မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့တာ ဒီနေ့ မေလ ၂ ရက်နေ့မှာ ၂ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ဒါပေမဲ့လည်း အဲဒီ မုန်တိုင်းသင့်ဒေသတွေ ပြန်လည် တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးရေးတွေအတွက် အကူအညီပေးဖို့ ဒေါ်လာသန်းပေါင်းများစွာ လိုနေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂက သောကြာနေ့မှာပဲ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက နာဂစ်ဒေသမှာ လက်ရှိ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို သိရအောင် ဒေသခံတွေကို ဆက်သွယ်မေးမြန်းပြီး ဒေါ်မေငြိမ်းက တင်ပြပေးထားပါတယ်။
နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသက ပြည်သူတွေ အနေနဲ့ သိသိသာသာ အခက်အခဲနဲ့ ရင်ဆိုင်နေရတာတွေက အဓိက အသက်မွေးလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေး လုပ်ငန်းမှာ ဖြစ်တယ်လို့ ဒေသခံတွေက အခုလို ပြောပြပါတယ်။
“မနှစ်ကဆိုရင် စပြီး စိုက်ပျိုးမှုတွေ လုပ်တဲ့အချိန်မှာ ကြွက်အန္တရာယ်ကို အဓိက ခံစားခဲ့ရတယ်။ အခု ဒီနှစ်မှာလည်း နှစ်တိုင်းနဲ့မတူတဲ့ ပူပြင်းတဲ့ဒဏ်ကို နာဂစ်ဒေသ တခုလုံးက အကုန် ခံစားနေရတယ်။ မိုးရိပ်မိုးယောင် မတွေ့ရဘူး။ အဲဒီတော့ မနှစ်ကလည်း ကြွက်ဒဏ်ကြောင့် တချို့ လယ်ဧက ၁၀၀ လောက် လုပ်တဲ့လူတောင် စပါးလေး ၁၀၀ ပြည့်အောင် မရဘူး။”
“စပါးပင်တွေကို ပုလဲဓာတ်မြေသြဇာ ကျွေးရမယ်။ စပါးဈေးက ကျနေတဲ့ အချိန်ဆိုတော့ စပါးနဲ့ ပုလဲဓာတ်မြေသြဇာဖိုးနဲ့ မကာမိ ဖြစ်တယ်။ အဲဒီအတွက် လာမယ့်နှစ်ဆိုရင် သူတို့အတွက် စားဝတ်နေရေးတွေလည်း ပိုပြီး ဒုက္ခရောက်မယ်လို့ ပြောတယ်။”
ဒါတွေအပြင် နာဂစ်ဒဏ်သင့် ပြည်သူတွေအတွက် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းမှာ ရှိနေတဲ့ ပြဿနာတွေကိုလည်း အဲဒီဒေသခံတွေကပဲ အခုလို ဆက်ပြောပြပါတယ်။
“ကမ္ဘာ့ NGO အဖွဲ့တွေ လာရောက် လုပ်ကိုင်မှုမှာ ထင်သာမြင်သာ မရှိမှုရယ်၊ ထိန်းချုပ်မှု လွန်အားကြီးတာ တွေရယ်ကြောင့် ထိရောက်မှု အားတွေက သိပ်အများကြီး မရှိဘူး။”
“ကျမသိရသလောက်ကတော့ သူတို့ သောက်ရေ၊ သုံးရေတွေ ရှားပါးနေတယ်ရှင့်။ ဒီအပေါ်မှာ ဝမ်းလျှော၊ ဝမ်းပျက်တွေ ဖြစ်ကြတယ်။ ရေကောင်းရေသန့် ရဖို့အတွက် NGO အဖွဲ့တွေက လုပ်ကိုင် ဆောင်ရွက်မှုက နည်းပါးတယ်ရှင့်။”
နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဧရာဝတီတိုင်းက ဒေသခံတွေ ပြောပြခဲ့တာ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း နာဂစ်မုန်တိုင်းဒဏ် သင့်ပြီး သေဆုံးခဲ့ရသူတွေအတွက် ရည်စူး အမျှအတမ်းဝေမယ့် အလှူတခုကို မနက်ဖြန် မေလ ၃ ရက်နေ့ တနင်္လာနေ့ မနက် ၅ နာရီမှာ ပြုလုပ်မယ်လို့ သိရပါတယ်။ သံဃာတော်တွေကို အရုဏ်ဆွမ်းကပ် လှူဒါန်းပြီး NLD အဖွဲ့ချုပ် အနေနဲ့ ဆောင်ရွက်ခဲ့တဲ့ ကူညီပံ့ပိုးမှုတွေနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ စာရွက်စာတမ်းတွေကို ခင်းကျင်း ပြသထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ အသေးစိတ်သိရအောင် NLD နာဂစ် အကူအညီပေးရေး ကော်မတီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။
“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး ကော်မတီကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ကြုံအပြီး ရက်ပိုင်းအတွင်းဖြစ်တဲ့ မေလ ၈ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကစပြီး ကျနော်တို့က ပထမအဆင့် အနေနဲ့ အသက်မသေ ကျန်ရစ်သူများကို စားဝတ်နေရေး ကြည့်ရှုခြင်းဖြင့် ထပ်မံ ဆုံးရှုံးမှုတွေ မဖြစ်ရအောင် ကယ်ဆယ်ရေး လုပ်ငန်းကို ပထမ ဇောက်ချပြီး လုပ်ခဲ့ပါတယ်။
“ဒုတိယအဆင့်အနေနဲ့ ကျနော်တို့ ရေတွင်း ရေကန် သန့်ရှင်းရေးကို လပွတ္တာမြို့နယ်မှာ အဓိက ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီမှာ ရေကန်ပေါင်း ၁၂၀ ကို သန့်ရှင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ တတိယအဆင့် အနေနဲ့တော့ ဘိုကလေး၊ မော်ကျွန်း စတဲ့ နာဂစ်မုန်တိုင်းသင့်ဒေသ သောက်ရေရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ အဝီစိတွင်းတွေ တူးပြီး လှူဒါန်းခဲ့ပါတယ်။
“အဲဒီလုပ်ငန်း ၃ ရပ်စလုံးအတွက် ကျနော်တို့ အားလုံးပေါင်း အလှူကောက်ခံရရှိငွေ၊ ပစ္စည်းမပါပေါ့ဗျာ၊ ငွေသား သိန်းပေါင်း ၁,၄၀၀ နဲ့ တခြား ပစ္စည်းပစ္စယ တော်တော်များများကို ဖြန့်ေ၀ ကူညီပေးခဲ့ပါတယ်။ အဲဒီလို ကူညီပေးခဲ့တာတွေ အားလုံးအတွက် နာဂစ် ၂ နှစ်ပြည့် အထိမ်းအမှတ်မှာ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့များ ဆုံးဖြတ် သဘောတူညီချက်အရ ကျနော်တို့က သံဃာတော် ၅ ပါးကို အခု ပေးပို့လှူဒါန်း ရရှိခဲ့တဲ့ အစုစုအတွက် ရေစက်ချပြီး လှူဒါန်းမှာ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံက နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ ၂ နှစ်တာအတွင်း ပြန်လည်ထူထောင်ရေး ကဏ္ဍတွေမှာ အဲဒီလို လိုအပ်ချက်တွေ ကြီးကြီးမားမား ရှိနေတာမို့ ရေရှည်ဖွံ့ဖြိုးရေးအတွက် နှေးကွေးမှုတွေ၊ ရပ်တန့်သွားမှုတွေ ဖြစ်နိုင်တဲ့ အခြေအနေမျိုးနဲ့တောင် ကြုံနေရတယ်လို့ မြန်မာနိုင်ငံက ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဘစ်ရှိုး ပါရာဂျူလီက သောကြာနေ့တုန်းက ပြောလိုက်ပါတယ်။
အခုချိန်ထိ လေဘေးဒဏ်သင့် ဒေသတွေမှာ မိသားစုပေါင်း ၁၅၀,၀၀၀ လောက်က အိုးအိမ်တွေ ပြန်လည်ဆောက်ဖို့ လိုနေသေးသလို လူပေါင်း ၁၈၀,၀၀၀ လောက်ဟာလည်း သောက်သုံးရေ မလုံမလောက် ဖြစ်နေကြသေးတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
၂၀၀၈ ခုနှစ် မေလက တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၄၀,၀၀၀ လောက် သေဆုံးပြီး ဆုံးရှုံးမှုပေါင်း အမေရိကန်ဒေါ်လာ သန်း ၄,၀၀၀ ကျော် ရှိမယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။