သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ဒဏ်ခတ်မှု သက်တမ်းတိုးဖို့ အမတ် Crowley အဆိုပြု


မြန်မာပြည်ကျောက်မျက်ရတနာ အမေရိကန်ကို တင်ပို့တဲ့မှု ပိတ်ပင်တဲ့ ဥပဒေကို ထပ်မံအဆိုတင်သူ အထက်လွှတ်တော် အမတ် Joe Crowley.
မြန်မာပြည်ကျောက်မျက်ရတနာ အမေရိကန်ကို တင်ပို့တဲ့မှု ပိတ်ပင်တဲ့ ဥပဒေကို ထပ်မံအဆိုတင်သူ အထက်လွှတ်တော် အမတ် Joe Crowley.
မြန်မာသမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို တရားဝင်ခရီးစဉ် လာရောက်မယ့် ရက်ပိုင်းအလိုမှာပဲ မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူး သဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ ဥပဒေတရပ် သက်တမ်းတိုးဖို့ အမေရိကန်လွှတ်တော်မှာ သြဇာညောင်းတဲ့ လွှတ်တော်အမတ်တဦးက လွှတ်တော်ကို အဆိုပြုလိုက်ပါတယ်။ မြန်မာနိုင်ငံ တွင်းက အခြေအနေတွေဟာ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဆက်ပြီးရှိနေဖို့ လိုအပ်နေသေးတယ်ဆိုတာကို သတိပေးတဲ့အနေနဲ့ ခုလို ဥပဒေသက်တမ်း တိုးဖို့အဆိုကို သမ္မတဦးသိန်းစိန် ခရီးစဉ်နဲ့ အချိန်ကိုက်တင်သွင်းတာဖြစ်တယ်လို့ ယူဆတဲ့အကြောင်း ဝါရှင်တန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ US Campaign for Burma ကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်အစုံ ပြောပြပေးပါရှင်။

မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူးသဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ Burma Freedom and Democracy Act လို့ခေါ်တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်းတိုးဖို့ ဒီမိုကရက် အထက်လွှတ်တော် အမတ် Joseph Crowley နဲ့ ရီပက်ပလစ်ကန် အထက်လွှတ်တော်အမတ် Peter King တို့က ကွန်ဂရက်စ် လွှတ်တော်ကို အဆိုပြု တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ရှိနေသေးတာကြောင့် အမေရိကန်အစိုးရအနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆက်ပြီးချမှတ်ထားဖို့ လိုအပ် နေသေးတယ်လို့ မစ္စတာ Crowley က ပြောဆိုခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း မေလကနေစလို့ ရက် ၉၀ အတွင်း ဒီဥပဒေ သက်တမ်းတိုးဖို့ ကွန်ဂရက်လွှတ်တော်မှာ မဲပေးဆုံးဖြတ်ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ တိုက် တိုက်ဆိုင်ဆိုင် မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန် တရားဝင် ခရီးစဉ်နဲ့ အချိန် ကိုက် လွှတ်တော်အမတ်တချို့က ဒီဥပဒေသက်တမ်း တိုးဖို့ ပြောလာခဲ့တာ ပါ။ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်ရှိဖို့ လိုအပ်နေသေးတယ်ဆိုတာကို သိသာထင်ရှားစေဖို့အတွက် သမ္မတဦးသိန်းစိန် ခရီးစဉ် ရက်ပိုင်းအလိုမှာ အခုလို လွှတ်တော်ကို ချိန်ကိုက်တင်သွင်းပုံ ရတယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ US Campaign for Burma က လှုပ်ရှားမှုတာဝန်ခံ Rachel Wagley က ပြောပါတယ်။

“ဒါ တမင်ရည်ရွယ်ပြီး ချိန်ကိုက်လုပ်တာပါ။ ကျမတို့ အရင်ကတည်းက သတ်မှတ် ထားတဲ့ အခြေအနေတွေနဲ့ကိုက်ညီတဲ့ မူဝါဒတွေကို ဆက်လက် ချမှတ်သွားနိုင်ဖို့ တမင်ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်။ ဘာလို့ခုချိန်မှာ သက်တမ်းတိုးဖို့ လုပ်ရလဲဆိုတော့ ကျမတို့အနေနဲ့ မြန်မာအစိုးရကို သာမက အမေရိကန် အစိုးရ ကိုပါ သတင်းစကားပါးချင်တာ ရှိပါတယ်။ အဲဒါက အမေရိကန်အနေနဲ့ လိုက်လျောဆောင်ရွက်မှုတွေ ဆက်လုပ် နေတာ၊ သမ္မတဦးသိန်းစိန်ကို ဂုဏ်ပြုနေတာတွေဟာ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေနဲ့အညီ တုံ့ပြန်တာ ထက် ပိုနေတယ်ဆိုတာပါ။ တကယ့် ပကတိအခြေအနေမှာက စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ ပိုများလာနေသလို သမ္မတဦးသိန်းစိန်အစိုးရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကလည်း နိုင်ငံ အနှံ့မှာ ရှိနေတုန်းပါ။ ဆိုတော့ ဒီ အက်ဥပဒေကို သက်တမ်းတိုးခြင်းအားဖြင့် လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲ မှုတွေကို ခိုင်ခိုင် မာမာ တိုးမြှင့် မဆောင်ရွက်ဘဲနဲ့ ဒီပိတ်ဆို့မှုတွေ ပယ်ဖျက်ပေး မှာ မဟုတ်ဘူးဆိုတာကို ပြောနိုင်မှာဖြစ်ပါတယ်။”

အမေရိကန်အစိုးရဟာ လောလောဆယ်မှာ မြန်မာအစိုးရကို လိုအပ်တာထက် ပိုပြီး လိုက်လျောနေတယ်လို့လည်း US Campaign အဖွဲ့က ဝေဖန် ပါတယ်။ မြန် မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်မြောက်သေးတာ၊ တိုင်းရင်း သားဒေသတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ် ပြန့်ပြန့် ဆက်လက် ရှိနေသေးတဲ့အချိန်မှာ အမေရိကန်အနေနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ထပ်ပြီးတော့ မလျှော့ပေးသင့်ဘူးလို့ Rachel Wagley က ပြောပါတယ်။

“ကျမတို့ရဲ့ အဓိက ပြဿနာက ပြောရရင် အမေရိကန်အစိုးရက မြန်မာနိုင်ငံတွင်း အမှန်တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေပေါ်မူတည်ပြီး တုံ့ပြန်ဆောင်ရွက်ရမှာ ထက်ကို ကျော်လွန်ပြီးတော့ လိုက်လျောတုံ့ပြန်နေတဲ့ကိစ္စပါ။ လက်တွေ့ အခြေအနေကိုကြည့်ရင် မြန်မာအစိုးရ စစ်တပ်ဟာ တိုင်းရင်းသားလူနည်းစုတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေဆဲဖြစ်ပါတယ်။ အတင်း အဓမ္မပြုကျင့်မှုတွေနဲ့ ကျူးလွန်သူတွေကို တရားဥပဒေက ကင်းလွတ်ခွင့်ပြု ထားနေ တုန်းပါ။ ဆိုတော့ ကျမတို့အနေနဲ့ကတော့ အမေရိကန်က ပိတ်ဆို့ မှုတွေ ပြန်ရုပ် သိမ်းဖို့ဆိုရင် အရင်ဆုံးအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မဲ့ပြန်လွှတ်ပေးတာ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ ပြစ်မှု ကျူးလွန်မှုတွေကို စစ်ဆေးအရေးယူတာ စတဲ့လုပ်ဆောင်မှုတွေကို မြန်မာ အစိုးရဘက်က ဆောင်ရွက်ပေးတာကို မြင်ချင်ပါတယ်။”

၂၀၀၃ ခုနှစ်ကချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ ဟာ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ အပါအဝင်၊ မြန်မာနိုင်ငံက ကုန် ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့်ကို ပိတ်ပင်ထားတာဖြစ် ပြီးတော့ မြန်မာ စစ်ခေါင်းဆောင်တွေ လက်ထဲကို အမေရိကန်ဒေါ်လာ သန်း ရာနဲ့ချီ ရောက်မသွားအောင် ဟန့်တားပိတ်ပင်ခဲ့တဲ့ ဥပဒေတရပ်ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့ပြီး တဲ့နောက်ပိုင်း အမေရိကန်က မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုတချို့ကို ဆိုင်းငံ့ပေးခဲ့ပေမဲ့လို့ မြန်မာနိုင်ငံ တွင်း နိုင်ငံရေးအရ လမ်းဖွင့်ပေးမှုတွေဟာ အစပိုင်းသာရှိသေးပြီး ကျန်နေသေး တဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့ စိုးရိမ်စရာလူ့အခွင့်အရေး အခြေအနေတွေ ဆက် ရှိနေသေးတာကြောင့် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အတော်များများကို ဆက်လက်ထားရှိနေတုန်းလည်းဖြစ်ပါတယ်။ သိပ်မကြာခင်ကပဲ သမ္မတ Barack Obama က မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေး နဲ့ နိုင်ငံခြားရေး မူဝါဒအပေါ်မှာ အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ဆိုပြီး အမျိုးသားအရေးပေါ် အက်ဥပဒေကို ၁ နှစ် ထပ်မံ သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြားခဲ့ပါသေးတယ်။ ၁၉၉၇ ခုနှစ်ကတည်းက အမေရိကန်က မြန်မာ အပေါ်ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုဥပဒေကို ဆက်ပြီး သက်တမ်းတိုးဖို့ သမ္မတ အိုဘားမား က မေလ ၂ ရက်နေ့ နေ့စွဲနဲ့ Congress လွှတ်တော်ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ မြန်မာအပေါ်ချမှတ်ထားတဲ့ ၁၉၉၇ ခုနှစ် ဥပဒေအရ အမေရိကန်အနေနဲ့ မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွား ဆက်ဆံမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ပိတ်ပင် တားမြစ်ထားတာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG