ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် တစိတ်တပိုင်းမှာ လုပ်ငန်းကိုင်ငန်းတွေ ရပ်တန့်သွားတဲ့ထိ သီတင်း ၇ ပတ်ကြာ ဖြစ်နေခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ထိန်းချုပ်ဖို့ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေအတွက် အထူးရန်ပုံငွေတရပ်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုပေးလိုက်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့အတွက် ဒေါ်လာ ၈,၀၀၀,၀၀၀ နီးပါးနဲ့ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့အတွက် ဒေါ်လာ ၉၀၀,၀၀၀ နီးပါးကို တနင်္ဂနွေနေ့ကလုပ်တဲ့ အရေးပေါ် အစည်းအဝေးမှာ အစိုးရအဖွဲ့က အတည်ပြုပေးခဲ့တာပါ။
ရွေးကောက်ပွဲတွေ စောကျင်းပပေးဖို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀တ်ချာချီဝ (Abhisit Vejjajiva) ကို ဖိအားပေးတဲ့ အနေနဲ့ ရှပ်နီတွေလို့ ခေါ်ကြတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ သောင်းနဲ့ချီပြီးတော့ ဘန်ကောက်မြို့တော်ရဲ့ တစိတ်တပိုင်းကို မတ်လအလယ်ကတည်းက စီးနင်း သိမ်းပိုက်ထားကြပါတယ်။
ဒီအကျပ်အတည်းကို အဆုံးသတ်ဖို့အတွက် သူ့မှာ အစီအစဉ်တခု ရှိတယ်လို့ မစ္စတာ အဘီဆစ်က သီတင်းပတ်စဉ် ရုပ်မြင်သံကြား မိန့်ခွန်းထဲမှာ ပြောသွားပေမဲ့ အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။
ဆန္ဒပြသူတွေကို စစ်တပ်က ဖယ်ရှားပစ်ဖို့ စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းကြေညာပါလို့ အစိုးရ ထောက်ခံသူတွေက တောင်းဆိုတာကို သူက ပယ်ချခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးဟာ ပြဿနာကို ဖြေရှင်းဖို့ မှန်ကန်တဲ့နည်းလမ်း မဟုတ်ဘူးလို့ မစ္စတာ အဘီဆစ်က ပြောပါတယ်။