သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရိုယို အဂတိ လိုက်စားမှု စုံစမ်းစစ်ဆေးဖို့ နောက်တက်မယ့် ဖိလစ်ပိုင်ခေါင်းဆောင် ကတိပေး


<!-- IMAGE -->

ပြီးခဲ့တဲ့ တနင်္လာနေ့က ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် ရွေးကောက်ပွဲမှာ အနိုင်ရသလောက် ရှိထားပြီးဖြစ်တဲ့ အထက်လွှတ်တော်အမတ် ဘန်နစ်နို အကွီနို (Benigno Aquino) က ရာထူးကနေ ဆင်းပေးရတော့မယ့် သမ္မတ ဂလိုရီယာ အာရိုယို (Gloria Arroyo) ကို အဂတိ လိုက်စားမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အခုချိန်ထိ မဲ ၈၀% ကို ရေတွက်ပြီးတဲ့အခါ မစ္စတာ အကွီနို ထောက်ခံမဲ ၄၀% ရနေတာဖြစ်ပြီး ဒုတိယ အများဆုံး လိုက်နေတဲ့ သမ္မတဟောင်း ဂျိုးဇက် အက်စ်ထြာဒါ (Joseph Estrada) ထက် ၁၅ မှတ် သာနေတာ ဖြစ်ပါတယ်။ လာမယ့် ဇွန်လ ၃၀ ရက် လက်ရှိသမ္မတ အာရိုယိုရဲ့ သမ္မတသက်တမ်း ကုန်ဆုံးတဲ့အခါ မစ္စတာ အကွီနိုဟာ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပါတယ်။

မဲဆွယ်စည်းရုံးစဉ် ကာလအတွင်း မစ္စတာ အကွီနိုက တိုင်းပြည်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ အဂတိ လိုက်စားမှုတွေကို တိုက်ဖျက်မှာ ဖြစ်တယ်လို့ ပြောခဲ့တဲ့အပြင် သူကိုယ်တိုင်လည်း ဘယ်တော့မှ ခိုးတဲ့အလုပ်ကို လုပ်မှာမဟုတ်ဘူးလို့ အတိအလင်း ပြောဆိုခဲ့ပါတယ်။

လက်ရှိသမ္မတ အာရိုယိုရဲ့ ၉ နှစ်တာ သမ္မတသက်တမ်း တလျှောက် အဂတိ လိုက်စားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း စုံစမ်းစစ်ဆေးမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီစွဲချက်တွေထဲမှာ သမ္မတ အာရိုယိုဟာ ၂၀၀၄ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့စဉ်က မဲလိမ်မှုတွေ ရှိခဲ့တယ် ဆိုတာလည်း တခု အပါအ၀င် ဖြစ်ပါတယ်။

သမ္မတ အာရိုယိုရဲ့ ပြောခွင့်ရသူကတော့ ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် ဘယ်စုံစမ်းစစ်ဆေးမှုမျိုးမဆို ကြိုဆိုမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

XS
SM
MD
LG