သုံးရလွယ်ကူစေသည့် Link များ

နယူးယောက်ခ် ကားထောင်ဗုံးခွဲ ကြံစည်သူကို စွဲချက်တင်ပြီ


နယူးယောက်ခ် ကားထောင်ဗုံးခွဲ ကြံစည်သူကို စွဲချက်တင်ပြီ
နယူးယောက်ခ် ကားထောင်ဗုံးခွဲ ကြံစည်သူကို စွဲချက်တင်ပြီ

လူစည်ကားရာ နယူးယောက်ခ်မြို့လယ်က တိုင်းမ်စ်ကွဲ (Times Square) မှာ ကားဗုံးထောင် ဖောက်ခွဲသတ်ဖြတ်ဖို့ ကြိုးစားခဲ့မှု၊ အကြမ်းဖက်မှုတွေနဲ့ ပါကစ္စတန်နိုင်ငံဖွား အမေရိကန် နိုင်ငံသား တယောက်ကို အမေရိကန် အာဏာပိုင်တွေက စွဲချက် တင်လိုက်ပါတယ်။

<!-- IMAGE -->

အသက် ၃၀ အရွယ် ဖိုင်ဇယ်လ် ရှာဇတ်ဒ် (Faisal Shahzad) ကို အမှု ၅ မှုနဲ့ အင်္ဂါနေ့က စွဲဆိုလိုက်ပါတယ်။ နယူးယောက်ခ်ကနေ ဒူဘိုင်းနိုင်ငံကို ထွက်ခွာဖို့ ကြိုးစားနေတုန်းမှာ သူ့ကို တနင်္လာနေ့က ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ဖောက်ခွဲရေးသင်တန်း တက်ခဲ့တယ်လို့ အာဏာပိုင်တွေကို သူက ဝန်ခံခဲ့ပါတယ်။ ဒူဘိုင်းကို ထွက်ခွာမယ့် လေယာဉ်ပေါ်ရောက်အောင် သူ ဘယ်လိုသွားခဲ့တယ် ဆိုတာကိုလည်း စုံစမ်း စစ်ဆေးသူတွေက စစ်ဆေးနေပါတယ်။

သူ့ကို မဖမ်းခင် နာရီအတော်ကြာကြာ ကတည်းက လေယာဉ်မစီးရသူများ စာရင်းမှာ သူ့နာမည်ကို ထည့်ထားပြီး ဖြစ်ပေမဲ့ သူက လေယာဉ်ပေါ်ကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

သူဟာ အာဏာပိုင်တွေ စစ်မေးသမျှကို ဖြေကြားနေပြီး တန်ဖိုးရှိလှတဲ့ သတင်းအချက်အလက်တွေကို ပေးနေပါတယ်လို့ ဗဟိုအစိုးရ ထောက်လှမ်းရေးဗျူရို FBI ဒုတိယ ညွှန်ကြားရေးမှူး ဂျွန် ပစ်စ်တိုးလ် (John Pistole) က ပြောပါတယ်။

စောစောပိုင်းတုန်းကတော့ နိုင်ငံတော် အစိုးရရှေ့နေချုပ် အဲရစ် ဟိုလ်ဒါ (Eric Holder) က ဒီတိုက်ခိုက်မှုကို အမေရိကန် ပြည်သူတွေကို သတ်ဖို့ ရည်ရွယ်တဲ့ အကြမ်းဖက်မှုအဖြစ် ပြောဆိုခဲ့ပါတယ်။ ဖောက်ခွဲသူက သူတယောက်တည်း လုပ်ခဲ့တယ်လို့ ပြောဆိုပေမဲ့ ပါဝင် ပတ်သက်နေနိုင်တဲ့ တခြားသူတွေကိုလည်း စစ်မေးနေဆဲ ဖြစ်တယ်လို့ တာဝန်ခံတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ ပါကစ္စတန် တောင်ပိုင်းက ကရာချိမြို့မှာ ကားဗုံးအစီအစဉ်နဲ့ ပတ်သက်နိုင်သူ အနည်းဆုံး လူတယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ပါကစ္စတန် ထောက်လှမ်းရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ ရှေ့နေချုပ် အဲရစ် ဟိုလ်ဒါကတော့ ဒီသတင်းကို အတည်မပြုပါဘူး။

ပါကစ္စတန် အရာရှိတွေဟာ ရှာဇတ်ဒ်ရဲ့ မိသားစုဝင်တချို့ အပါအဝင် နယူးယောက်ခ်မှာ ဗုံးဖောက်ခွဲဖို့ ကြိုးစားသူ အများအပြားကို ဖမ်းဆီးခဲ့တယ်လို့ အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။ ရှာဇတ်ဒ်ဟာ ပါကစ္စတန်နိုင်ငံကို ၅ လကြာ လာရောက်ခဲ့ပြီး မကြာခင်ကမှ အမေရိကန်နိုင်ငံကို ပြန်ခဲ့တာလို့လည်း ပြောပါတယ်။

ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး ရာမန် မာလစ်ခ် (Rehman Malik) ကတော့ အမေရိကန်နိုင်ငံရဲ့ စုံစမ်း စစ်ဆေးမှုတွေအတွက် ပါကစ္စတန် အစိုးရက အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်မယ်လို့ ကတိပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG