စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း ကန့်သတ်ချက်တွေအရ သတ်မှတ်ထားတဲ့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ဖို့ သတ်မှတ်ရက် ကျော်လွန်ချိန်မှာ NLD ပါတီ ရပ်တည်ခွင့် ပျက်ပြယ်ရမယ့်သဘော ဖြစ်နေတာမို့ ဒါကို တရားရုံးချုပ် အနေနဲ့ တားမြစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က လျှောက်တင်ထားခဲ့တဲ့ အမှုကို ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့တာနဲ့ ပတ်သက်လို့ ဖြေရှင်းပေးဖို့ ဒီကနေ့ နေပြည်တော်ကို အကြောင်းကြားလိုက်တယ်လို့ အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကနေ NLD ပါတီ မပျက်ပြယ်ဘူးဆိုတာ တားမြစ်ပေးပါဆိုပြီး တရားရုံးချုပ်မှာ လျှောက်လွှာတင်ခဲ့တာနဲ့ တပါတည်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကလည်း သူတို့အနေနဲ့ ဥပဒေအရ ရပ်တည်ပိုင်ခွင့်ကို ထိခိုက်တဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၉၁(ခ) ဟာ အကျုံးမဝင်ကြောင်း ကြေညာပေးဖို့ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က ပူးတွဲ လျှောက်လွှာ တင်ခဲ့ကြတာပါ။
ဒီလျှောက်ထားချက်တွေဟာ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီတဲ့အတွက် ဆိုပြီး ရန်ကုန်တိုင်း တရားရုံးက ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ ပယ်ချလိုက်တာဟာ ဥပဒေနဲ့ ညီညွတ်ခြင်း မရှိတဲ့အတွက် ဖြေရှင်းချက်ပေးဖို့ ဒီကနေ့ နေပြည်တော် တရားရုံးချုပ်ထံ စာရေး အကြောင်းကြားလိုက်တဲ့ အကြောင်း အကျိုးဆောင်ရှေ့နေ တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။
“ကျနော်တို့က အခု ဒီနေ့ နေပြည်တော် တရားရုံးချုပ် တရားသူကြီးချုပ်ဆီကို စာတစောင် ပို့တယ်။ အဲဒီစာက ဘာလဲဆိုတော့ အဲဒီလို ကျနော်တို့ကို ပြန်ပေးတဲ့အခါမှာ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီဘူးလို့ ပြောပေမဲ့ ဘယ်လုပ်ထုံးလုပ်နည်းလို့ မရည်ညွှန်းဘူး။ ဒီလို မရည်ညွှန်းတဲ့အတွက် ကျနော်တို့ကလည်း ဒီလျှောက်လွှာကို ဘယ်လို ပြင်ပေးရမလဲဆိုတာ မသိဘူး ဖြစ်နေတယ်။
“တရားရုံးချုပ်ရဲ့ လက်စွဲ၊ High Court Manual အပိုဒ် ၅၆ မှာလည်း ကျနော်တို့ ချို့ယွင်းချက်၊ လစ်ဟင်းချက်တွေကို မှတ်ချက် ပြုပေးရမယ်။ ဒါမှ Applicant က ဒီမှတ်ချက်ကို ပြင်နိုင်မှာပေါ့။ အဲတော့ ဒါတွေ မပါဘဲနဲ့ အဲဒီလို ပြန်ပေးတာဟာ ဒီ Manual နဲ့လည်း မကိုက်ညီဘူး။ ဒါကြောင့် အမြန်ဆုံး ညွှန်ကြားမှု ပြုလုပ်ပေးပါ ဆိုပြီးတော့ ဒီနေ့ပဲ Postal Service ချောပို့ မှတ်ပုံတင်နဲ့ ပေးပို့ခဲ့ပါတယ်။ ဒါ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်အရ ကျနော် ပို့ခဲ့ပါတယ်။”
ဒီချောစာကို မှတ်ပုံတင်ပြီး ပို့လိုက်တာကြောင့် မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဥပဒေတွေအရ ဒီစာဟာ တဘက် လက်ခံရရှိမယ့်သူထံ ရောက်ပြီလို့ မှတ်ယူရမှာ ဖြစ်တာကြောင့် တရားသူကြီးရဲ့ အကြောင်းပြန်ကြားချက်ကို စောင့်ကြည့်ရမယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒါနဲ့ တဆက်တည်း ပြောရမယ် ဆိုရင်တော့ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပြင်ဆင်နေတဲ့ ကိစ္စပါ။ ရန်ကုန် စည်ပင်သာယာက ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ နေအိမ်ပြင်ဆင်ခွင့်နဲ့ ခြံဝင်းအတွင်းက ပျက်စီးနေတဲ့ သစ်သားအိမ်ကို ပြင်ဆင်ဖို့ ခွင့်ပြုချက် ချပေးခဲ့ပေမဲ့ နောက်တနေ့ မေလ ၆ ရက်နေ့မှာ ဒီအိမ်ပြင်ဆင်ခွင့် ကိစ္စတွေကို အကျိုးဆောင်ပေးနေတဲ့ ရှေ့နေ ဦးကျော်ထင်က တဆင့် ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ရုပ်သိမ်းတဲ့နေရာမှာ အချက် ၂ ချက်ကို ပြတယ်။ တချက်ကတော့ ဒီအဆောက်အဦးကို ဖျက်လိုက်လို့ရှိရင် ဒီအဆောက်အဦးရဲ့ ပုံသဏ္ဌာန် ပျက်သွားမယ်တဲ့။ ဒုတိယတချက်က ဒါဟာ ပစ္စည်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားနေတဲ့ဟာ ဖြစ်တဲ့အတွက်ဆိုပြီး ဒီလို ဖော်ပြတယ်။
“အဲဒါကြောင့် ကျနော်က ဒီနေ့ မြို့တော်စည်ပင်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်အရ စာတစောင် ပို့ပါတယ်။ အဲဒီစာမှာကတော့ အခုနပြောတဲ့ အဆောက်အဦး ဖျက်လို့ရှိရင် ပုံသဏ္ဌာန် ပျက်ယွင်းသွားမယ် ဆိုတဲ့ဟာက ဆီလျော်တဲ့အချက် မဟုတ်ဘူး။ နောက်တချက်က အိုမင်းရင့်ရော်ပြီး အန္တရာယ်ရှိနေတဲ့ ဒီအဆောက်အဦး ပျက်စီးခြင်းဟာ ပစ္စည်းအပေါ်မှာ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ သူတွေကို အကျိုးပဲရှိစေမယ်၊ ထိခိုက်စေမှာ မရှိဘူး။ ဒီလိုဖော်ပြတယ်။
“နောက်ဆုံး ကျနော်တို့ တင်ပြလိုက်တာကတော့ ဒီအဆောက်အဦးရဲ့ အခြေအနေကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ကိုယ်တိုင် လာရောက်လုပ်ပါ။ အဲဒီလို ကိုယ်တိုင်လုပ်ပြီးမှ ဆုံးဖြတ်ရင် ပိုပြီးတော့ မှန်ကန်ပါ့မယ်ဆိုပြီး ဒီနေ့ စာတစောင် မြို့တော်စည်ပင်ကို ပို့ခဲ့ပါတယ်။”
ခြံဝင်းအတွင်းက ပျက်စီးနေတဲ့ အိမ်အိုကို ပြန်ပြင်ခွင့် မပြုတော့ပေမဲ့ ကျန်တဲ့ အိမ်မကြီးက ပြင်ဆင်စရာ ရှိတာတွေကိုတော့ ဆက်လက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။