သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် သွားဖွယ်ရှိ


အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် (Mr. Kurt Campbell) ဟာ မြန်မာ အပါအဝင် အာဆီယံ နိုင်ငံတွေကို ရှေ့သီတင်းပတ် အတွင်း သွားရောက်မယ်လို့ ဆိုပါတယ်။ မစ္စတာ ကမ်းဘဲလ် မြန်မာပြည်ကို ရောက်လို့ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်ရရင် ဒီမိုကရေစီ အင်အားစုတွေနဲ့ တွေ့ဆုံပြီး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကိစ္စ တိုက်တွန်း ပြောဆိုလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြည်တွင်းက မြန်မာ့အရေး လုပ်ဆောင်သူတွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် မြန်မာပြည်ကို ရှေ့သီတင်းပတ်အတွင်း သွားရောက်ဖို့ ရှိတဲ့အကြောင်း ဝါရှင်တန် အခြေစိုက် Center for Strategic & International Studies မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာ လေ့လာရေးဌာနက ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

ဒါဟာ အခုနှစ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း သတ်မှတ်ချက်တွေကို စစ်အစိုးရက ထုတ်ပြန်အပြီးမှာ အဆင့်မြင့် အမေရိကန် အရာရှိတယောက် မြန်မာပြည်ကို ပထမဆုံးအကြိမ် သွားရောက်မှာ ဖြစ်ပါတယ်။ မစ္စတာ ကာ့တ် ကမ်းဘဲလ် မြန်မာပြည်ကိုရောက်လို့ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ အမေရိကန် အစိုးရက အစဉ်တစိုက် တောင်းဆိုလာသလို သက်ဆိုင်သူအားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရေး ကိစ္စတွေကို တိုက်တွန်း ပြောဆိုလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

“ကျနော်တို့က အကောင်းပဲ မျှော်လင့်ပါတယ်။ အခု မြန်မာပြည်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရဖို့အတွက် ကမ္ဘာ့နိုင်ငံတွေက အားလုံး ဝိုင်းပြီး ဖိအားပေးကြတာကိုး။ အမေရိကန်နိုင်ငံကလည်း မြန်မာနိုင်ငံနဲ့ ပုံမှန်ဆက်ဆံရေး ဖြစ်ဖို့အတွက် ကြိုးပမ်းနေတယ်လေ။ အဲဒါကလည်း အဓိက တောင်းဆိုနေတဲ့ အချက်က ရွေးကောက်ပွဲမှာ all inclusive ဖြစ်ဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိဖို့ပဲ။ အဲဒီလို တိုက်တွန်းနေတာဆိုတော့ အခုလို မစ္စတာ ကမ်းဘဲလ် ဒီလိုအချိန်မျိုးမှာ လာတာဟာ ထူးခြားတယ်လို့ ကျနော်တို့လည်း မျှော်လင့်ပါတယ်။

“နှစ်ဘက် လက်ခံနိုင်တဲ့ အခြေအနေတခု ဖြစ်လာရင်တော့ တိုင်းပြည်အတွက် အလွန်ကောင်းတဲ့ အလားအလာတွေ ပေါ်လာမှာလို့ ကျနော်ကတော့ အဲဒီလို မြင်ပါတယ်။ အဲဒါက တဘက်နဲ့ တဘက် ဆွေးနွေးဖို့ ကြားဝင်ပြီး ဆောင်ရွက်ပေးတာမျိုး ဆိုရင်တော့ အကောင်းဆုံးအဖြေ ထွက်လာမယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။”

ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကတော့ အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ တဘက်မှာ လုပ်ဆောင်နေသလို တဘက်မှာလည်း စစ်အစိုးရကို တိုးတိုးတိတ်တိတ် တိုက်တွန်းရအောင် လာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“အမေရိကန် အနေနဲ့ တဘက်က စီးပွားရေး ကန့်သတ်ချုပ်ချယ်ထားသလို တဘက်ကလည်း ဆက်ဆံရေးကို ပျက်မသွားအောင် လုပ်နေတယ်။ ဒီထဲကနေပြီးတော့ တိုးတိုးတိတ်တိတ် ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းနေတယ်လို့ ဒီလိုပဲ နားလည်တယ်။ လာတာကလည်း သူတို့ တိုက်တွန်းဖို့ လာတယ်လို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ ဘာတို့ ရွေးကောက်ပွဲ ဝင်ခွင့်ပေးဖို့၊ ပါဖို့၊ ဒါမျိုးတွေ တိုက်တွန်းမယ် ထင်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ဝင်ခွင့်မပေးတဲ့ သဘောမျိုး လုပ်ထားတာဆိုတော့ ဒါက အမေရိကန် အစိုးရပဲဖြစ်ဖြစ်၊ ဒီ့ပြင်နိုင်ငံ အင်္ဂလိပ်ပဲဖြစ်ဖြစ်၊ ဥရောပ နိုင်ငံတွေကပဲဖြစ်ဖြစ် ဒါ လက်ခံနိုင်စရာအကြောင်း မရှိဘူးဆိုပြီး ပြောနေကြတော့ ဒီဟာနဲ့ ပတ်သက်ပြီး ဆွေးနွေးလိမ့်မယ်လို့ ထင်ပါတယ်။”

မစ္စတာ ကာ့တ် ကမ်းဘဲလ် မြန်မာပြည် ရောက်တဲ့အခါ နိုင်ငံရေးပါတီ ဖွဲ့စည်းတဲ့ ကိစ္စတွေပါ လေ့လာကောင်း လေ့လာနိုင်တယ်လို့ သခင်ချန်ထွန်းက ဆက်သုံးသပ်ပါတယ်။

“ဒီကျရင်တော့ သူက နိုင်ငံရေးပါတီ ဖွဲ့တာတို့ ဘာတို့ပါ လေ့လာမှာပေါ့လေ။ ဒီကလူတွေက လေ့လာထားတာရှိတော့ သူကလည်း တိုက်ရိုက် စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်တွေ့ပြီး၊ တကယ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ခွင့်ရရင် ဒီဘက်က တွေ့ခွင့်ရတဲ့ ပုဂ္ဂိုလ်တွေကို မေးမြန်းသွားဖို့ အစီအစဉ် ရှိမှာပေါ့။”

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေး ဖော်ဆောင်မှုတွေကို စစ်အစိုးရဘက်က လုပ်ဆောင်ခြင်း မရှိတဲ့အတွက် စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေးမူကို ပြန်လည် သုံးသပ်ကောင်း သုံးသပ်ရလိမ့်မယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့မှာပဲ မစ္စတာ ကာ့တ် ကမ်းဘဲလ်က မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာ လေ့လာရေးဌာနမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်၊ မလေးရှား ဆက်ဆံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါသေးတယ်။

မစ္စတာ ကာ့တ် ကမ်းဘဲလ်ဟာ အမေရိကန်နိုင်ငံရဲ့ အဆင့်မြင့် အရာရှိတယောက် အနေနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် မြန်မာပြည်ကို သွားရောက်ပြီး စစ်အစိုးရ အရာရှိတွေနဲ့ရော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ မစ္စတာ ကမ်းဘဲလ်ဟာ ဒီကြားထဲ မြန်မာပြည်ကို သွားရောက်နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ အခုမှ သွားခွင့်ရမယ်ဆိုတဲ့ သတင်း ထွက်လာတာပါ။

ဥရောပသမဂ္ဂကလည်း သူတို့ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးသံတမန် မစ္စတာ ပီယာရို ဖက်ဆီနို (Piero Fassino) ကို မြန်မာပြည်ကို လွှတ်နိုင်ဖို့ စီစဉ်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG