ဗြိတိန်နိုင်ငံမှာ ရွေးကောက်ပွဲအပြီး ဝန်ကြီးချုပ်အသစ် တက်ချိန်မှာ လန်ဒန်မြို့က ချတ်တားဟောက်စ် နိုင်ငံတကာရေးရာ သိပ္ပံမှာ မြန်မာနိုင်ငံရဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ လူ့အခွင့်အရေး ဆိုင်ရာတွေကို Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက တင်ပြခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲနောက်ပိုင်း တက်လာမယ့် အစိုးရဟာ အခု စစ်အစိုးရလက်ထက် ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တာဝန်ယူ ဖြေရှင်းမှာ မဟုတ်တဲ့အတွက် မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ကော်မရှင်တရပ် ဖွဲ့ပြီး နိုင်ငံတကာက စုံစမ်း စစ်ဆေးပေးဖို့ Amnesty International အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြေပေးထားပါတယ်။
မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ ပြစ်မှုတွေကို ကော်မရှင်ဖွဲ့ စုံစမ်း စစ်ဆေးပေးဖို့ နိုင်ငံတကာက တောင်းဆိုမှုတွေအတွက် ထောက်ခံတဲ့အနေနဲ့ Amnesty International အဖွဲ့ကြီးက ပထမဆုံးအကြိမ်အဖြစ် အခုလို တောင်းဆိုခဲ့တာလို့ AI အဖွဲ့ရဲ့ အရှေ့တောင်အာရှ သုတေသနမှူး ဘန်ဂျမင် ဇာဝက်ကီးက ပြောပါတယ်။ မြန်မာစစ်အစိုးရဟာ လူသားချင်း စာနာမှုဆိုင်ရာ ပြစ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေရုံမကဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်းပြီး စစ်ဘက်အရာရှိတွေ အာဏာမြဲအောင် ကြိုးစားတဲ့ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်နေတာမို့ AI အဖွဲ့က အထူးစိုးရိမ်တယ်လို့လည်း ပြောပါတယ်။
“လာမယ့် ရွေးကောက်ပွဲမှာ လူ့အခွင့်အရေး ရပိုင်ခွင့်တွေ ချိုးဖောက်ခံရမှာကို ကျနော်တို့အဖွဲ့က အဓိက စိုးရိမ်တာပါ။ လူသားတိုင်းရဲ့ အခြေခံရပိုင်ခွင့် ၃ ခုဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နဲ့ ငြိမ်းချမ်းစွာ စုရုံးခွင့်တွေကို စစ်အစိုးရက ကာကွယ် စောင့်ရှောက်တာမျိုး မရှိတဲ့အတွက် မဲဆွယ်တဲ့ နေရာမှာရော ရွေးကောက်ပွဲ ကျင်းပတဲ့ ကာလအတွင်းမှာပါ မြန်မာနိုင်ငံသားတွေအဖို့ ဒီရပိုင်ခွင့်တွေ ဆုံးရှုံးရဖို့ ရှိနေပါတယ်။”
AI အဖွဲ့က ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတွင်း တိုင်းရင်းသား လူမျိုးစုတွေ အတွက်လည်း အဓိက စိုးရိမ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ မြန်မာစစ်အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ရွေးကောက်ပွဲ မတိုင်ခင် နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းဖို့အတွက် ဖိအားပေးမှုတွေ တနေ့တခြား တိုးလာနေတဲ့အပြင် တရုတ်၊ မြန်မာ နယ်စပ်ဒေသက ကိုးကန့်တပ်ဖွဲ့တွေကို တိုက်ခိုက် ချေမှုန်းတဲ့ မဟာဗျူဟာ အသစ်ကို ချပြပြီး ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
တိုင်းရင်းသားတွေဟာ ပြည်တွင်းက ဖိနှိပ်မှုဒဏ်ကို မခံနိုင်လို့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေး တိမ်းရှောင်နေရတာကို နိုင်ငံတကာက အရေးယူ ဆောင်ရွက်သင့်ပြီလို့လည်း ဆိုပါတယ်။
“Amnesty International အဖွဲ့က ဒီနှစ် ဖေဖော်ဝါရီလထဲမှာ အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး စစ်အစိုးရရဲ့ မြန်မာနိုင်ငံ အနှံ့အပြား ဖိနှိပ်မှုတွေ၊ အထူးသဖြင့် လူမျိုးစု တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေမှာ သတ်ဖြတ်မှုတွေကိုပါ ကျူးလွန်နေတာတွေ တင်ပြခဲ့ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကာလမှာ မြို့ပြ လူထုအတွက်သာမက နယ်စွန်နယ်ဖျားက တိုင်းရင်းသား ဒေသတွေမှာပါ ကြုံလာနိုင်တဲ့ ဖိနှိပ်မှုတွေကို နိုင်ငံတကာက ဝိုင်းပြီး ကာကွယ်ပေးဖို့ အထူးလိုအပ်နေပါတယ်။”
Amnesty International အဖွဲ့ကြီးက ၂၀၀၈ ခုနှစ်တုန်းက မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ လူသားချင်း စာနာမှုဆိုင်ရာ ရာဇဝတ်မှုတွေ ကျူးလွန်ခံနေရတယ်လို့ အစီရင်ခံစာတစောင် ထုတ်ပြန် တင်ပြခဲ့ပါတယ်။ စစ်ရာဇဝတ်ပြစ်မှု မြောက်နိုင်ခြေရှိတဲ့ ပြစ်မှု အများအပြားကို စစ်အစိုးရဘက်က ကျူးလွန်ခဲ့တာတွေကိုလည်း AI အဖွဲ့က မှတ်တမ်း တင်ပြခဲ့ပါတယ်။
မကြာခင်ကလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကလည်း ဒီရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ ကော်မရှင်ဖွဲ့ပြီး စုံစမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါကို နိုင်ငံတကာကပါ အရေးယူ ဆောင်ရွက်ကြဖို့အတွက် အခုအချိန်ဟာ အကောင်းဆုံးအချိန် ဖြစ်တယ်လို့လည်း ပြောပါတယ်။
“ဒီအချိန်ဟာ အားလုံးသိတဲ့အတိုင်းပါပဲ၊ ရွေးကောက်ပွဲ ကျင်းပဖို့ လုပ်နေတဲ့ အချိန်မို့ မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အကောင်းဆုံးအချိန် ဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။ ဒီရွေးကောက်ပွဲကနေ မြန်မာစစ်အစိုးရက စစ်ဘက်အရာရှိတွေ၊ အစိုးရ အရာရှိတွေ ကျူးလွန်ထားတဲ့ ပြစ်မှုတွေကနေ လွတ်ကင်းအောင်လည်း ကြိုးစားနေတာမို့ နောက်အစိုးရသစ်တရပ် မတက်ခင် ဒီပြစ်မှုတွေကို ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာကို တောင်းဆိုပါတယ်။”
Amnesty International အဖွဲ့ရဲ့ အရှေ့တောင်အာရှ သုတေသနမှူး ဘန်ဂျမင် ဇာဝက်ကီး ပြောသွားတာ ဖြစ်ပါတယ်။