သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်မြို့လယ် Times Square မှာ ကားဗုံး တွေ့ရှိ


အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တော်က အဓိကကျပြီး လူစည်ကားလှတဲ့ Times Square မှာ ကားဗုံး ထောင် ထားတာကို အချိန်မီ သိလိုက်ပြီးတဲ့နောက် တာဝန်ရှိသူတွေက အဲဒီနေရာကို လူအသွားအလာ ရပ်ပစ်ပြီး ကားဗုံးကို ရှင်းလင်းခဲ့ရပါတယ်။ အခုတော့ Times Square ကို ပြန်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။

ဖောက်ခွဲရေးပစ္စည်း တခုပါတဲ့ ကားတစီးကို ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ဖယ်ရှားနိုင်ခဲ့ပါတယ်။ အဲဒီကားဗုံးသာ ပေါက်ကွဲ ခဲ့မယ်ဆိုရင် လူတွေ အများကြီး သေသွားနိုင်တယ်လို့ နယူးယောက်မြို့တော်ဝန် မိုက်ကယ် ဘလွမ်းဘာ့ဂ် (Michael Bloomberg) က ပြောပါတယ်။

ကားဗုံးကို စနေနေ့ညပိုင်းမှာ သိလိုက်ရတဲ့ အချိန်တုန်းက ဗုံးဟာ ပေါက်ကွဲတော့မယ့် အဆင့်ကို စလုပ်နေပုံရပြီ ဖြစ်ပေမဲ့ ကောင်းကောင်း အလုပ်မလုပ်ဘဲ ပျက်သွားခဲ့တယ်လို့ နယူးယောက်ခ်မြို့တော် ရဲချုပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူကို ကိုးကားပြီး နယူးယောက်တိုင်းမ်စ် သတင်းစာက ရေးပါတယ်။

သံသယဖြစ်ဖွယ် ကားတစီးကို စုံစမ်း စစ်ဆေးဖို့အတွက် ဗုံးရှင်းလင်းရေး အဖွဲ့ကို စေလွှတ်ခဲ့တာပါ။ အဲဒီကားထဲမှာ ပရိုပိန်း ဓာတ်ငွေ့ဘူးတွေ၊ ဓာတ်ဆီပုံးတွေ၊ စီးပွားဖြစ်အဆင့် မီးရှူးမီးပန်း လောင်စာတွေနဲ့ ချိန်ကိုက်ပစ္စည်းတွေ ပါတယ်လို့ မြို့တော်ဝန် ဘလွမ်းဘာ့ဂ်က ပြောပါတယ်။

ကားဗုံးဖောက်ခွဲဖို့ ဘယ်သူက လုပ်တယ်ဆိုတာ အာဏာပိုင်တွေ မသိသေးပေမဲ့ FBI နဲ့ တခြား အဖွဲ့အစည်းတွေက လိုက် စုံစမ်းနေတယ်လို့ နယူးယောက်ခ် မြို့တော်ဝန်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG