အောက်တိုဘာ ၅၊ ၂၀၀၈ - မြန်မာနိုင်ငံမှ အဖိုးတန်ကျောက်မျက်ရတနာများ တင်သွင်းရေး ပိတ်ဆို့မှု ဥပဒေ (Block Burma Jade) ကို အမေရိကန်ပြည်ထောင်စုက အတည်ပြု ပြဌာန်းထားပေမဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ကျောက်စိမ်းတွင်းတွေဟာ စည်းကားနေဆဲဖြစ်ပါတယ်။ မြန်မာကျောက်စိမ်းတွေကို တရုတ်နိုင်ငံက အဓိကဝယ်ယူနေပါတယ်။ ကျောက်မြတ်ရတနာပြပွဲ နဲ့ မှောင်ခိုလမ်းတို့မှ ရောင်းဝယ်နေတာမို့ နှစ်စဉ်ရောင်းဝယ်နေမှု တန်းဖိုးကို အတိအကျ ခန့်မှန်းမရပါ။ ဒီကျောက်စိမ်းတွင်းတွေကို စစ်အစိုးရ နဲ့ ဆက်နွယ်လုပ်ကိုင်နေတဲ့ ပြည်တွင်းပြည်ပ ကုမ္မဏီတွေက ဖက်စပ်လုပ်ကိုင်ရတာကြောင့် ရသမျှ အမြတ်ဝင်ငွေ အများစုကို စစ်အစိုးရ ရရှိနေပါတယ်။ ကချင်ပြည်နယ် ဒေသမှာတော့ သဘာဝပတ်ဝန်ကျင် ထိခိုက်မှု၊ မူးယစ်ဆေးဝါးပြဿနာ၊ အကျင့်စာရိတ္တပျက်ပြားမှု၊ ရာဇဝတ်မှု ထူပြောမှု၊ HIV/AIDS ရောဂါပြန့်ပွားမှု တို့ တိုးပွားလာနေပါတယ်။ ဒီ အကြောင်းတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် ကချင်လူငယ်နဲ့ကျောင်းသားများ သမဂ္ဂအဖွဲ့ (All Kachin Youth and Students Union) တာဝန်ခံ နော်လ ကို ဗွီအိုအေ မြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။