သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်ဝတ်လဲ စစ်အရာရှိတွေ သိုးရေခြုံတဲ့ ဝံပုလွေမျိုး မဖြစ်ဖို့ အမေရိကန် သတိပေး


အရပ်ဝတ်လဲ စစ်အရာရှိတွေ သိုးရေခြုံတဲ့ ဝံပုလွေမျိုး မဖြစ်ဖို့ အမေရိကန် သတိပေး
အရပ်ဝတ်လဲ စစ်အရာရှိတွေ သိုးရေခြုံတဲ့ ဝံပုလွေမျိုး မဖြစ်ဖို့ အမေရိကန် သတိပေး

မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ စစ်တပ်က အနားယူပြီး ရွေးကောက်ပွဲမှာ အရပ်သား နိုင်ငံရေးသမားတွေ အဖြစ် ပါဝင်ဖို့ ပြင်ဆင်နေတဲ့ တချိန်တည်းမှာ တိုင်းပြည်ကိုလည်း စစ်မှန်တဲ့ နိုင်ငံရေး အခွင့်အလမ်းတွေ ဖွင့်ပေးနိုင်အောင် ပြင်ဆင်ဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ မြန်မာ့အရေး ပြောဆိုချက်တွေအကြောင်း ဗွီအိုအေ သတင်းထောက် ဒေးဗစ် ဂေါလပ်စ်တ် (David Gollust) ရဲ့ သတင်းပေးပို့ချက်နဲ့ အတူ ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

<!-- IMAGE -->

စစ်အုပ်ချုပ်ရေး အောက်ကနေ အရပ်ဝတ်လဲတယ်၊ ရွေးကောက်ပွဲမှာ အရပ်သားတွေအဖြစ် ပါဝင်ဖို့ ပြင်ဆင်တယ် ဆိုတာမျိုးက ယျေဘုယျအားဖြင့်တော့ တိုးတက်မှုလို့ သုံးသပ်နိုင်ပါတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဒါပေမဲ့လည်း ဝံပုလွေက သိုးရေခြုံတာမျိုး မဟုတ်ဘဲ စစ်မှန်တဲ့ နိုင်ငံရေး အခွင့်အလမ်းတွေ တံခါးဖွင့်ပေးနိုင်အောင် ပြင်ဆင်ဖို့ သူက ဥပမာပေးပြီး အဓိက ပြောဆိုသွားတာပါ။

ဘယ်သူက ဘာဝတ်ထားတယ် ဆိုတာမျိုး၊ လူတွေရဲ့ ဝတ်စားဆင်ယင်မှုကို အခြေခံပြီး တိုးတက်မှုတခုလို့ သတ်မှတ်ချက်မျိုးထက် လူ့အဖွဲ့အစည်းအတွက် အမှန်တကယ် အကျိုးရှိအောင် လုပ်ဆောင်သူတွေ ဖြစ်ဖို့ ပိုအရေးကြီးတယ် ဆိုတာကို အဓိက ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံ အမှန်တကယ် လိုအပ်နေတာက ပွင့်လင်းတဲ့၊ စစ်မှန်တဲ့ နိုင်ငံရေး လှုပ်ရှားနိုင်ခွင့် အခွင့်အလမ်းတွေ ဖန်တီးဖို့ပါ။ စစ်တပ်အရာရှိဟောင်း၊ ဗိုလ်ချုပ်ဟောင်းတွေ အတွက်တင် မဟုတ်ပါဘူး၊ မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ လုပ်ဆောင်ချင်တဲ့ လူအားလုံး အတွက်ပါ။ ဒီလို နိုင်ငံရေး အခွင့်အရေးတွေ ပေးနိုင်အောင် စစ်အစိုးရ ခေါင်းဆောင်တွေ လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါကို သူတို့ လုပ်ဆောင်ဖို့ ဝန်လေးနေပါတယ်။”

မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းတွေ အားလုံး ပါဝင်ခွင့်ပေးဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တခုဖြစ်အောင် ကျင်းပဖို့ အမေရိကန် အစိုးရက တောင်းဆိုနေပေမဲ့ မြန်မာနိုင်ငံအပေါ် ကျင့်သုံးမယ့် လက်တွေ့ကျ ထိတွေ့ဆက်ဆံရေး မူကိုတော့ လောလောဆယ် ပြန်ပြီး သုံးသပ်ဖို့ မရှိသေးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

တချိန်တည်းမှာ စစ်အစိုးရ ချမှတ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ နိုင်ငံတကာ အဆင့်အတန်း၊ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့ မညီတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီက ထည့်သွင်း ပြောဆိုသွားပါတယ်။

“ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ စိတ်မကောင်း ဖြစ်မိပါတယ်။ နိုင်ငံတကာ အဆင့်အတန်းနဲ့ နှိုင်းယှဉ်ရင် တော်တော်လေး နိမ့်ကျနေတာကို တွေ့ရပါတယ်။ နိုင်ငံရေး လှုပ်ရှားခွင့်တွေ ဖွင့်ပေးရမယ်၊ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲ ကျင်းပရပါလိမ့်မယ်။ အခု အရပ်သားအဖြစ် အသွင်ပြောင်းလိုက်တဲ့ စစ်ဗိုလ်ချုပ်တွေက ဒီလို နိုင်ငံရေး အခွင့်အရေးတွေ တံခါးဖွင့်ပေးမယ် ဆိုရင်တော့ ကျနော်တို့က ဒါကို တိုးတက်မှုလို့ ပြောနိုင်ပါတယ်။”

ဒီအတောအတွင်း ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဟာ အာရှဒေသကို ခရီးထွက်ဖို့ ပြင်ဆင်နေပြီး မြန်မာနိုင်ငံကိုလည်း မကြာခင် ရက်ပိုင်းအတွင်း သွားရောက်ဖို့ ရှိတယ်လို့ သံတမန် သတင်းရပ်ကွက်နဲ့ ဝါရှင်တန်မြို့တော် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက ပြောဆိုနေပါတယ်။

မစ္စတာ ကာ့တ် ကမ်းဘဲလ်ဟာ ပြီးခဲ့တဲ့နှစ် ခရီးစဉ်မှာတော့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ တွေ့ဆုံခဲ့ပါတယ်။ ဒီတကြိမ် ထပ်မံ သွားရောက်မယ်ဆိုရင် ဒုတိယအကြိမ် ခရီးစဉ် ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မစ္စတာ ကာ့တ် ကမ်းဘဲလ် မြန်မာနိုင်ငံကို သွားမသွား အတည်ပြု ပြောဆိုခြင်း မရှိပါဘူး။ ခရီးစဉ် အခု ရေးဆွဲနေဆဲဖြစ်ပြီး အတိအကျ သွားမယ့် နေရာတွေကိုတော့ နောက်မှ အသိပေးမှာ ဖြစ်တဲ့အကြောင်း သတင်းထောက်တွေရဲ့ အမေးကို ပီ.ဂျေ ခရော်လီက ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG