သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးတိုင်း ကျောက်တံခါးမှာ ဗုံးပေါက်ကွဲ


ပဲခူးတိုင်း ကျောက်တံခါးမှာ ဗုံးပေါက်ကွဲ
ပဲခူးတိုင်း ကျောက်တံခါးမှာ ဗုံးပေါက်ကွဲ

ပဲခူးတိုင်း ကျောက်တံခါးမြို့ပေါ်က စက်မှုလယ်ယာဝင်းထဲမှာ သောကြာနေ့ညတုန်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ အခုချိန်ထိ လူအသေအပျောက် မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ နေရာအနှံ့မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာတွေထဲက ဒါဟာ နောက်ဆုံးပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ကျောက်တံခါး မြို့နယ် စက်မှုလယ်ယာဝင်းအတွင်း သောကြာနေ့ည ၁၀ နာရီလောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အကြောင်း မြို့ခံတဦးက ဗွီအိုအေကို ပြောပြပါတယ်။

"မနေ့က ၃၀ ရက်နေ့ည ၁၀ နာရီခွဲလောက်မှာ ကျောက်တံခါးမြို့ရဲ့ မြောက်ဘက် အမှတ် (၇၀) စက်မှုလယ်ယာပေါ့။ စက်မှုလယ်ယာ ဆိုတာ လယ်ထွန်စက်စခန်းပါ။ အဲဒီစက်မှုလယ်ယာဝင်းထဲမှာ ရှိတဲ့ လယ်ထွန်စက်ကြီးအောက်မှာ ထောင်ထားတဲ့ ဗုံးကွဲတာ။ ၁၀ နာရီခွဲမှာ ကွဲတယ်။ ကွဲတော့ အချိန်က လူသွားလူလာလည်း မရှိတော့ဘူးလေ။ နောက်ပြီးတော့ ဒီဝင်းထဲမှာ စက်တွေပဲထားတာဆိုတော့ လူအထိအခိုက်တော့ မရှိဘူးပေါ့ဗျာ။ ဒီစက်ကြီးနဲ့ အပေါ်က အမိုးနဲ့တော့ ပျက်စီးသွားတာပေါ့။ အဲဒါပြီးတော့မှ နောက် အချိန်အတော်လေး ကြာပြီးသွားတော့ ခုနကဖြစ်သွားတဲ့နေရာနဲ့ ကိုက် ၇၀ ဝန်းကျင်လောက်မှာ မြေပြင်ပေါ်မှာပဲ နောက်တလုံး ထပ်ကွဲတယ်။ အဲဒါလည်း လူ အထိအခိုက်တော့ မရှိဘူးပေါ့ဗျာ။ ပေါက်ကွဲမှုဖြစ်သွားတဲ့ အနေအထားကိုပဲ သိရသေးတယ်လေ။ ကျန်တာကတော့ဗျာ ခေါ်ယူစစ်ဆေး မေးမြန်းမှုတို့ကတော့ အခုချိန်အထိတော့ မကြားသေးဘူးခင်ဗျ။"

အခုချိန်ထိတော့ ဒီပေါက်ကွဲမှုကြောင့် အသေအပျောက် ရှိတယ်လို့ မကြားရသေးဘူးလို့ ဆိုပါတယ်။ ဒီရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဗုံးပေါက်ကွဲမှုတွေ အနှံ့အပြား ဖြစ်ပေါ်နေတာမို့ လူထုအကြား ထင်ယောင်ထင်မှား ပြောဆိုမှုတွေ ကလည်း အမျိုးမျိုး ထွက်ပေါ်နေတယ်လို့ အဲဒီမြို့ခံကပဲ ဆက်ပြောပြပါတယ်။

"ကျနော်တို့ ပြည်သူတွေအနေနဲ့တော့ စဉ်စားကြည့်တာက ဒီအချိန်မှာ ကျနော်တို့က သတင်းဌာနတွေကလည်း ကြားနေရတယ်ဗျ။ အဲဒီလို ဗုံးကွဲတာတွေ ကြားနေရတယ်။ အချိန်ကလည်း တိုက်ဆိုင်နေတယ်လေ။ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ဖို့ကြိုးစားနေတဲ့အချိန်၊ နောက်တခုက သောင်းကျန်းသူတွေနဲ့ ပတ်သက်ပြီးတော့လည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့လည်း နယ်ခြားစောင့်တပ်ဖွဲ့ ညှိနှိုင်းမှုမရတဲ့အချိန် တင်းမာနေတဲ့အချိန်ပေါ့နော်။ ဒီလို အချိန်မျိုးတွေမှာ အခုလို ဒီနယ်ဘက်ပေါ့နော်။ ပဲခူးတိုင်း အရှေ့ခြမ်း ကျောက်တံခါးနယ်ဘက်မှာ ဗုံးကွဲတယ်ဆိုတော့ ဒီနယ်ဘက်က လူတွေကတော့ စိုးရိမ်တာပေါ့။ နောက်တခုက ဒီလို ဗုံးကွဲတယ်ဆိုရင် နီးစပ်ရာလူတွေကို ခေါ်ပြီးတော့ စစ်ဆေးတာတို့ ကလည်း ရှိတော့ မဆိုင်သူတွေအနေနဲ့လည်း စိတ်ညစ်ရတာပေါ့ဗျာ။"

အထူးသဖြင့်တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ စစ်အစိုးရက ထုတ်ပြန်ပြီးနောက်ပိုင်း တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန် အကြတ်နေ့တုန်းက ရန်ကုန် ကန်တော်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာတော့ လူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ စစ်အစိုးရက တရားဝင် ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဒီပေါက်ကွဲမှုဟာ လူ အသေအပျောက် အများဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့က ရဲစခန်းအတွင်းမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် ရဲအရာရှိတဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG