သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝေါမြို့နယ်ကျေးရွာတွေ ရေရှားလို့ ဝမ်းလျှောရောဂါဖြစ်ပွား


ဝေါမြို့နယ်ကျေးရွာတွေ ရေရှားလို့ ဝမ်းလျှောရောဂါဖြစ်ပွား
ဝေါမြို့နယ်ကျေးရွာတွေ ရေရှားလို့ ဝမ်းလျှောရောဂါဖြစ်ပွား

ပဲခူးတိုင်း ဝေါမြို့နယ်ဆေးရုံမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါနဲ့ လူနာတွေ အတော်များများ ရောက်ရှိနေပါတယ်။ ဒေသ တဝိုက်မှာ အပူချိန် ပြင်းထန်ပြီး ချောင်းကန်တွေ ရေခမ်းခြောက်ကုန်လို့ သန့်ရှင်းတဲ့ရေ အလုံအလောက် မရရှိကြဘဲ လူတွေ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်နေကြတာလို့ ဆိုပါတယ်။ ဒီအခြေအနေကိုတော့ စုံစမ်းထားတဲ့ မအေးသန္တာကျော်က တင်ပြထားပါတယ်။

ဝေါမြို့နယ်ထဲက ကျေးရွာတချို့မှာ ရေသန့်ရှားပါးမှု ပြဿနာနဲ့ ဆိုးဆိုးရွားရွား ကြုံတွေ့နေကြရတာပါ။ ဒီအခါမှာ သဘာ၀ ချောင်းကန်ကို အထူးအားကိုးနေရတဲ့ ဒေသခံတွေ ကျန်းမာရေး ပြဿနာနဲ့ ရင်ဆိုင်ရတာဖြစ်ပါတယ်။ ရေရှားပါးမှု ပြဿနာနဲ့ ပတ်သက်ပြီးတော့ ဒေသခံတဦး ပြောပြတာကတော့ -

“ရေတွေက မသန့်ရှင်းတဲ့ရေတွေ။ သူတို့က ချောင်းရေတွေကိုပဲ သောက်နေရပါတယ်။ ချောင်းရေတွေက အနည်တွေ ထိုင်နေပါပြီ။ ချောင်းရေတွေလည်း ခမ်းနေပါတယ်။ ကန်ရေတွေလည်း ခမ်းနေပါတယ်။ ကန်ရေတွေကလည်း အဲဒီလို ဗွက်ရေတွေ ဖြစ်နေပါပြီ။ ရွှံ့ဗွက်ရေတွေ။ အိုးဘိုစု တို့ရွာတွေဆိုလို့ရှိရင် တော်တော် အခြေအနေ ဆိုးပါတယ်။ သူတို့ဆီမှာက တုံကင်လေးတွေပဲ ရှိပါတယ်။ တုံကင်လေးတွေက ပေ သုံး-လေးဆယ်ပဲ တူးထားတဲ့အခါကျတော့ ကျနော်တို့ အောက်ကစမ်းက မလိုက်တော့ပါဘူး။ မနက်ပိုင်းလေး ရေနည်းနည်းလေး ထွက်ပြီးတော့ ညနေပိုင်းဆို လုံး၀ မထွက်တော့ ပါဘူး။”

အခု ရေရှားပါးမှုနဲ့ ကြုံနေရတဲ့ ကျေးရွာတွေမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်ကြလို့ အများစုက ဝေါဆေးရုံကို ရောက်ရှိနေကြပြီး တချို့ကတော့ ပဲခူးဆေးရုံကို ပို့ဆောင်ကြတယ်လို့ အဲဒီမျက်မြင်သက်သေ ဒေသခံတွေကပဲ ပြောပါ တယ်။

“ကျနော်တို့ ဒီမှာ ရေလှူတာ။ တချို့ရွာတွေကို ရေသွားပို့နေရင်းနဲ့ အဲဒီ ဆေးရုံရှေ့မှာ လူတွေပုံနေလို့ ကျနော်တို့ မေးကြည့်လိုက်တာပါ။ ဝမ်းပျက်ဝမ်းလျော ရောဂါတွေနဲ့ ရောက်နေကြတာပါ။ လူနာရှင်တွေက ပြောတာပါ။ ဒီနေ့က စနေနေ့ ဖြစ်တဲ့အခါကျတော့ ဆေးရုံမှာကတော့ round ပတ်တဲ့ဆရာ၊ ဆရာမတွေတော့ သိပ်မရှိဘူးပေါ့။ သူနာပြုတွေကတော့ ကြိုးစားပြီးတော့ လုပ်ဆောင်နေတာ တွေ့ခဲ့ရပါတယ်။”

ဝေါဆေးရုံကို ရောက်ရှိပြီးတော့ လူနာရှင်တွေနဲ့ စကားပြောဆိုခဲ့ရသူ ပြောဆိုသွားတာပါ။ ဝေါဆေးရုံ တာဝန်ရှိသူတွေ ကတော့ ဒီလို လူနာတွေ ရောက်မရောက်ကို အတည်မပြုပေးခဲ့ပါဘူး။ ဒီလို ဒေသတွင်းမှာ ရေရှားပါးမှု ပြဿနာကို အာဏာပိုင်တွေဘက်က ဘယ်လို တိတိကျကျ ဆောင်ရွက်ပေးနေလဲ သေချာမသိရပေမဲ့ ပုဂ္ဂလိက အလှူရှင်တွေကတော့ တနိုင်တပိုင် ရေသန့်တွေကို လိုအပ်နေတဲ့ ကျေးရွာတွေကို ပေးပို့လှူဒါန်းမှုတွေကို လုပ်ဆောင်နေတာပါ။

ဝေါမြို့နယ် ရဲစခန်းက တာဝန်ရှိသူတဦး ပြောပြတာကတော့ -

“ကျနော်တို့ အဗြားကြီး၊ အဗြားဘိုတဲ လိုဟာမျိုးတို့ဆိုရင် ဒီနေ့ ကျနော်တို့ ရေကို ကားနဲ့သယ်ပြီးတော့ သွားလှူတာ ရှိပါတယ်။ ဒီနေ့ကတော့ ကျနော်တို့ စခန်းကပါ။ ဒုတပ်ကြပ် ကျော်သူကနေ သွားလှူတာပါ။ တခြား အလှူရှင်တွေလည်း ကူညီကြပါတယ်။ မြို့ရွာအာဏာပိုင်တွေ အနေနဲ့လည်း လုပ်တော့ လုပ်နေကြပါတယ်။”

ဝေါမြို့နယ် ရဲစခန်းက တာဝန်ရှိသူတဦး ပြောပြသွားတာပါ။ ဒီလိုမျိုး ပုဂ္ဂလိက ရေလှူသူတွေ အပိုင်းက တပိုင်တနိုင်ပဲ လုပ်ဆောင်နိုင်တာဖြစ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေဆီကနေ စနစ်တကျ ကူညီမှု ရရှိမှသာ ဒေသခံတွေအဖို့ သက်သာရာ ရလိမ့်မယ်လို့ ဒေသခံတဦးကပဲ ပြောသွားပါတယ်။

“ကျနော်တို့ကတော့ လောလောဆယ်ကတော့ သန့်ရှင်းတဲ့ရေတွေကို ပို့ဆောင်နေတဲ့ အဆင့်လောက်ပဲ လုပ်ဆောင်ပေး နိုင်ပါတယ်။ တကယ်လို့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့တို့ ယူနီဆက် အဖွဲ့တို့က ဆင်းပြီးတော့ လာရောက်ပြီးတော့ ကူညီပေးမယ် ဆိုရင်တော့ ကောင်းပါတယ်။”

ဒီလိုမျိုး ပဲခူးတိုင်း မြို့နယ်တွေမှာ ရေရှားပါးမှုက အရင် လေးငါးနှစ်ကလည်း ဖြစ်ပွားခဲ့ဖူးပေမဲ့ ဒီတခေါက်လောက် ကျေးရွာ များများစားစားကို ထိခိုက်တာမျိုးမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG