သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ ကတိတည်ရေး လူ့အခွင့်အရေး ကိုယ်စားလှယ် သတိပေး


မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ ကတိတည်ရေး လူ့အခွင့်အရေး ကိုယ်စားလှယ် သတိပေး
မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ ကတိတည်ရေး လူ့အခွင့်အရေး ကိုယ်စားလှယ် သတိပေး

မြန်မာစစ်အစိုးရ အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ ကတိကို တည်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးပြီး အဖွဲ့အစည်းအားလုံး ပါဝင်တဲ့၊ အများလက်ခံ ယုံကြည်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်အောင် ကြိုးစားဖို့ ကုလသမဂ္ဂ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojea Quintana) က မေလ ၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာ ရွေးကောက်ပွဲတွေလိုမျိုး လူ့အခွင့်အရေးကို လေးစားတဲ့ စံနှုန်းတွေ ရှိဖို့ လိုတယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ဒီနှစ် ဖေဖော်ဝါရီလထဲမှာ လာရောက် စစ်ဆေးခဲ့တဲ့ မစ္စတာ ကင်တားနားက မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲအတွက် အများယုံကြည် လက်ခံတဲ့ အခြေအနေမျိုး ဖန်တီးပေးဖို့ ကြေညာချက်တစောင် ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေ အတွက် မှတ်ပုံတင်ဖို့ နောက်ဆုံးရက်ဟာ မေလ ၇ ရက်နေ့ ဖြစ်ပြီး ကျင်းပမယ့်ရက်ကို မသတ်မှတ်ရသေးတဲ့၊ ဒီနှစ်ထဲ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကို အများက လက်ခံ ယုံကြည်လာဖို့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေ၊ အာဆီယံနဲ့ ကုလသမဂ္ဂရဲ့ တောင်းဆိုမှု အားလုံးကို မြန်မာစစ်အစိုးရ အနေနဲ့ တုံ့ပြန် အဖြေပေးဖို့ အချိန်မနှောင်းသေးဘူးလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။ ဒါ့အပြင် …

“အခု ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကို အများက လက်ခံ ယုံကြည်တဲ့ ရွေးကောက်ပွဲတခု ဖြစ်လာဖို့၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူတွေကို လွှတ်ပေးဖို့ ကျနော် တောင်းဆိုပါတယ်။ ဒါမှလည်း ရွေးကောက်ပွဲမှာ သူတို့ ပါဝင်လာနိုင်မှာပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်မပေးရင် သူတို့ရဲ့ ပါတီတွေ ရွေးကောက်ပွဲ မဝင်ဘူးလို့ ဆုံးဖြတ်ထားချက်တွေကို ပြန်ပြီး စဉ်းစားလာမှာ ဖြစ်တဲ့အပြင် ဒီလို ပါတီပေါင်းစုံ ပါဝင်မှသာ အများလက်ခံ ယုံကြည်တဲ့ ရွေးကောက်ပွဲတခု ဖြစ်လာမှာပါ။”

အခုအချိန်ဟာ မြန်မာစစ်အစိုးရအတွက် အချိန်ကောင်း အခါကောင်းဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ ပြသဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့အတွက် နိုင်ငံတကာကပါ ပါဝင်ပြီး ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနဲလ် (Mitch McConnell) ဦးဆောင်တဲ့ လွှတ်တော်အမတ်တွေက မြန်မာနိုင်ငံမှာ သိသာတဲ့ ပြောင်းလဲမှုတွေ အခုထိ မတွေ့ရသေးတဲ့အတွက် ပိုမိုပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ဖို့ ဗုဒ္ဓဟူးနေ့မှာပဲ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာစစ်အစိုးရ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကိုရော ဒီဥပဒေအရ ကျင်းပဖို့ လုပ်နေတဲ့ ရွေးကောက်ပွဲကိုပါ အမေရိကန် အစိုးရက အသိအမှတ် မပြုဖို့လည်း တောင်းဆိုခဲ့ပါတယ်။ အမေရိကန် နိုင်ငံဘက်က အခုလို တောင်းဆိုရတဲ့ အခြေအနေမျိုး ရောက်နေတဲ့ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မစ္စတာ ကင်တားနားဘက်က ဘယ်လိုမြင်ပါသလဲလို့ မေးကြည့်တော့…

“ကျနော့်အမြင်ကို ပြောရရင်တော့ မြန်မာနိုင်ငံကို ကျနော်သွားခဲ့ရတဲ့ ခရီးစဉ်အတွင်း တွေ့ရတဲ့ အတွေ့အကြုံတွေအရ မြန်မာအာဏာပိုင်တွေရဲ့ လုပ်ဆောင်မှုတွေဟာ ကျနော်တို့ မျှော်လင့်ထားသလို သိသိသာသာ ပြုပြင် ပြောင်းလဲလာတာမျိုး မတွေ့ရပါဘူး။ ဒီလိုလုပ်ဆောင်မှုတွေဟာ မြန်မာနိုင်ငံတွင်းက ဆင်းရဲတဲ့ ပြည်သူတွေမှာ ထင်ဟပ်နေတာကို တွေ့ရပါတယ်။ ဒီပြည်သူတွေရဲ့ လက်ခံမှု၊ ယုံကြည်မှု၊ လိုအပ်ချက်တွေကို ကျနော်တို့ ထည့်သွင်း စဉ်းစားရမှာပါ။”

မကျင်းပသေးတဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြီး ဘာမှ မပြောချင်ပေမဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တယောက် အနေနဲ့ မြန်မာစစ်အစိုးရ ကြေညာခဲ့သလို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်အောင် ကျင်းပပေးဖို့ တောင်းဆိုတယ်လို့လည်း ပြောပါတယ်။ ဒီရွေးကောက်ပွဲဟာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ ကျင်းပပေးရမှာဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ အနေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ရွေးကောက်ပွဲ ထုံးစံအတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု၊ လွတ်လပ်စွာ စုရုံးခွင့်တွေကို ပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

“ဒီရွေးကောက်ပွဲကို မြန်မာစစ်အစိုးရက စီစဉ်ခဲ့တာပါ။ ဘယ်ရွေးကောက်ပွဲမျိုး မဆို၊ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေထဲက ဘယ်နိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမျိုးမဆို လူ့အခွင့်အရေးကို လေးစားတဲ့ စံနှုန်းတွေ ရှိရပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် အနေနဲ့ ဒီရွေးကောက်ပွဲ ကျင်းပတဲ့ အခြေအနေတွေ အားလုံးကို ကျနော်က အစီရင်ခံရမှာပါ။ ဒါကြောင့် ရွေးကောက်ပွဲကို အများက လက်ခံစေချင်တယ် ဆိုရင် လူ့အခွင့်အရေး စံနှုန်း ပြည့်မီအောင် မြန်မာစစ်အစိုးရက ကြိုးစားဖို့ ကျနော် အကြံပေးချင်ပါတယ်။”

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား ပြောသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG