သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်မုန်တိုင်းဒဏ်သင့်သူတွေ အကူအညီ ဒေါ်လာသန်းပေါင်းများစွာ လိုအပ်ဆဲ


နာဂစ်မုန်တိုင်းဒဏ်သင့်သူတွေ အကူအညီ ဒေါ်လာသန်းပေါင်းများစွာ လိုအပ်ဆဲ

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်က ရိုက်ခတ်သွားခဲ့တဲ့ နာဂစ်ဆိုင်ကလုံး မုန်တိုင်းဒဏ်သင့်ဒေသတွေ ပြန်လည် တည်ဆောက်ရေး နဲ့ ဖွံ့ဖြိုးရေးအတွက် အကူငွေ ဒေါ်လာသန်းပေါင်းများစွာ လိုနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂက မနေ့က ပြောခဲ့ပါတယ်။

နာဂစ်ဒေသ ပြန်လည် ထူထောင်ရေးအတွက် လိုအပ်တဲ့ အမေရိကန်ဒေါ်လာသန်း ၆၉၀ အနက် သန်း ၁၈၀၊ တနည်းအားဖြင့် ၂၅ %နီးပါးကိုပဲ ရရှိနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံက ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီတွေကို ကြီးကြပ်ကွတ်ကဲတဲ့ ဘီရှိုး ပရာဂျူလီ (Bishow Parajuli) က ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း ပြန်လည် ထူထောင်ရေး ကြိုးပမ်းမှုတွေကနေ ကျန်းမာရေး၊ အာဟာရနဲ့ ပညာရေးကဏ္ဍတွေမှာ သိသာတဲ့တိုးတက်မှုတွေ ရှိခဲ့ပေမဲ့ အကူအညီတွေ လိုနေသေးတာကြောင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေဟာ နှေးကွေးသွားမှာကို၊ တချို့ဆိုရင် ရပ်တောင်ရပ်သွားမှာကို စိုးရိမ်နေရတယ်လို့လည်း မစ္စတာ ပရာဂျူလီ က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မကြာခင်က ကွင်းဆင်းလေ့လာ သုံးသပ်ချက်အရ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ လူပေါင်း ၁သိန်း လောက် သူတို့အိမ်တွေကို ပြန်လည်ဆောက်လုပ်ဖို့ လိုနေသေးသလို လူပေါင်း ၁ သိန်း ၈ သောင်းလောက်ဟာလည်း သောက်သုံးရေ မလုံမလောက် ဖြစ်နေကြသေးတယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှာလည်း ထောက်ပံ့မှုတွေ လိုသေးသလို လူတွေ အလုပ်အကိုင်ရရှိဖို့လည်း လိုသေးတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ပန်ကြားလွှာထဲမှာ နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသ ပြန်လည် ထူထောင်ရေးဟာ ရေရှည် လုပ်ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တာကို အသိအမှတ်ပြုပြီး အကူအညီတွေပေးကြဖို့ တောင်းဆိုထားပါတယ်။ နာဂစ်ဒေသ ပြန်လည်ထူထောင်ရေး အစီအစဉ်ကို မြန်မာစစ်အစိုးရ၊ ကုလသမဂ္ဂနဲ့ အာဆီယံတို့ ပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့က အရင်နှစ်က ရေးဆွဲခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် မေလက တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းလောက် သေဆုံးပြီး ဆုံးရှုံးမှုပေါင်း အမေရိကန်ဒေါ်လာ သန်း ၄,၀၀၀ ကျော်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG