ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ကျနော်မေးချင်တာကတော့ အခုမြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ အင်အားကို နှိုင်းယှဉ်ကြည့်ချင်တာက အပစ်ခတ်ရပ်စဲခဲ့တုန်းက သူတို့ အင်အားမတိုးချဲ့ ရဘူးဆိုပြီး သဘောတူညီချက် ယူခဲ့သလားမသိဘူး။ အပစ်ခတ်ရပ်စဲပြီး နောက်ပိုင်းမှာ သူတို့ အင်အားပိုကောင်းလာတယ်ဆိုရင် မှန်ပါသလား။
ဦးခွန်စိုင်း ။ ။ ဟုတ်ပါတယ်။ သူတို့ အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်းမှာ လူအင်အား၊ လက်နက်အင်အား ပိုကောင်း လာတယ် ဆိုတာ ဟုတ်ပါတယ်။ လက်နက်အင်အား၊ လူအင်အား မတိုးချဲ့ ရဘူးဆိုတာက အပစ်အခတ်ရပ်စဲရေးကို စတင်တုန်းကတော့ ဒီလို သဘောတူညီချက်မျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ အပစ်ခတ်ရပ်စဲ နောက်ပိုင်းမှာ ဒါကို မလုပ်သင့်ဘူး၊ ဟိုဟာမလုပ်သင့်ဘူး စတာတွေ တခုပြီးတခု ရှိလာခဲ့ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီလို လက်နက်အင်အား၊ စစ်အင်အား ကောင်းလာရုံတင်မကဘူး ကိုနော်ဒင်း ဘယ်လို သဘောရ ပါသလဲ။ ကျနော်တခုမြင်တာက သူတို့က အပစ်အခတ်ရပ်စဲနောက်ပိုင်းမှာ မြို့ ပေါ်မှာ သွားရောက်နေထိုင်နိုင်တော့ လူထုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့မှုရပြီး စည်းရုံးရေးလည်း ပိုသာလာတယ်လို့ဆိုရင် မှန်ပါသလား။
ကိုနော်ဒင်း ။ ။ ဟုတ်ကဲ့ မှန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပစ်အခတ်ရပ်စဲလုပ်တဲ့အချိန်တုန်းကတော့ အပြန်အလှန် နားလည်းမှုတွေ ရယူပြီးတော့ လူထုဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ပြီး တချိန်ချိန်မှာ နှစ်ဘက်ကြားမှာ နိုင်ငံရေးအရ အဖြေရှာ ဆွေးနွေးသွားဖို့အတွက် အဲဒီလို သဘောတူထားတာဖြစ်တယ်။ တဘက်ကလည်း လက်နက်ကိုင် အဖွဲ့အစည်း တွေက သူတို့ရဲ့  နိုင်ငံရေးမျှော်မှန်းချက်အရ ဘယ်လိုနည်းလမ်းနဲ့ သွားမယ်ဆိုတာကို အပစ်အခတ် ရပ်စဲ ထားတဲ့အချိန်မှာ သူတို့က လူထုဖွံ့ဖြိုးရေးလုပ်ငန်းတို့၊ တခြားလုပ်ငန်းနည်းလမ်းတွေအမျိုးမျိုးနဲ့ လူထုစည်းရုံးရေး လုပ်ငန်းတွေကို လုပ်ခဲ့ပါတယ်။ ဥပမာ စစ်အစိုးရအနေနဲ့ ကချင်ပြည်နယ်မြို့ တော် မြစ်ကြီးနားမြို့ ကို လျှပ်စစ်မီး မပေးနိုင် ခဲ့ပါဘူး။ ဒါကို ပြီးခဲ့တဲ့ ၂၀၀၆ ကှစပြီး ကျနော်တို့ KIO (Kachin Independence Organization) က ဦးဆောင်လုပ်ခဲ့တဲ့ ရေအား လျှပ်စစ် ထုတ်လုပ်မှုမှာ ကချင်ပြည်နယ်မြို့ များကို နေ့ညလျှပ်စစ်မီး ပေးလာနိုင်ခဲ့တယ်။ ဆိုတော့ အပစ်အခတ် ရပ်စဲရေးအဖွဲ့တွေ အနေနဲ့ ဒီလိုမျိုး သူတို့ရဲ့  တော်လှန်ရေးအချိန်မှာ တတ်နိုင်သလောက် လူထုတွေကို စည်းရုံးဖို့တွေကို လုပ်နိုင်တာကို တွေ့မြင်ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါတွေဟာ လူထုနဲ့ ပိုပြီးထိတွေ့လာတယ်ဆိုတာ ကောင်းတဲ့အလားအလာပါ။ ဆက်ပြီးတော့ သူတို့ဟာ စစ်အစိုးရနဲ့ နိုင်ငံရေးသဘောတူညီချက်ရပြီး ငြိမ်းချမ်းရေးရသွားရင်တော့ သိပ်ကောင်းတဲ့ကိစ္စပေါ့။ ဒါပေမဲ့ အခုအခါမှာ အဲဒီလို အလားအလာကောင်းတွေ ဖြစ်ထွန်းမယ့်သဘော၊ ငြိမ်းချမ်းရေး လုံးဝဥဿုံရနိုင်မယ့် အလားအလာ ဘယ်လောက် ရှိပါသလဲ။ ရှိမှရှိပါရဲ့လား။
ဦးခွန်းစိုင်း ။ ။ အခု အပေါ်ယံကို ကြည့်မယ်ဆိုလိုရှိရင်တော့ စိတ်ပူစရာအများကြီးကောင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တဘက်ကလည်း နအဖ က ရာဇသံတွေ ထပ်ခါပေးတယ်။ နောက်ဆုံးရက် (deadline) တွေ သတ်မှတ်တာလည်း တခါပြီး တခါ သတ်မှတ်နေတယ်။ နောက်ပြီးတော့လည်း တဖက်ကလည်း စစ်အင်အားတွေ တိုးချဲ့ ၊ နှစ်ဘက်ရင်ဆိုင်ရမယ့် နေရာတွေမှာ စစ်အင်အားတွေ တိုးချဲ့ နေကြတယ်။ ပြီးတော့ သူတို့ ဆွေးနွေးနေတာတွေလည်း တခုမှ မအောင်မြင်ဘူး။ အဲဒီတော့ ဒါတွေကို အပေါ်ယံကြော ကြည့်မယ်ဆိုရင်တော့ တော်တော်ကြီးကို စိတ်ပူစရာကောင်းပါတယ်။ သို့သော်လည်း နောက်တဖက်ကို ပြန်ကြည့်မယ်ဆိုရင် ဒီနောက်ဆုံးရက်တွေ သတ်မှတ်တာက တခါတည်းမဟုတ်ဘူး (၅) ကြိမ် ရှိသွားခဲ့ပြီ။ နောက်ဆုံးအခုတခါဆိုရင် နောက်တခါ နောက်ဆုံးရက်ကို ပြန်သတ်မှတ်တဲ့သဘော ကြားနေရတယ်။ တဘက်ကလည်း နှစ်ဘက်ပြန်ဆွေးနွေးဖို့ ကြိုးစားနေတာ တွေ့နေရတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒါ ဝအဖွဲ့နဲ့လား။
ဦးခွန်းစိုင်း ။ ။ ဝအဖွဲ့နဲ့မကဘူး SSA (Shan State Army)၊ မုန်းလားအဖွဲ့တို့နဲ့။ ကချင်ဘက်ကတော့ ကိုနော်ဒင်း က ကျနော်ထက် ပိုသိပါတယ်။ SSA အဖွဲ့နဲ့ ဘယ်လိုပြောသလည်းဆိုရင် နောက်ဆုံးကြတော့ တပ်မဟာ (၃) နဲ့ (၇) တို့နဲ့ သဘောတူညီချက်တော့ ရထားတယ်။ ဒါပေမဲ့ တပ်မဟာ (၁) နဲ့ မရသေးဘူး။ ဒီအတွက် တပ်မဟာ (၁) ကို ကြိုးစား ပြီးတော့ အချင်းချင်း စည်းရုံးကြပါ။ အနည်းဆုံးတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ သေနတ်သံမထွက်ပါစေနဲ့လို့ အရှေ့ မြောက် တိုင်းမှုး ဗိုလ်ချုပ်အောင်သန်းထွဋ် က အဲဒီလို မှာကြားတယ်လို့ ကြားသိရပါတယ်။
ဦးကျော်ဇံသာ ။ ။ ကေအိုင်အို နဲ့ ဆက်ဆံရေးအခြေအနေကို ကိုနော်ဒင်း အနေနဲ့ အကျဉ်းချုံး ပြောပြပေးပါ။
ကိုနော်ဒင်း ။ ။ အခြေအနေကတော့ ဧပြီလ (၁၇) ရက်နေ့နဲ့ ဧရာဝတီမြစ်ဆုံရေကာတာ ဗုံးဖေါက်တဲ့နောက်ပိုင်းမှာ အခြေအနေကတော့ အရင် အပစ်ခတ်ရပ်စဲ (ceasefire) မတိုင်ခင် အခြေအနေမျိုးကို ပြန်ရောက်သွားတယ်လို့ ကျနော် မြင်တယ်။ အဲဒါက ဘာလည်းဆိုတော့ သာမန်ပြည်သူလူထုတွေကို စစ်ဆေးမေးမြန်းမှု၊ ညအချိန်မှာ ကြိုတင် အကြောင်းကြားမှု မရှိဘဲ ဧည်စာရင်းစစ်တာတွေကို စစ်အစိုးရက အကြီးအကျယ်လုပ်နေတယ်။ နောက်ပြီးတော့ သူတို့အနေနဲ့ မြစ်ဆုံရေကာတာ ဗုံးဖေါက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တချို့ မသင်္ကာတဲ့ ကေအိုင်အို အဖွဲ့ဝင်တွေကို မြစ်ကြီးနားမြို့  နေရာတွေမှာ ဖမ်းဆီးထားတယ်ဆိုတာတွေ ကြားသိရတယ်။ ဒီနေ့ပဲ ကျနော်တို့ ကြားသိရတာက ပြီးခဲ့တဲ့ စနေနေ့ကပဲ ကေအိုင်အို အဖွဲ့ဝင်တဦးကို သူ့နေအိမ်ကနေ မြစ်ဆုံဗုံးဖေါက်မှု မသင်္ကာမှုနဲ့ ဖမ်းဆီးခဲ့တယ်။ အခြေအနေ ကတော့ နအဖ အနေနဲ့ သူဘက်ကတော့ ကချင်တွေကို နည်းအမျိုးမျိုးနဲ့ ကချင်တွေဘက်က စပြီး ပစ်ခတ်လာအောင်၊ စတင်တိုက်လာအောင် နည်းအမျိုးမျိုးသုံးပြီး ဖန်တီးလုပ်နေတယ်ဆိုတာကို သိရတယ်။ ကေအိုင်အို ဘက်ကတော့ စိတ်ရှည်လက်ရှည်နဲ့ တိုက်ခိုက်မှုကို နောက်ဆုံးတိုင် ရှောင်မယ်ဆိုတာကို သိရှိရတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကိုနော်ဒင်း ပြောဆိုချက်အရ ကေအိုင်အို၊ ကေအိုင်အေ ဘက်ကတော့ ဖြစ်တဲ့နည်းနဲ့ စစ်ရေးပဋိပက္ခကို ရှောင်ကျဉ်တာကို တွေ့ရတယ်လို့ဆိုတယ်။ ဦးခွန်စိုင်း ပြောတာကတော့ တိုင်းမှုးက ရွေးကောက်ပွဲ မတိုင်ခင်တော့ သေနတ်သံ မကြားရပါစေနဲ့ ပြောထားတယ်ဆိုတော့ နှစ်ဘက်စလုံးကတော့ ရေတိုအားဖြင့်တော့ မပစ်ချင်မခတ်ချင်ကြဘူးပေါ့။ ရွေးကောက်ပွဲပြီးရင် သူတို့ အာမ မခံနိုင်ဘူးလား။
ဦးခွန်စိုင်း ။ ။ ဟုတ်ကဲ့ အခု နအဖ အနေနဲ့ တဖက်က တိုက်ခိုက်ဖို့ ပြင်ဆင်ထားပေမယ့် အဆင့်သင့် မဖြစ်သေးဘူး။ နိုင်ငံခြားရေးအရ နဲ့ နိုင်ငံအတွင်း အခြေအနေအရ အဆင်သင့် မဖြစ်သေးဘူး။ တရုတ်အစိုးရကလည်း ဒီလို မဖြစ်အောင် အမျိုးမျိုးကြိုးစားနေတယ်။ တဖက်ကလည်း အမေရိကန်ထောက်ခံမှု ရမလားဆိုတဲ့ ကြိုးစားနေတာကြောင့် မဖြစ်ဘူး။ ဒီတော့ နအဖ ကတော့ မဖြစ်အောင် ကြိုးစားမယ်လို့ ထင်တယ်။ ဒီလိုမျိုး အခြေအနေမှာ အခုလောလောဆယ်ဖြစ်ဖို့ တော်တော်နည်းတယ်ဆိုပေမယ့် စိတ်ချရတဲ့ အခြေအနေမဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တဘက်က စစ်ပြင် နေတယ်။ တဘက်က နအဖဘက်က စစ်မတိုက်ပေမဲ့ ဝအဖွဲ့တို့ အပစ်ခတ်ရပ်စဲထားတဲ့အဖွဲ့တွေရဲ့  အတွင်း သူတို့ရဲ့  ညီညွှတ်မှုကို ဖြိုခွင်းနေတယ်။ ဒီကိစ္စတွေက စစ်မတိုက်ချင်ပေမယ့် တိုက်ဖို့ဖြစ်လာနိုင်တဲ့အခြေအနေ အချိန်မရွေး ရှိနေတယ်ဆိုတာ သေချာပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုနော်ဒင်း ကို ကျနော်မေးချင်တာက အခု ကေအိုင်အို အဖွဲ့အစည်းတွေက အပစ်အခတ်ရပ်စဲပြီးနောက် မြို့ ပေါ် နဲ့ ပြည်သူလူထုအကျိုးပြုလုပ်ငန်းတွေ အကုန်လုပ်ကိုင်နေတော့ ပြည်သူနဲ့ ပိုပြီး ရောထွေးယှက်တင်နေတဲ့ သဘော။ ဦးခွန်စိုင်း ပြောခဲ့သလို နောက်ပိုင်းမှာ မလွဲမရှောင် ပြည်တွင်းစစ် ဖြစ်လာခဲ့မယ်ဆိုရင် ဟိုတုန်းကလို တောမှာ စစ်တပ်နဲ့ ကေအိုင်အို ထိပ်တိုက် တိုက်ခိုက်ရုံမကဘဲ မြို့ ပေါ်တွေပါ ပျံနှံလာနိုင်တဲ့ အခြေအနေ မရှိဘူးလား။
ကိုနော်ဒင်း ။ ။ ကေအိုင်အို နဲ့ ကချင်လူမျိုးတွေကတော့ ဘာဘဲပြောပြော ကိုယ့်ရဲ့  မျှော်မှန်တဲ့ နိုင်ငံရေးပန်းတိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် နဲ့ မြန်မာပြည် စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု အရေးကိစ္စအတွက် ကျနော်တို့ မတိုက်ဘဲနဲ့ ရမှာမဟုတ်ဘူးဆိုတဲ့ ခံယူချက်ကို အခုအချိန်မှာ ပိုပြီးပြင်းထန်လာတာကို သိရတယ်။ ဘာကြောင့်လည်းဆိုတော့ ကေအိုင်အို အနေနဲ့ ပြီးခဲ့တဲ့ အမျိုးသားညီလာခံလုပ်တဲ့အချိန် နဲ့ referendum လုပ်တဲ့အချိန်အထိ စိတ်ရှည်လက်ရှည်နဲ့ နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းဖို့အတွက် အကြိမ်ကြိမ်တင်ပြခဲ့တယ်၊ ဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ ကောင်းမွန်တိုးတက်တဲ့ အဖြေပြန်မရခဲ့ဘူး။ တဖက်က ဒီလိုအခြေအနေမှာ ကေအိုင်အို ကို ဖျက်သိမ်းရေးကိစ္စကို နအဖက လုပ်ကိုင်နေတယ်။ အခုလည်း နယ်ခြားစောင့်တပ်ဖွဲ့ဆိုတာ ကေအိုင်အို ခေါင်းဆောင်များရဲ့  အပြောအရဆိုရင် Road Map လမ်းပြမြေပုံ (၇) ချက်ထဲမှာ မပါဘူး။ နောက်ပြီး ceasefire လုပ်တဲ့အချိန်မှာလည်း border guard post ဆိုတာ မပါဘူး။ ဒါကို နေပြည်တော် ရှိ အရာရှိတွေအနေနဲ့က ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရဲ့  စိတ်ကောင်းစေတနာနဲ့ ဒါကို လုပ်ခဲ့ခြင်းဖြစ်တယ်ဆိုတာကို အမြဲတမ်း ပြောနေကြတယ်။ ဆိုတော့ ဘာမှ ညှိနှိုင်းလို့မရဘူးဆိုရင် ဒီကိစ္စအပေါ်မှာ ကချင်ပြည်သူလူထု နဲ့ ကေအိုင်အို လက်တွဲဖို့ အဆင်သင့် အနေအထားမှာရှိတယ်။ တဘက်မှာလည်း စည်းလုံး ညီညွှတ်မှုတွေကလည်း အရင်ကထက်စာရင် အခု အချိန်မှာ ပိုများလာတယ်။ အဲဒါကြောင့်မို့ ဒီအချိန်မှာ စစ်ပွဲဖြစ်လာခဲ့ရင် ကေအိုင်အို အနေနဲ့ တရုတ်ပြည်ဘက်က စစ်ရေး အရ၊ နိုင်ငံရေးအရ ကူညီမှုတွေကို အဓိကရနိုင်ဖို့တော့ အခွင့်အရေး မရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့  နည်းလမ်းအားဖြင့် ခုခံ တိုက်ခိုက်ဖို့ အဆင်သင့်အနေအထားရှိပြီးလို့ သိရတယ်။ ကေအိုင်အို က စစ်ဖြစ်လာခဲ့ရင် အရင်ကတော့ တောထဲမှာ ဖြစ်တာများတယ်။ အခုနောက်ပိုင်းမှာ မြို့ ပြတိုက်ပွဲ နဲ့ တောတိုက်ပွဲ နည်းလမ်းနှစ်မျိုးနဲ့ အတတ်နိုင်ဆုံး ပြည်သူလူထုတွေနဲ့ ပူးပေါင်းပြီး လုပ်ဖို့ ပြင်ဆင်ထားတယ်ဆိုတာကို သိရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးခွန်စိုင်း ကို နောက်ဆုံး မေးချင်တာက နအဖအနေနဲ့ ရွေးကောက်ပွဲပြီးလို့ သူတို့လုပ်ချင်တဲ့ အစိုးရ ပေါ်လာတယ်ဆိုပါဦံးတော့ အကယ်၍ ပြည်တွင်းစစ်ဖြစ်ခဲ့ရင် အဲဒီ အစိုးရ ရင်ဆိုင်ရမယ့် ပြည်တွင်းစစ်က အရင်ကြုံခဲ့ရတဲ့ ပြည်တွင်းစစ်ထက် ပိုဆိုးမယ်ဆိုတဲ့ သဘောလား။
ဦးခွန်စိုင်း ။ ။ ဒီကိစ္စက နအဖ ကိုယ်တိုင် အတော်လေး စိတ်ပူတဲ့ကိစ္စလို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု အခြေအနေက နအဖ က အာဏာအားလုံးကို သူက လုံးဝဥဿုံ သူ့လက်ထဲမှာ ရှိနေတဲ့အချိန်ဖြစ်တယ်။ ဒီအချိန်မှာ ဒီအဖွဲ့ တွေကို ခြိမ်းခြောက်၊ ကြောက်အောင်လုပ်ပြီး သူတို့ကို နယ်ခြားစောင့်တပ်အသွင် ပြောင်းနိုင်လို့ရှိရင် သူ့အနေနဲ့ အကောင်းဆုံးပေါ့။ ဒါကြောင့်မို့ သူက ဒီအချိန်မှာ ကြိုးစားနေတယ်။ မရခဲ့ဘူးဆိုရင် သူတို့က plan B မှာ သူတို့ စီမံကိန်း (ခ) ဆွဲပြီးတော့ နောက်ပိုင်းမှာ လုပ်ရမယ့် အခြေအနေဖြစ်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲပြီးမှ တင်လာမယ့် အစိုးရအနေနဲ့ ဘယ်လောက်လုပ်နိုင်မယ်ဆိုတာကတော့ ပြောရ အတော်ခက်ပါတယ်။
ဦးကျော်ဇံသာ ။ ။ စစ်အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ နိုင်ငံရေးပြေလည်မှုမရနိုင်လို့ ပြည်တွင်းစစ် သာ ပြန်ဖြစ်ခဲ့မယ်ဆိုရင်တော့ ပြည်သူတွေ ပိုပြီအထိနာဖို့သာ ရှိပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဆိုတာ လက်လိမ်ချိုး ဖန်တီး မရနိုင်ဘူးလို့ ထင်မိပါကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။
ဒီတပတ် မျက်မှောက်ရေးရာ သုံးသပ်ချက်ကဏ္ဍမှာ မြန်မာစစ်အစိုးရဟာ ဒီနှစ်အတွင်းမှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ မတိုင်ခင် အပစ်ရပ် တိုင်းရင်းသားအဖွဲ့အစည်းတွေကို စစ်အစိုးရလက်အောက် သိမ်းသွင်းနိုင်ဖို့ ကြိုးစားလုပ်ကိုင် နေပါ တယ်။ ဒါပေမဲ့ နိုင်ငံရေးပြဿနာကို ဆွေးနွေးဖြေရှင်းမရှိတဲ့အတွက် တိုင်းရင်းသားအဖွဲ့အစည်းများဘက်က လက်မခံဘဲ တင်းမာမှုတွေ ရှိနေပါတယ်။ ဒီ တင်းမာမှုများ ဘယ်လောက်အထိ အခြေအနေ ဆိုးလာနိုင်မလဲဆိုတဲ့ အကြောင်းအရာ များကို ဦးကျော်ဇံသာ က သျှမ်းသံတော်ဆင့် အယ်ဒီတာ ဦးခွန်စိုင်း နဲ့ ကချင်သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်း တို့ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။