ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို အဆုံးသတ်ကြဖို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ပ်ချာဂျီဝပ် (Abhisit Vejjajiva) က တောင်းဆိုလိုက်ပါတယ်။ ၀န်ကြီးချုပ်ရဲ့ တောင်းဆိုချက် ထွက်လာပြီးနောက်ပိုင်း ဘန်ကောက်မြို့က ဆန္ဒပြသူတွေအကြား အင်အား ပိုတိုးလာခဲ့ပါတယ်။
ဘန်ကောက်မြို့တော်အတွင်း ၂ လကြာ ဆန္ဒပြနေကြတာကြောင့် မြို့တော်လည်း တော်တော် ထိခိုက်နေပါပြီ။
နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ရွေးကောက်ပွဲတွေကို ကျင်းပပေးမယ်လို့ သူ့ရဲ့ ကမ်းလှမ်းချက်ကို ဒီကနေ့ တနင်္လာနေ့ထက် နောက်မကျစေဘဲ အနီရောင် အင်္ကျီဝတ် ဆန္ဒပြသူတွေဘက်က အဖြေကို ရှင်းရှင်းလင်းလင်း အကြောင်းပြန်ဖို့ ၀န်ကြီးချုပ် အဘီဆစ်က မနေ့က အပတ်စဉ် ရုပ်မြင်သံကြား အစီအစဉ်မှာ တောင်းဆိုခဲ့ပါတယ်။
တကယ်လို့ အကြမ်းဖက်မှုတွေသာ ဆက်ပြီး ဖြစ်လာမယ် ဆိုရင်တော့ သူ့ရဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို ပြန်ရုပ်သိမ်းမယ်လို့ ဆိုပါတယ်။
အရှေ့တောင်အာရှကို ခရီးထွက်နေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) ကလည်း ထိုင်းအစိုးရ အရာရှိတွေနဲ့ရော အတိုက်အခံ လှုပ်ရှားသူတွေနဲ့ရော တွေ့ဆုံခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် အဘီဆစ်ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းပြမြေပုံကို အမေရိကန် ပြည်ထောင်စုက အလေးအနက် ကြိုဆိုလိုက်ပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကလည်း အခုလို ပေါ်လာတဲ့ အခွင့်အရေးကို အရယူနိုင်ကြလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း မစ္စတာ ကမ့်ပ်ဘဲလ်က ပြောခဲ့ပါတယ်။
နောက်ဆုံးဖြစ်ခဲ့တဲ့ ဘန်ကောက်မြို့တော်က တိုက်ခိုက်မှုကတော့ သောကြာနေ့ ညပိုင်းက ဖြစ်ပွားခဲ့တာပါ။ သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ကြလို့ ရဲအရာရှိ ၂ ဦး သေဆုံးပြီး လူ ၁၃ ဦး ဒဏ်ရာတွေ ရခဲ့ကြပါတယ်။