သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံကူးစာအုပ် Passport အတုလုပ်တဲ့ဂိုဏ်း ဘန်ကောက်မှာဖမ်းမိ


myanmar passport
myanmar passport

မြန်မာနိုင်ငံကူးစာအုပ်တွေမှာ ထိုင်းပြည်ဝင်ခွင့်ဗီဇာ အတုတွေထုပြီး ရောင်းစားနေတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်အခြေစိုက် ဂိုဏ်းတဂိုဏ်းကို ထိုင်းအာဏာပိုင်တွေက ဖော်ထုတ် ဖမ်းဆီး လိုက်ပါတယ်။ ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်မှာ ဗီဇာအတုနဲ့ အချက်အလက်တွေ ပြန်ပြင် ထားတဲ့ မြန်မာနိုင်ငံကူးစာအုပ် ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားတဦးကို ဖမ်းမိတာကနေ နောက်ဆက်တွဲအနေနဲ့ ဂိုဏ်းတဂိုဏ်းလုံးကို ဖမ်းဆီးလိုက်တာပါ။ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေ ကုန်ပစ္စည်းပို့ဆောင်ရေးလမ်းကြောင်းကိုသုံးပြီး မြန်မာ နိုင်ငံကူးစာအုပ်အတုတွေ ပို့နေတဲ့ဂိုဏ်းကို ဖော်ထုတ်ဖမ်းဆီးလိုက်တဲ့အကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့က ဘန်ကောက်မြို့၊ ထိုင်း လူဝင်မှုကြီးကြပ်ရေးဗျူရိုမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထိုင်း လဝကဦးစီးအရာရှိ Sompong Chingdao က ပြောသွားပါတယ်။

“မြန်မာနိုင်ငံသားတွေကို နယ်စပ်နေရာအသီးသီးကနေခေါ်လာပြီး မြန်မာနိုင်ငံကူး စာအုပ်အတု တွေ လုပ်ပေးနေတာဖြစ်တယ်၊ အဲဒီစာအုပ်တွေဟာ မဲဆောက်ကနေ သယ်လာတာဖြစ်တယ်၊ ကုန်ပို့ဆောင်နေတဲ့စံနစ်နဲ့ ပို့တာ၊ လူကိုယ်တိုင်သယ်လာတာ ရှိတယ်၊ အဲဒီဂိုဏ်းကို စောင့်ကြည့် နေတာကိုကြာပြီ၊ ဒီအဖွဲ့မှာပါတဲ့သူတွေကို ဖမ်းဝရမ်း ထုတ်ထားတာဖြစ်တယ်၊ မြန်မာနိုင်ငံကူး စာအုပ်အတုတွေကို ထိုင်းနိုင်ငံ ဗီဇာတုံးတွေ ထုပြီး မြန်မာနိုင်ငံသားတွေကို ပြန်ရောင်းစားနေ တာဖြစ်တယ်၊ နိုင်ငံကူးစာအုပ်အတု လုပ်တဲ့ဂိုဏ်းကို ဖမ်းမိတာကတော့ နိုင်ငံကူးစာအုပ်တွေကို ကားဂိတ်ကနေ သွားယူနေ တုန်း ဖမ်းမိတာဖြစ်တယ်” လို့ မစ္စတာ Chingdao ကပြောပါတယ်။ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်မှာ နိုင်ငံကူးစာအုပ်အတု ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား ကိုကျော် ဆိုသူကို စတင်ဖမ်းမိခဲ့ရာက စာအုပ်အတုလုပ်နေတဲ့ဂိုဏ်းကို ဆက်လက် ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တာပါ။

မြန်မာနိုင်ငံကူး စာအုပ်အတု ၁၄ အုပ်နဲ့ အသက် ၃၂ အရွယ် မနီလာ၊ အသက် ၃၃ နှစ် အရွယ် ကိုဇင်တို့နဲ့အတူ တရားမဝင် မြန်မာနိုင်ငံသား ၁၀ ဦးကို ဘန်ကောက်မြို့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါ တယ်။ ဖမ်းဆီးခံရသူတွေရဲ့ ဝန်ခံချက်အရ မြန်မာနိုင်ငံသားတွေကို လူမှောင်ခိုသမားတွေက ဘန်ကောက်ကိုခေါ်လာပေးပြီး ဒီဂိုဏ်းက နိုင်ငံကူးစာအုပ် အတုတွေ လုပ်ပေးနေတာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့က ဖမ်းမိသည့် မြန်မာနိုင်ငံကူးစာအုပ် အတုလုပ်သူများနှင့် စစ်ဆေးနေသည့် ထိုင်းအာဏာပိုင်များ။
အောက်တိုဘာလ ၁၁ ရက်နေ့က ဖမ်းမိသည့် မြန်မာနိုင်ငံကူးစာအုပ် အတုလုပ်သူများနှင့် စစ်ဆေးနေသည့် ထိုင်းအာဏာပိုင်များ။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသူ မနီလာဟာ မြန်မာနိုင်ငံကူးစာအုပ်တွေမှာ ထိုင်းနိုင်ငံရဲ့ တံဆိပ်တုံး အတုတွေ၊ ဗီဇာအတုတွေထုပြီး နိုင်ငံကူးစာအုပ် Passport တအုပ်ကို ထိုင်းဘတ်ငွေ ၁၈,၀၀၀ ယူပြီးတော့ စာအုပ်အတုလုပ်ငန်း လုပ်နေတာဖြစ်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောဆိုသွားပါတယ်။

ဗီဇာတံဆိပ်တုံးမထုရသေးတဲ့ နိုင်ငံကူးစာအုပ်တွေကိုတော့ မြန်မာနိုင်ငံတွင်းကနေ ယူလာပြီး ထိုင်း-မြန်မာနယ်စပ် မြဝတီကတဆင့် မဲဆောက်မြို့၊ မဲဆောက်ကနေ ကုန်စည်ပို့ဆောင်ရေး စနစ်နဲ့ ဘန်ကောက်ကို ဆက်ပို့တာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတ်ယ။

၂၀၁၉ ခု နှစ်စပိုင်းတုန်းကတကြိမ် မြန်မာနိုင်ငံကူးစာအုပ် အတုလုပ်သူတွေကို ဖမ်းမိခဲ့ပြီး တဲ့နောက် အခုတကြိမ် ထပ်ပြီး အလားတူဂိုဏ်းမျိုးကို ဖမ်းဆီးမိတာဖြစ်ပါတယ်။

XS
SM
MD
LG