စစ်ကောင်စီတပ်တွေနဲ့ ကချင်လက်နက်ကိုင် KIA အကြားမှာ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်ဖြစ်လာနေတာမှာ ဇူလိုင်လ ၁၂ ရက်မနက်က ဖားကန့်မြို့နယ်မှာ ရဲကား တစ်စီးကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ ညဦးပိုင်းကလည်း ဝိုင်းမော်မြို့နယ်က ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်မီးရှိုခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်အတွင်းက တိုက်ပွဲသတင်းတွေကို ရဲမွန် က တင်ပြပါမယ်။
စစ်ကောင်စီတပ်တွေနဲ့ ကချင်လက်နက်ကိုင် KIA နဲ့ ပြည်သူကာကွယ်ရေး PDF ပူးပေါင်းတပ်တွေအကြား ကချင်ပြည်နယ် ရွှေကူ၊ စစ်ကိုင်းတိုင်း ကသာနဲ့ ကောလင်း စတဲ့ဒေသတွေမှာ ပြီးခဲ့တဲ့ တပါတ်က တိုက်ပွဲတွေ ရက်ဆက်ဆိုသလို ဖြစ်ပွားခဲ့နောက် အခုရက်ပိုင်းမှာလည်း ကချင်ပြည်နယ်မှာ ရက်ဆက်ဆိုသလို တိုက်ပွဲတွေဖြစ်နေပါတယ်။ ဇူလိုင် ၁၂ ရက် မနက်ပိုင်းကတော့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာ KIA က မိုင်းခွဲတိုက်ခိုက်တာတွေရှိခဲ့ တယ်လို့ ဖားကန့် ဒေသခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။
“ ကျနော်တို့က မိုင်းခွဲတာပဲကြားတယ်။ ခုနက ၂ ကြိမ်တော့ ကွဲတယ်။ မနက် ၉နာရီ တစ်ကြိမ်ရယ်။ ခုနက တစ်နာရီနဲ့ နှစ်နာရီကြားမှာ တစ်ကြိမ်။ ဆိုင်းတောင်နဲ့ ယူမာ ကြားက စာသင်ကျောင်းရှေ့မှာ။ အထိအခိုက် ကတော့ ၉ယောက်ထဲမှာ ၇ယောက်ကတော့ တော်တော်လေး အခြေအနေ ဆိုးတယ်လို့ကြားတယ်။ တချို့က တော့ သေဆုံးတယ်လို့ ပြောတယ်။ မြေပြင်သတင်းကတော့ အမျိုးမျိုးထွက်နေတာပေါ့လေ။ ”
ဒီပေါက်ကွဲမှုဟာ စာသင်ကျောင်းအနီးမှာ ပေါက်ကွဲတာဖြစ်ပြီး ဒုတိယအကြိမ် ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ထိခိုက်တဲ့အခြေအနေကို မသိရကြောင်း ပြောပါတယ်။ ဖားကန့်ဒေသခံ နောက်တစ်ဦးကတော့ မိုင်းခွဲတဲ့နေရာဟာ စာသင်ကျောင်းရှေ့ဖြစ်ပြီး၊ ဗုံးစထိမှန်လို ထိခိုက်ဒဏ်ရာရသူရှိပေမဲ့ သေဆုံးတာတော့ မကြားသိရကြောင်း ပြောပါတယ်။ ဖားကန့်မြို့နယ် ဆိုင်းတောင်အနီးမှာ ပြီးခဲ့တဲ့ ၇ ရက်နေ့ကလည်း စစ်ကြောင်းသွားနေတဲ့ စစ်ကောင်စီတပ်ကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။
တနင်္ဂနွေနေ့ ည ၈နာရီလောက်ကလည်း ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ကျေးရွာအနီးက စစ်စခန်းတစ်ခုကို KIA ကတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဝိုင်းမော်ဒေသခံ တစ်ဦးက ပြောပါတယ်။
“ မနေ့ညကလည်း တိုက်ပွဲတွေ ဖြစ်နေတာ။ အောင်မြေ(၁) စခန်းပေါ့။ တပ်စခန်း။ KIA တွေ ဝင်တိုက်တယ်ထင်တယ်။ကြည့်ရတာ။ မနေ့ညက အဲဒါတိုက်ပြီးမှ မကြာဘူး လက်နက်ကြီးတွေ ပစ်တယ်။ ဒီ ၅၈ ကနေ။ အဲဒါ သူတို့ ရှိတဲ့နေရာဘက်ကို ပစ်တာပေါ့။ အကျယ်ကြီးပဲ။ လန့်လို့ ဒီမှာ အိပ်လို့တောင်မရတော့ဘူး။ မနေ့ညက တစ်ညလုံး။ ဘယ်အချိန်ထပ် ပစ်မလဲပေါ့။”
KNG ကချင်သတင်းဌာနကတော့ ခလရ ၅၈ လက်အောက်ခံ အောင်မြေ (၁)ကျေးရွာက ပြည်သူ့စစ်စခန်းကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းကို သိမ်းယူ၊ မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့သတင်းပတ်ထဲမှာ ကချင်ပြည်နယ် ရွှေကူမြို့နယ် နဲ့ စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA-PDF ပူးပေါင်းတပ်တွေအကြားမှာ ၅ ရက်နေ့ကနေ ၉ရက်နေ့အထိ ၄ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က လေကြောင်းကပါ တိုက်ခိုက်ခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်ဖက်က အကျအဆုံးများပြား ခဲ့ကြောင်း ကသာ PDF က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ခုလို အေအိုင်အေတပ်နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ပြင်းထန်လာနေချိန် ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာကို စစ်တပ်ကတိုက်ခိုက်မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်နေပါတယ်။ ဒါနဲ့ပါတ်သက်လို့ နိုင်ငံတော် အချုပ်အခြာတည်မြဲရေးနဲ့ လုံခြုံရေးကို မထိခိုက်သရွှေ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေရဲ့ ဌာနချုပ်တွေကို မတိုက်ခိုက်ဘူးဆိုတဲ့ မူကို ကိုင်စွဲထားပါတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၁၂ ရက် တနင်္လာနေ့ကလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။
--------------------------------------------