သီတင်းပတ် ၇ ပတ်ကြာအောင် ဆန္ဒပြနေကြတဲ့ ထိုင်းနိုင်ငံက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုကို အဆုံးသတ်ဖို့ ထိုင်းအစိုးရက ပြင်ဆင်နေပြီလို့ ၀န်ကြီးချုပ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) က ပြောလိုက်ပါတယ်။
ဘန်ကောက်မြို့တော်အတွင်း ထောင်နဲ့ချီပြီး ဆန္ဒပြသူတွေ အတွင်းမှာ အင်အားက ချိနဲ့လာနေတာနဲ့ အတူ ထိုင်း လူ့အဖွဲ့အစည်းမှာ အများစုက ဥပဒေကို လေးစားလိုက်နာတာ တွေကိုပဲ မြင်ချင်နေကြတယ်လို့ သူယုံကြည်တဲ့အကြောင်း မနေ့က ဘန်ကောက်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြား သတင်းထောက်တွေကို ၀န်ကြီးချုပ် ၀ိတ်ချာချီဝက အခုလို ပြောခဲ့ပါတယ်။
“ဆန္ဒပြတဲ့သူတွေ စခန်းချထားတဲ့ ရာခ်ျပါဆုန် အရပ်ကနေ ထွက်ခွာသွားဖို့ သူတို့ကို ကျနော်တို့ အချိန်တွေ အများကြီး ပေးထားခဲ့ပြီးပါပြီ။ ဒါဟာ သိပ်ကိုရှင်းလင်းတဲ့ အချက်ပေးချက်ပါ။ သူတို့တွေထဲက တချို့ဟာ အကြမ်းဖက်သမားတွေရဲ့ နည်းဗျူဟာတွေကို လုပ်လာနေပါတယ်။ အဲဒီနေရာကို ကျနော်တို့ ထိထိရောက်ရောက် ၀င်ပြီး မရှင်းခင်မှာ သူတို့ရဲ့ ထောက်ပံ့ရေး လုပ်ငန်းတွေကို ကျနော်တို့ အခု ဖြတ်တောက်နေပြီးတော့ ချိတ်ပိတ် သိမ်းဆည်းမှုတွေ လုပ်နေပါတယ်။”
ဘန်ကောက်မြို့ပြင်က စစ်စခန်းတခုမှာ မနေ့တုန်းက သတင်းစာ ရှင်းလင်းပွဲကို လုပ်ခဲ့တာပါ။ ဆန္ဒပြသူတွေကို ဘယ်တော့ ၀င်ပြီး ရှင်းလင်းရေးလုပ်မယ် ဆိုတာကိုတော့ ၀န်ကြီးချုပ် အဘီဆစ်က မပြောပါဘူး။
အင်္ကျီအနီရောင်ဝတ် အစိုးရ ဆန္ဒပြသူတွေက ဘန်ကောက် မြို့လယ်ခေါင်မှာ ရှိတဲ့ စီးပွားရေးအရ အချက်အချာကျတဲ့ နေရာကို ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းကတည်းက နေရာယူ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြတာပါ။ ရွေးကောက်ပွဲတွေကို ကျင်းပပေးဖို့နဲ့ လက်ရှိ လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။
အစိုးရက အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်နေတယ် ဆိုပေမဲ့လည်း ပြည်သူတွေဘက်က သည်းခံမှု အတိုင်းအတာက လျော့လာနေပြီလို့ ၀န်ကြီးချုပ် အဘီဆစ်က ပြောပါတယ်။
ဆန္ဒပြသူတွေရှိတဲ့ နေရာက ဟိုတယ်တွေ၊ ဆိုင်တွေဟာလည်း သီတင်းပတ် တော်တော်ကြာအောင် ပိတ်ထားရပါတယ်။ လူတွေလည်း ထောင်နဲ့ သောင်းနဲ့ချီ အလုပ်အကိုင်တွေပျက်၊ စီးပွားရေးတွေ ထိခိုက်နေကြပါတယ်။