သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမား ဘဝကျပ်တည်းမှု စစ်အစိုးရမှာ တာဝန်ရှိ


အလုပ်သမား ဘဝကျပ်တည်းမှု စစ်အစိုးရမှာ တာဝန်ရှိ
အလုပ်သမား ဘဝကျပ်တည်းမှု စစ်အစိုးရမှာ တာဝန်ရှိ

ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ အခါသမယမှာ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အခြေအနေကတော့ တိုးတက်မှုမရှိဖြစ်နေဆဲပဲလို့ မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က ပြောဆိုလိုက်ပါတယ်။ အလုပ်သမားတွေရဲ့ လုပ်ခဝင်ငွေတွေ နိမ့်ကျနေတာ၊ အခြေခံ အခွင့်အရေးတွေ မရှိဘူးဆိုတာကို မကြာသေးခင်တုန်းကပဲ တောင်းဆိုဆန္ဒပြကြတဲ့ အခြေအနေတွေက ပြသနေပြီး ဒီအခြေအနေတွေဟာ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်စေတယ်လို့ ကမ္ဘာ့အလုပ်သမားနေ့အတွက် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ထဲမှာ အဲန်အယ်လ်ဒီက ပြောဆိုလိုက်တာပါ။

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ အခုလို အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေ နောက်ထပ်မဖြစ်ပွားရလေအောင်နဲ့ တိုင်းပြည်မှာ တည်ငြိမ်မှုရှိစေဖို့အတွက် ဒီပြဿနာတွေကို ဖြေရှင်း ပေးဖို့ရာ လက်ရှိ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေမှာနဲ့ အိုင်အယ်လ်အို တို့မှာ အပြည့်အ၀ တာဝန်ရှိတယ် လို့လည်း အဲန်အယ်လ်ဒီက အခုလို ပြောဆိုခဲ့ပါတယ်။

"ပြည်တွင်းအလုပ်သမားတွေရော၊ ပြည်ပအလုပ်သမားတွေရော သူတို့ရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနစ်နာနေတယ်။ ဒါကြောင့်လဲ မကြာခဏ ဆန္ဒပြတောင်းဆိုတာတွေ ကြားနေရတယ်ပေါ့။ အဲဒါကြောင့် ဒီကိစ္စက အုပ်ချုပ်နေတဲ့ အစိုးရနဲ့ အိုင်အယ်လ်အို တို့မှာ တာဝန်ရှိတယ်၊ သူတို့က ဒီဟာတွေကို ပြေလည်အောင် ဆောင်ရွက်ပေးသင့်တယ်ဆိုတာ အဲဒါပါပဲ။"

အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ ဒီကနေ့ထုတ် မြန်မာစစ်အစိုးရ သတင်းစာတွေထဲမှာတော့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ အလုပ်သမားတွေရဲ့ အရေးပါမှုကို အသိအမှတ်ပြုပြီး လုပ်ငန်းခွင် သာယာအောင် အလုပ်သမားတွေရဲ့ ခံစားခွင့်နဲ့ အခွင့်အလမ်းတွေ ပိုပြီး ရရှိလာအောင် အလေးထား ဆောင်ရွက်နေ ပါတယ်လို့ ပြောဆိုထားပါတယ်။ စစ်အစိုးရက ဒီလိုပြောဆိုနေပေမဲ့လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကတော့ မြန်မာနိုင်ငံရဲ့ ၁၉၄၇ ခုနှစ်နဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေမှာ အလုပ်သမားတွေနဲ့ လယ်သမားတွေရဲ့ အခွင့်အရေးတွေကို သိသိသာသာ ဖော်ပြခဲ့ပေမဲ့လို့ အခုလက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ သေသေချာချာ တိတိကျကျ ဖော်ပြထားတာမျိုး မရှိဘူးလို့လည်း အဲန်အယ်လ်ဒီက ပြောဆိုခဲ့ ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံး လာခဲ့ရပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ အရင်ကထက် အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှုတွေဟာ တစထက်တစ ပိုပြီး ဆိုးရွားလာခဲ့တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ မြန်မာပြည်တဝှမ်း အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာဆိုရင် ပြည်သူတွေအပေါ် အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ၊ မြန်မာစစ်တပ်တွေအတွက် ဒေသခံ ရွာသူရွာသားတွေကို ပေါ်တာ ထမ်းခိုင်းတာတွေနဲ့ အဓမ္မ ကလေးစစ်သား စုဆောင်းမှုတွေဟာ နေရာအနှံ့မှာ ဖြစ်ပွားနေတယ်လို့ အဲန်အယ်လ်ဒီ ရဲ့ ကြေညာချက်မှာ ပြောဆိုခဲ့ပါတယ်။

အဲန်အယ်လ်ဒီက မေဒေး နေ့မှာ အခုလို ကြေညာချက် ထုတ်ပြန်ခဲ့ပေမဲ့ အခမ်းအနား ကျင်းပခြင်းတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကျန်ဒေသတွေ ဖြစ်တဲ့ ပဲခူးမြို့နဲ့ ကရင်ပြည်နယ် ဖာပွန်မြို့တွေမှာလည်း မေဒေး နေ့ အခမ်းအနားတွေကို ပြုလုပ်ကျင်းပ ခဲ့သလို ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာလည်း မြန်မာအလုပ်သမား အဖွဲ့အစည်းတွေ စုပေါင်းပြီးတော့ မေဒေး နေ့ အခမ်းအနားကို စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG