သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်သဘာဝဝန်းကျင် ထိန်းသိမ်းရေးသမားတဦး ပျောက်ဆုံးနေ


ထိုင်းနိုင်၊ ကန်ချနဘူရီဒေသမှာ သစ်တောပြုန်းတီးမှုကာကွယ်ရေး သစ်ပင်စိုက်အဖွဲ့။
ထိုင်းနိုင်၊ ကန်ချနဘူရီဒေသမှာ သစ်တောပြုန်းတီးမှုကာကွယ်ရေး သစ်ပင်စိုက်အဖွဲ့။

ထိုင်းနိုင်ငံ Krachan အမျိုးသား သစ်တောဥယာဉ်မှာ လွန်ခဲ့တဲ့ တနှစ်လောက်က ပျောက်ဆုံးသွားတဲ့ သစ်တောထိန်းသိမ်း စောင့်ရှောက်သူ ကရင်လူမျိုး Billy ခေါ် ဖိုးလာဂျီးအမှုကို အမြန်ဆုံး စုံစမ်းဖေါ်ထုတ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ဒီရက်ပိုင်းအတွင်း တောင်းဆိုလိုက် သလို ကရင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့နဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဖိုးလာဂျီးအမှုကိုဖေါ်ထုတ်ပေးဖို့ တောင်းဆို လိုက်ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံသားလည်းဖြစ်တဲ့ ကရင်လူမျိုး Billy ခေါ် ဖိုးလာဂျီးကို ထိုင်းနိုင်ငံ Phetchaburi ခရိုင် ခရာချမ်း သစ်တောဥယာဉ်မှူးက ၂ဝ၁၄ ဧပြီလ ထဲမှာ မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်ယူစစ်ဆေး ပြန်လွှတ်ပေးခဲ့ပြီးနောက်ပိုင်း ဖိုးလာဂျီး ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ ခရာချမ်း သစ်တော ဥယျာဉ်ကြီးထဲမှာ အခြားကရင်လူမျိုး ရွာသားတွေလည်း နေထိုင်ပြီး တောင်ယာလုပ်ကိုင် စားသောက်နေကြတာပါ။ အဆိုပါ ကရင်ရွာသားတွေ ကို ထိုင်းသစ်တောအာဏာပိုင်တွေက မောင်းထုတ်ခဲ့ပြီး ဖိုးလာဂျီးက လူ့အခွင့်အရေး ရှုထောင့်ကနေ ဒီကိစ္စကို လိုက်လံဆောင်ရွက်တာတွေ ရှိခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ ဒီအတောအတွင်း ထိုင်းသစ်မှောင်ခိုအဖွဲ့တဖွဲ့က သစ်ခိုးထုတ်နေတာကို ဖိုးလာဂျီးက မှတ်တမ်း ဓါတ်ပုံရိုက်ယူခဲ့တာ ရှိခဲ့ပါတယ်။ ဖိုးလာဂျီး ပျောက်ဆုံးသွားတဲ့ အခြေနေတွေနဲ့ ပတ်သက်လို့ ထိုင်းမြန်မာနယ်စပ် အခြေစိုက် ကရင် သဘာဝဝန်းကျင်နဲ့ လူမှုကွန်ယက် KESAN အဖွဲ့တာဝန်ခံ ပေါလ်စိန်ထွားက ရှင်းပြပါတယ်။

“ထိုင်းအစိုးရရဲ့သစ်တောဌာနအဖွဲ့တွေက သူတို့နဲ့ ပဋိပက္ခတွေရှိတယ်။ ထိုင်းရဲ့ Policy က သူ့ရဲ့ National Park ပေါ့နော်၊ ကာကွယ်တဲ့ နေရာမှာ လူနေမှု အခွင့်အရေးမရှိဘူးပေါ့။ အဲဒါပါတယ်။ ပြီးတော့ ကရင်တွေရဲ့ ဓလေ့ထုံးစံက သူတို့ တောင်ယာလုပ်တယ်လေ။ တောင်ယာလုပ်တော့ တောအဖွဲ့တွေက ကရင်ရွာတွေကို မောင်းထုတ်လိုက်တာပေါ့နော၊ သူတို့ရဲ့ လုပ်နေတဲ့ စပါးကျီလား၊ ဘာလား၊ အဲဒါကို မီးရှို့ပစ်လိုက်တာပေါ့။ သူကလည်း ကရင်ကိုယ်စားလှယ်တဦးအနေနဲ့ သူက အဲဒါကို လိုက်နေတာပေါ့နော်။ ပြီးတော့ နောက်မှာ Krachan ရဲ့ ထိုင်း officer တယောက်ပေါ့နော် ၊ အဲဒီ တရားရုံးကေ့စ်တခု ရှိတယ်။ တရားမဝင်သစ်ထုတ်လုပ်ရေးတခု တနေရာမှာ သွားတွေ့ပြီးတော့ သူက ဓာတ်ပုံရိုက်ထားတာ။ အဲဒီ ဓာတ်ပုံသွားရိုက်ထားတာက အန္တရာယ်ကြီးတယ်။ ဘာဖြစ်လဲဆိုရင် သူက အဲဒီ case ကို ဖြစ်လာလို့ရှိရင် ခုနက National Park ရဲ့ ခေါင်းဆောင်တယောက်က သူ ရာထူးပြုတ်မယ်။ ပြီးတော့လည်း ဒီကိစ္စတွေ ပေါ်လာမယ်လေ။ ဆိုတော့ အဲဒါ အစပျောက်အောင် အဲလိုမျိုးလုပ်တာလား…ဆိုတာက အဲဒါက suspect တခုအနေနဲ့ပေါ့နော်၊ Case ပေါ့နော်။”

ဖိုးလာဂျီးပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ ထိုင်းအခြေစိုက် Forum Aisa အဖွဲ့ရဲ့ဒါရိုက်တာ Evelyn Balais Serrana က အခုလို မှတ်ချက်ပေးပြောဆိုပါတယ်။

“ထိုင်းနိုင်ငံဟာ ဒီမိုကရေစီလို့ပြောနေပေမယ့် မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့အခြေနေကိုကြည့်ရင် လူတွေ စိုးရိမ်ကြောက်ရွံ့နေကြတာကို ကျမတု့ိ သတိထားမိပါတယ်။ လူ့အခွင့်အရေး အဖွဲ့တချို့က ကြေညာချက်တွေမှာ ပူးပေါင်းပါဝင်တာတွေလုပ်ကြပေမယ့် အရဲစွန့်ပြီး အမည်မဖေါ် လိုကြပါဘူး။”-လို့ Serrana က ပြောသွားတာပါ။

ဖိုးလာဂျီး ရုတ်တရက်ပျောက်ဆုံးဟာ အခြားသော လူ့အခွင့်အရေး လှုပ်ရှားသူတွေကို စိုးရိမ်စိတ် ဝင်စေတယ်လို့ ထိုင်းမြန်မာနယ်စပ်အခြေ စိုက် ကရင်လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ KHRG ကလည်းပြောပါတယ်။ စောအဲလ်ဘတ်ဟာ အဖွဲ့ရဲ့ တာဝန်ရှိသူတဦးပါ။

“သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့ အဲလိုမျိုး ထဲထဲဝင်ဝင်လှုပ်ရှားနေတာ ထိုင်းနိုင်ငံဘက်မှာ သိပ်ပြီးတော့ မရှိဘူးပေါ့နော်၊ ထွန်းထွန်း ပေါက်ပေါက်ဆိုရင် သူက အဲလိုမျိုး တယောက်ပဲရှိတယ်။ အဲလိုရှိတဲ့အခါကျတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ သူ့လိုမျိုး လုပ်နိုင်ဖို့အတွက် အဟန့်အတား တခုဖြစ်တယ်။ နောက် တရားဥပဒေအရ စုံစမ်းဖော်ထုတ်ပေးဖို့ ကျနော်တို့ မျှော်လင့်တယ်။ တောင်းလည်း တောင်းဆိုချင်တယ်ပေါ့။”

ထိုင်းရဲတွေကတော့ Billy ခေါ် ဖိုးလာဂျီး ပျောက်ဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပါတယ်။ ဖိုးလာဂျီးအမှုကို စုံစမ်းစစ်ဆေးနေစဉ်မှာ ထိုင်းအာဏာပိုင် တွေက Krachan အမျိုးသားသစ်တောဥယာဉ်မှူးကို အဲဒီ ရာထူးတာဝန်ကနေ ရွှေ့ပြောင်းလိုက်ပါတယ်။ ဖိုးလာဂျီးပျောက်ဆုံးသွားမှုဟာ Krachan အမျိုးသားသစ်တောဥယာဉ်ဝန်ထမ်းတွေနဲ့ ပတ်သက်နိုင်တယ်လို့ မိသားစုဝင်တွေရဲ့စွပ်စွဲချက်ရှိနေချိန်မှာ သစ်တောဥယာဉ်မှူးကို ပြောင်းလိုက်မှုနဲ့ ပတ်သက်ပြီး ထိုင်းတရားရုံးက ကန့်ကွက်ခဲ့ပါတယ်။

XS
SM
MD
LG