သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စောင့်ကြည့်သူတွေ လက်မခံတဲ့ စစ်အစိုးရ ရွေးကောက်ပွဲ ဖိလစ်ပိုင် ဝေဖန်


မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပမယ့် စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်ပါတယ်။ ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရေးမူကို ဆုပ်ကိုင်ထားတဲ့ အာဆီယံအသင်းရဲ့ အစဉ်အလာကို ချိုးဖောက်ပြီး ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်အစိုးရကို အခုလို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ သက်ဆိုင်သူ အားလုံး ပါဝင်ခွင့်မရအောင် တားမြစ်ထားတဲ့ ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူး၊ လေ့လာသူတွေ စေလွှတ်ရင်လည်း အပိုသာဖြစ်လိမ့်မယ်၊ စစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ ကလေးကစားသလို ဖြစ်နေတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမူလို (Alberto Romulo) က ဒီနေ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် အခုလို ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်တာပါ။

စစ်အစိုးရက အခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် သူတို့မှာ ရွေးကောက်ပွဲ အတွေ့အကြုံတွေ ရှိပြီးသား၊ နိုင်ငံတကာက လေ့လာသူတွေ မလိုအပ်ဘူးလို့ ပြောဆိုလိုက်တဲ့အပေါ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ရိုမူလိုက အခုလို တုံ့ပြန် ပြောဆိုလိုက်တာပါ။

အကွီလီနို နေနေး ပီမန်းတဲလ် (Aquilino Nene Pimentel) ဟာ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် ဖြစ်ပြီး IPU နိုင်ငံတကာ လွှတ်တော်အမတ်များ သမဂ္ဂရဲ့ လူ့အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ သူက နိုင်ငံခြားရေးဝန်ကြီး ရိုမူလို အခုလို ဝေဖန်ပြောဆိုလိုက်တဲ့အပေါ် သူ့အနေနဲ့ ထောက်ခံတယ်လို့ ဆိုပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး ရိုမူလို အခုလို ပြောလိုက်တဲ့အပေါ် ကျနော့်အနေနဲ့ သဘောတူပါတယ်။ ဒါပေမဲ့ ဒါဟာ နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေ လာရောက်ခွင့် ပြုတာတင် မကပါဘူး၊ စစ်အစိုးရကို ဆန့်ကျင်သူ အားလုံးကို အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် လုပ်ဆောင်ထားပြီး ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မပြုတဲ့အတွက် ဒီရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။”

ဒီရွေးကောက်ပွဲဟာ ပြည်တွင်း ပြည်ပက ထင်မြင် ယူဆထားသလိုပဲ စစ်အာဏာရှင်တွေ သက်ဆိုးရှည်အောင် လုပ်ဆောင်တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် ပီမန်းတဲလ်က ဆက်ပြောပါတယ်။

“စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဆိုပြီး တမင်တကာ လုပ်ကြံဖန်တီးပြီး ကျင်းပမယ့် ဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်တွေ တရားဝင်ဖြစ်အောင် လုပ်ဆောင်တဲ့ အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။”

မကြာခင် ရက်ပိုင်းအတွင်းကပဲ ဖိလစ်ပိုင်နိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပြီးစီးပြီး ဘန်နစ်နို အကွီနို (Benigno Aquino) ဦးဆောင်တဲ့ အစိုးရသစ် တက်လာတော့မှာပါ။ ဘန်နစ်နို အကွီနိုဟာ ဖိလစ်ပိုင်ပြည်သူတွေ အာဏာရှင် မားကို့စ် လက်အောက်က လွတ်မြောက်အောင် စွမ်းဆောင်ခဲ့သူတဦး ဖြစ်သလို မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားရေး လိုလားတဲ့ ကွယ်လွန်သူ ဖိလစ်ပိုင် သမ္မတဟောင်း ကိုရာဇန် အကွီနို (Corazon Aquino) ရဲ့ သားဖြစ်ပါတယ်။

ဒါကြောင့် ဘန်နစ်နို အကွီနို အနေနဲ့လည်း မိခင်ခြေရာကို နင်းပြီး မြန်မာ့အရေးကို လက်ရှိ ဖိလစ်ပိုင် အစိုးရလိုပဲ ဖိဖိစီးစီး လုပ်ဆောင်သွားလိမ့်မယ်လို့ သူယုံကြည်တဲ့အကြောင်း မစ္စတာ ပီမန်းတဲလ်က ပြောပါတယ်။

“တက်လာမယ့် အစိုးရသစ် အနေနဲ့လည်း လက်ရှိအစိုးရထက် မပိုရင်တောင် သူတို့လောက်တော့ မြန်မာစစ်အစိုးရအပေါ် ဝေဖန် ပြောဆိုမှုတွေ လုပ်ဆောင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်တက်လာမယ့် သမ္မသစ်ဟာ သူမ အသက်မသေခင်တုန်းက လက်ရှိစစ်အစိုးရကို အမြဲတမ်း ဝေဖန် ပြောဆိုလေ့ရှိတဲ့ ကိုရီ အကွီနိုရဲ့သား ဘန်နစ်နို အကွီနို ဖြစ်နေလို့ပါ။ သူ သမ္မတဖြစ်လာတာနဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို မဆိုင်းမတွ ဝေဖန် ပြောဆိုလိမ့်မယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်။”

မြန်မာစစ်အစိုးရက အခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် အရှေ့တောင်အာရှ အာဆီယံ နိုင်ငံတွေ အပါအဝင် နိုင်ငံတကာက လေ့လာ စောင့်ကြည့်သူတွေ မလိုအပ်ဘူးလို့ ပြောဆိုနေပေမဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကတော့ လေ့လာစောင့်ကြည့်သူတွေကို ဖိတ်ကြားဖို့ မနေ့က ဗုဒ္ဓဟူးနေ့မှာပဲ စစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG