သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားမှာ ပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်


အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒါအာချေးပြည်နယ် ကမ်းလွန် အိန္ဒိယ သမုဒ္ဒရာထဲမှာ အင်အားပြင်းထန်တဲ့ ငလျင်တခု လှုပ်ခတ်သွားပါတယ်။

ပြင်းအား ၇.၄ ရှိတဲ့ ငလျင်ဟာ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၉ မိနစ်မှာ လှုပ်ခတ်သွားတယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးအဖွဲ့ USGS က ပြောပါတယ်။

အင်ဒိုနီးရှား မိုးလေ၀သနဲ့ ဘူမိဗေဒ လေ့လာရေးဌာနက ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ငလျင်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်း၊ ဘန်ဒါအာချေးပြည်နယ် တောင်ပိုင်း မိုင် ၁၄၀ နီးပါးအကွာ ပင်လယ်ရေပြင်အောက် ၁၉ မိုင် နီးပါးမှာ လှုပ်ခတ်သွားတယ်လို့ ပြောပါတယ်။

ဆူနာမီ ရေလှိုင်း အန္တရာယ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ဖို့တော့ မရှိဘူးလို့ USGS က ပြောပါတယ်။ ဒါပေမဲ့ ငလျင်ဗဟိုချက်နဲ့ ၆၂ မိုင်ထက် မကျော်တဲ့ အကွာအဝေးက ကမ်းရိုးတန်း ဒေသတွေမှာ ဆူနာမီ ရေလှိုင်းဒဏ် ကျရောက်နိုင်တယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်တဲ့ဒေသမှာ ဆိုးရွားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဒါမှမဟုတ် သေဆုံးဒဏ်ရာရတဲ့ သတင်းတွေတော့ မရသေးပါဘူး။ ဒါပေမဲ့ လူအများအပြားကတော့ ကြောက်လန့်ပြီး လမ်းတွေပေါ် ထွက်ပြေးခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG