သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူကလီးယား မျှော်မှန်းချက် ကမ္ဘာ့အန္တရာယ် ဖြစ်နိုင်


အီရန်နိုင်ငံဟာ တာဝန်ခံမှုကင်းတဲ့ သူ့ရဲ့ လုပ်ရပ် မှတ်တမ်းတွေကို ကမ္ဘာက အာရုံလွှဲပြောင်းစေဖို့ အတွက် တတ်နိုင်တဲ့နည်းနဲ့ ကြိုးပမ်းမှာ ဖြစ်တဲ့အပြင် သူ့ရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ချင်တဲ့ ဆန္ဒဟာ ကမ္ဘာအတွက် အန္တရာယ် သိပ်ကို ကြီးမားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြင်းပြင်းထန်ထန် ပြောဆိုပြီး အီရန်ကို ရှုတ်ချလိုက်ပါတယ်။

နျူကလီးယားဆိုင်ရာ မပြန့်ပွားရေး စာချုပ်ကို မလိုက်နာတဲ့ နိုင်ငံတွေအတွက် သံတမန်ရေးအရ ပြစ်ဒဏ်တွေ ချမှတ်နေမယ့်အစား အလိုအလျောက် ပြစ်ဒဏ်ပေးတဲ့ စနစ်တရပ်ကို ချမှတ်ကြဖို့ ကုလသမဂ္ဂမှာ ကျင်းပတဲ့ နျူကလီးယား မပြန့်ပွားရေး စာချုပ်ဆိုင်ရာ ညီလာခံမှာ ဝန်ကြီး ကလင်တန်က ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကတော့ အီရန်သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) ကို ကုလသမဂ္ဂနဲ့ အပြုသဘောဆောင် ဆက်ဆံဖို့ ပြောကြားလိုက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လက်ရှိ ဆုံးဖြတ်ချက် ချမှတ်မှုတွေအတိုင်း လိုက်နာဖို့နဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ပြောကြားခဲ့ပါတယ်။

“ရှင်းအောင် ပြောရရင် အီရန်အနေနဲ့ သူ့ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး အများက စိုးရိမ်မကင်း ဖြစ်နေမှုတွေကို ရှင်းလင်းသွားအောင် ပြတ်ပြတ်သားသား ထုတ်ဖော် ပြောပြဖို့ တာဝန်ရှိပါတယ်။” လို့ မစ္စတာ ဘန်ကီမွန်းက ပြောသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကတော့ အီရန်သမ္မတဟာ အမေရိကန်နဲ့ တခြားနိုင်ငံတွေကို မဟုတ်မမှန်တာတွေ စွပ်စွဲပြောဆိုပြီး အရင်လိုပဲ လမ်းလွဲအောင် ကြိုးစားနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

အီရန်သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ်က အမေရိကန်နိုင်ငံဟာ နျူကလီးယားလက်နက် မပြန့်ပွားအောင် ကြိုးစားတယ်လို့ နာမည်တပ်ပြီး အီရန် အပါအဝင် တခြားနိုင်ငံတွေကို အက်တွန်မစ် အဏုမြူ လက်နက်တွေနဲ့ ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲခဲ့တာမို့ ဝန်ကြီး ကလင်တန်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အီရန်သမ္မတက အမေရိကန်နိုင်ငံဟာ တခြားနိုင်ငံတွေ လက်နက်ထုတ်ချင်တဲ့ ဆန္ဒ ရှိလာအောင် အားပေးတဲ့ အနေနဲ့ ကိုယ်တိုင် နျူကလီးယား လက်နက်တွေ ထုတ်နေတယ်လို့လည်း ပြောပါတယ်။ အီရန်သမ္မတ ပြောကြားနေတဲ့ အချိန်မှာ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေက ကိုယ်စားလှယ်တွေ အစည်းအဝေး ခန်းမထဲက ထွက်ခွာသွားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG