ထိုင်းမြို့လယ်ခေါင်မှာ ၂ လကြာ ဆန္ဒပြနေကြတဲ့ အနီရောင်ဝတ် ဆန္ဒပြသူတွေက သူတို့ရဲ့ ဆန္ဒပြမှုကို အဆုံးမသတ်နိုင်ဘူးလို့ ဒီနေ့မှာ ထပ်ပြောလိုက်ကြပါတယ်။
လူသေဆုံးခဲ့ရတဲ့အထိ ဆန္ဒပြမှုတွေကို ဖြိုခွင်းခဲ့မှုနဲ့ လက်ရှိ ဒုတိယ ဝန်ကြီးချုပ်ကို စွဲချက် မတင်မချင်း လူစုမခွဲနိုင်ဘူးလို့ အနီဝတ် ဆန္ဒပြသူတွေက ပြောပါတယ်။
ဘန်ကောက်မြို့လယ်ကို ပိတ်ဆို့ပြီး ဆန္ဒပြမှုတွေကို ဧပြီလ ၁၀ ရက်နေ့က ဖြိုခွင်းဖို့ ကြိုးစားမှုတွေကို ဒုတိယဝန်ကြီးချုပ် ဆူသပ် ထောင်ဆူဝမ် (Suthep Thaungsuban) က ကြီးကြပ်ခဲ့တာ ဖြစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား အပြန်အလှန် တိုက်ခိုက်မှုမှာ ၂၅ ယောက် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတချို့ရဲ့ ကျန်ရစ်သူ မိသားစုတွေက သူ့အပေါ် တိုင်ကြားထားတာနဲ့ ပတ်သက်တဲ့ ကြားနာမှုအတွက် မစ္စတာ ဆူသပ် ဒီကနေ့ အထူးစုံစမ်းရေးဌာနမှာ သွားရောက် အစစ်ဆေး ခံခဲ့ပါတယ်။
မစ္စတာ ဆူသပ်အပေါ် တရားဝင် ပြစ်မှုဆိုင်ရာ စွဲချက် မတင်မချင်း မကျေနပ်နိုင်ဘူးလို့ အနီရောင်ဝတ် ဆန္ဒပြသူတွေက ပြောကြပါတယ်။
ဘန်ကောက်မြို့လယ်က စီးပွားရေး အချက်အချာကျပြီး ကမ္ဘာလှည့် ခရီးသည်တွေနဲ့ စည်ကားတဲ့ နေရာမှာ အနီရောင်ဝတ်တွေက မတ်လလယ်ကစလို့ သပိတ်စခန်းဖွင့်ပြီး ရွေးကောက်ပွဲသစ် ပြုလုပ်ပေးဖို့ တောင်းဆို ဆန္ဒပြနေတာ ဖြစ်ပါတယ်။