သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ကို အမေရိကန် ဆက်ထောက်ခံသွားမည်


ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လက်ရှိ ရပ်တည်ချက်ကို အမေရိကန်က သဘောပေါက်ပြီး အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဆက်လက် ထောက်ခံသွားမယ်လို့ မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Mr. Kurt Campbell) က ပြောလိုက်ပါတယ်။ တရားဝင်ပါတီ မဟုတ်တော့တဲ့ နောက်ပိုင်း NLD ပါတီက နိုင်ငံတကာ ထိပ်တန်း သံတမန်တယောက်ကို ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်တာမို့ ဘာအကြောင်းတွေကို အဓိက ဆွေးနွေး ပြောဆိုခဲ့ကြသလဲ ဆိုတာ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို နှစ်ရက်ကြာ ရောက်ရှိနေတဲ့ အမေရိကန် ထိပ်တန်းသံတမန်ရဲ့ ခရီးစဉ် ဒုတိယနေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေကို ရန်ကုန် ၆ မိုင်က အမေရိကန် သံမှူးကြီး နေအိမ်မှာ သီးခြား တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ နေ့လယ် ၁၁ နာရီလောက်မှာ စတွေ့ပြီး ဆွေးနွေးပြောဆိုချိန် တနာရီကျော် ကြာမြင့်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ဦးတင်ဦး၊ ဦးဝင်းတင် ဦးဆောင်ပြီးတော့ အဖွဲ့ချုပ် ခေါင်းဆောင် ၁၀ ဦး တွေ့ဆုံခဲ့ပါတယ်။ ဘာတွေ ဆွေးနွေးခဲ့သလဲ ဆိုတာကိုတော့ ကိုယ်တိုင် ပါဝင် တွေ့ဆုံခဲ့သူတဦးဖြစ်တဲ့ ဦးအုန်းကြိုင်က အခုလို ရှင်းပြပါတယ်။

“သူ့ဘက်က သူလာတဲ့ ခရီးစဉ် အကြောင်းကို စပြောပါတယ်။ အမေရိကန်ဘက်က မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အတွက် တောင်းဆိုထားတဲ့ အချက်တွေ ရှိပါတယ်တဲ့။ မနေ့ကလည်း နအဖ အရာရှိများနဲ့ နေပြည်တော်မှာ သူ တွေ့ပါတယ်တဲ့။ အဲတော့ ဘာမှ ထူးခြားတဲ့ ပြောင်းလဲမှုတွေ မတွေ့ရပါဘူးတဲ့။ ဒါကြောင့်မို့ ခရီးစဉ်နဲ့ ပတ်သက်လို့ သူ့ဘက်က စိတ်ပျက်ပါတယ်တဲ့။ NLD ရဲ့ ရပ်တည်ချက်ကိုလည်း သူတို့ သိတဲ့အကြောင်း၊ အမေရိကန် အစိုးရကလည်း ဒီကိစ္စကို အသိအမှတ် ပြုတဲ့အကြောင်း ပြောထားပြီး ဖြစ်ပါတယ်တဲ့။ အဲတော့ NLD ဘက်က ရပ်တည်ချက်နဲ့ အနေအထား ပြောပါဦးတဲ့။

“အဲတော့ ကျနော်တို့က နိုင်ငံရေး ရည်မှန်းချက်ရှိတဲ့ လူမှုရေး လုပ်ငန်းတွေကို မေလ ၇ ရက်နေ့က စပြီးတော့ ဆက်ပြီး ဆောင်ရွက်နေတယ်။ ကျနော်တို့မှာ နိုင်ငံရေး မရှိတာမဟုတ်ဘူး၊ ကျနော်တို့မှာ နိုင်ငံရေးရှိတယ်။ ကျနော်တို့နိုင်ငံရေးဆိုတာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်၊ ငြိမ်းချမ်းတဲ့ နိုင်ငံသစ် တည်ဆောက်ရေး ဖြစ်တယ်။ လူ့အခွင့်အရေး အပြည့်အ၀ ရရှိတဲ့ နိုင်ငံသစ် တည်ဆောက်ရေး ဖြစ်တယ်။ အဲဒါတွေ ရှင်းပြပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ့်ကိစ္စရော ဘာများပြောသေးလဲခင်ဗျ။

“ကျနော်တို့နဲ့ပြီးမှ တွေ့မယ်လို့ ဆိုပါတယ်။ ကျနော်တို့နဲ့ တွေ့ပြီးမှ တခြား နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ တွေ့မယ်။ အဲဒီမှာပဲ စီစဉ်ထားတယ်လို့ ဆိုတယ်။ နောက်အခန်းတခန်းမှာပေါ့။ ပြီးရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီမတ်တင်းမှာ စိမ်းလဲ့ကန်သာမှာ တွေ့မယ်လို့ အကြမ်းဖျင်း အစီအစဉ် သိခဲ့ပါတယ်။”

NLD ရဲ့ အခု ရပ်တည်ရေး ကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုများ ဆွေးနွေးဖြစ်သေးလဲခင်ဗျ။ ဆိုလိုတာက မေလ ၇ ရက်နေ့ မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်တဲ့ နောက်ပိုင်းပေါ့၊ NLD ရပ်တည်ရေးနဲ့ ပတ်သက်လို့ သူ့ရဲ့ အမြင်သဘောထား ဘာများပြောသေးလဲ။

“ဒါကို သူ သဘောပေါက်တယ်၊ နားလည်တယ်။ NLD ရဲ့ ဆောင်ရွက်သွားမယ့် ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ သူပြောတာက ပြည့်ပြည့်၀၀ အမေရိကန် အစိုးရက ဆက်လက် ကူညီသွားမယ်တဲ့၊ ဒီမိုကရေစီ ရတဲ့အထိ။ အဲဒါ ပြောပါတယ်။”

ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အမြင်ရော ပြောသေးလားခင်ဗျ။

“ကျနော်တို့ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကျနော်တို့ အမြင်ကို ပြောတာပေါ့။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကိုက တရားမျှတ၊ လွတ်လပ်မှု မရှိဘူး။ ကျနော်တို့ဘက်ကတော့ အထူးသဖြင့် ဦးတင်ဦးနဲ့ ဆရာ ဦးဝင်းတင်တို့က ခေါင်းဆောင်ပြီး တင်ပြတာပေါ့။ အမေရိကန် အစိုးရအနေနဲ့ ဒါ့ထက် ပြင်းပြင်းထန်ထန် ဖိအားပေးပြီး တောင်းဆိုသင့်တယ်။ ဒါဟာ လက်ခံနိုင်လောက်တဲ့၊ အများအားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် ဆက်လက်ပြီး ဖိအားပေး တောင်းဆိုသင့်တယ် ဆိုတဲ့အကြောင်း ကျနော်တို့ဘက်က တင်ပြပါတယ်။ ရွေးကောက်ပွဲက ပေါ်လာမယ့် ရလဒ်ဟာလည်း ဘယ်လိုမှ တိုင်းပြည်ကို ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ဆောင်ရွက်နိုင်မှာ မဟုတ်သလို ဘယ်လိုမှလည်း ပြောင်းလဲ တိုးတက်မှုတွေ ရှိလာမယ်လို့ မယူဆတဲ့အကြောင်း ကျနော်တို့ဘက်က တင်ပြတယ်။”

အန်ကယ်ဦးအုန်းကြိုင်ရဲ့ အမြင်ရော ဘယ်လိုရှိလဲခင်ဗျ။ သူ ဒီတခေါက်လာတဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ တစုံတရာ ရလဒ်ထွက်နိုင်မယ်လို့ ယူဆလို့ ရမလား။

“ကျနော်ထင်တာတော့ သူကိုယ်တိုင်က ဝန်ခံသွားတာပဲ။ သူကတော့ တိုးတက်မှု မရှိဘူးတဲ့၊ စိတ်ပျက်တယ်လို့ သူပြောသွားတာပဲ။ အဲဒီတော့ နောက်ပိုင်း အခြေအနေတော့ ဘယ်လိုပြောသွားမလဲ မသိဘူး၊ ပြန်ခါနီး အခြေအနေအထိ၊ ကျနော်တို့နဲ့ တွေ့တဲ့အထိတော့ အဲဒီအတိုင်း သူပြောသွားတာပဲ။”

အမေရိကန်နိုင်ငံရဲ့ မူဝါဒသစ်နဲ့ ပတ်သက်လို့ရော သူ့ဘက်က သုံးသပ်ချက်၊ တစုံတရာ ပြောတာ ရှိပါသလား။

“သူ့ကြည့်ရတာတော့ အမေရိကန်က Engagement လုပ်ရေးဆိုတဲ့ ပေါ်လစီကို အကောင်အထည် ဖော်နေတာပဲ။ အခုထိတော့ အောင်မြင်မှု မရဘူး။ ဒါကို သူက အခုထက်ထိ အောင်မြင်မှု မရသေးဘူးလို့ ပြောသွားတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြီးခဲ့တဲ့ မေလ ၆ ရက်က စလို့ တည်ဆဲဥပဒေအရ တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်လို့ မရတော့ပါဘူး။ အဲဒီနောက်ပိုင်း အဖွဲ့ချုပ် ခေါင်းဆောင်မှုအနေနဲ့ အခုလို နိုင်ငံတကာ ထိပ်တန်း သံတမန်တဦးကို တွေ့ဆုံခဲ့တာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အရင် ပါတီ တရားဝင် ရပ်တည်တုန်း မနှစ်ကတော့ ပါတီဌာနချုပ်ရုံးမှာပဲ မစ္စတာ ကမ့်ပ်ဘဲလ်ကို တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကမ့်ပ်ဘဲလ် အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပြင် တရားဝင် နိုင်ငံရေးပါတီ အချို့ကိုလည်း တွေ့ဆုံခဲ့ပါတယ်။ ဒီနောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အစိုးရ ဧည့်ဂေဟာမှာ မွန်းလွဲပိုင်း တွေ့ဆုံခဲ့ပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ မြန်မာနိုင်ငံ နှစ်ရက်တာ ခရီးစဉ်နဲ့ ပတ်သက်လို့တော့ အခု ညပိုင်းမှာ ထုတ်ပြန်ချက်တရပ် ကြေညာဖို့ ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG