမှုရေးအသင်းဖြစ်တယ်လို့ မူလက စစ်အစိုးရက ပြောခဲ့ပါတယ်။ လက်ရှိ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွေက နာယက အဖြစ် ဆောင်ရွက်သလို၊ အစိုးရအဖွဲ့ဝင်တွေ အစိုးရဝန်ထမ်းတွေက အသင်းရဲ့ အမှုဆောင်အဖြစ် ဆောင်ရွက်ကြတာပါ။ အသင်းဝင်အင်အား ၂၄ သန်းကျော် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကြံ့ခိုင်ရေးအသင်းတခုလုံးကို ပါတီအဖြစ် အသွင်ပြောင်းလိုက်ပြီလား ဆိုတာတော့ မရှင်းလင်းသေးပါဘူး။ မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းကတော့ ပါတီထောင်တာရှိသလို အသင်းကို ဆက်ပြီး ထားနိုင်သေးတယ်လို့ ယူဆပါတယ်။

"ကျနော်ထင်တာက ကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကို သူတို့ ဆက်ထားဦးမယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းထဲမှာရှိနေတဲ့ အစိုးရဝန်ထမ်းတွေပေါ့နော်။ civil servant တွေက ပါတီထဲကိုဝင်လို့ မရတဲ့အတွက် ဒီလူတွေအတွက်ကိုတော့ သူတို့က အသင်းကို ဆက်ထားရမှာဖြစ်ပါတယ်။ နောက်တခုကလည်း အသင်းအနေနဲ့ ပါတီရဲ့ လုပ်ငန်းတွေကို အပြင်ကနေ လူမှုရေးပိုင်းဆိုင်ရာတွေကို အကူအညီပေးလို့ ရတာကိုး။ ပါတီအနေနဲ့ ကိုယ်တိုင်လုပ်လို့ မရတဲ့ကိစ္စတွေ အသင်းက အကူအညီပေးနိုင်တဲ့အတွက် သူတို့ ဒီအသင်းကို ဆက်ထားမယ့်ပုံရပါတယ်။"

တဖက်မှာတော့ စစ်အစိုးရခေါင်းဆောင်တွေ ကိုယ်တိုင်က ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုတာကြောင့် နိုင်ငံရေး မသမာမှုတွေ ဖြစ်လာမှာကို စိုးရိမ်သူတွေလည်း ရှိပါတယ်။

"အစိုးရက ကြားနေပြီး သမာသမတ်ကျတဲ့ ရွေးကောက်ပွဲမျိုး ကျနော် ဖြစ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအနေအထားက ဘာဖြစ်လဲဆိုတော့ အာဏာရပါတီတခု ပုံစံမျိုးနဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်က ရပ်တည်ပြီး ဦးသိန်းစိန်ဘဝနဲ့ ရပ်တည်ပြီးတော့၊ ဒီအတွက် အာဏာရပါတီရဲ့ လုပ်ပိုင်ခွင့်တွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးထဲမှာ ထားပြီး ဒီရွေးကောက်ပွဲကို ဝင်မယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ဖြစ်ဖို့အတွက်တော့ ကျနော်တို့ စဉ်းစားရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အဂတိမှုတွေ၊ နိုင်ငံရေး အဂတိမှုတွေ ပေါ်လာမှာကို ကျနော်တို့ စိုးရိမ်တယ်လေ။"

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဌ ကိုဖြိုးမင်းသိန်း ဖြစ်ပါတယ်။ တပ်မတော်အစိုးရဟာ နိုင်ငံဝန်ထမ်းတွေ ဖြစ်တယ်လို့ စစ်အစိုးရက တချိန်က ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် အခုလက်ရှိ ရွေးကောက်ပွဲဥပဒေအရ အစိုးရဝန်ထမ်းတွေ နိုင်ငံရေး မလုပ်ရ၊ နိုင်ငံရေးပါတီမထောင်ရ ကန့်သတ်မှုရှိတာကြောင့် ရွေးကောက်ပွဲဥပဒေနဲ့များ ငြိစွန်းနေသလား စဉ်းစားသူတွေ လည်း ရှိပါတယ်။ ဒီအတိုင်း ခွင့်ပြုချက်ရသွားပြီး နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ် ဆိုရင်တော့ ရွေးကောက်ပွဲ အခြေအနေက တဘက်သတ်ဖြစ်သွားမယ်လို့ ကိုဝင်းမင်းက ယူဆပါတယ်။

"ပါတီအနေနဲ့ လက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းရဲ့ ရုံးတွေအားလုံး တော်တော်များများကို ဆက်ပြီးတော့ သုံးသွားမယ်ဆိုတဲ့ သဘောမျိုး ဖြစ်တဲ့အတွက် တဘက်သတ် အနေအထားဖြစ်မယ့်သဘောတော့ ရှိပါတယ်။"

၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော်မှာ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအပြင် အခုလို စစ်တပ်နောက်ခံ နိုင်ငံရေးပါတီအနေနဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုတာကြောင့် လာမယ့် ပါလီမန်ထဲမှာ စစ်တပ်နဲ့ အသိုင်း အဝိုင်းက ကြီးစိုးနေမယ့် လက္ခဏာလို့ ဦးသုဝေက ယူဆပါတယ်။

"သူတို့အတွက် အခွင့်အရေးကတော့ အများကြီးသာတာပေါ့။ နံပါတ်တစ်ကတော့ သူတို့က ရာထူးကလည်း ရှိသေးတာကိုး။ ရာထူးရှိတဲ့အခါကျတော့ အဲဒီအာဏာ အရှိန်အဝါ တွေကလည်း အများကြီး သူ့တို့အတွက် သာတာပေါ့။ နောက်တခု ကလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်လာတာ တော်တော်ကြာနေပြီဆိုတော့ သူတို့က တပမ်းသာတာပေါ့နော်။ နောက်ပြီးတော့လည်း သူတို့မှာ ငွေရေးကြေးရေးက ပြည့်စုံတယ်ဆိုတော့ သူတို့အတွက်တော့ သာပြီးသားပေါ့ဗျာ"

လက်ရှိအားဖြင့်တော့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားတဲ့ ပါတီပေါင်း ၃၀ ဝန်းကျင် ရှိသွားပါပြီ။ ဒီအထဲမှာ စစ်အစိုးရကိုယ်တိုင် ဖွဲ့စည်းတဲ့ နိုင်ငံရေးပါတီဆိုရင်တော့ အခု ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီ ရှိလာပြီလို့ ပြောရမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG