သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြားယောင်းပေါင်းသင်းခံရမှု ပပျောက်ရေး အသိပညာပေးရန်လို


အလံတရာဆရာတော် ပြန်ဝင်စားသူလို့ဆိုတဲ့ အသက် ၂၅ နှစ်အရွယ် ခွန်တန်။
အလံတရာဆရာတော် ပြန်ဝင်စားသူလို့ဆိုတဲ့ အသက် ၂၅ နှစ်အရွယ် ခွန်တန်။

အသိပညာနည်းပါးမှု၊ အယူသည်းမှုတွေကို အခွင့်ကောင်းယူပြီး မိန်းကလေးငယ်တွေကို ဖျားယောင်း ပေါင်းသင်းနေထိုင်တဲ့ ကိစ္စမျိုးအတွက် အမျိုးသမီးတွေနဲ့ ဒေသခံ လူထုကို အသိပညာပေးဖို့ လိုအပ်နေတယ်လို့ အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။ ဘာသာရေးမှိုင်းတိုက်ပြီး မိန်းကလေးငယ်အများအပြားကို ပေါင်းသင်းနေထိုင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အလံတရာဆရာတော် ပြန်ဝင်စားတယ် ဆိုသူကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဥပဒေနဲ့ အရေးယူဖို့ မွန်ပြည်နယ် လွှတ်တော်က နေတဆင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း သထုံမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်ကလည်း ပြောဆိုလိုက်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ စရစ်ချောင်းကျေးရွာအုပ်စု၊ အလံတရာနယ်မြေက ပအို့ကျေးရွာတချို့မှာ ခွန်တန်နဲ့ အပေါင်းပါလူတစုဟာ ဘာသာရေးမှိုင်းတိုက်ပြီး အသက် ၁၆ နှစ်အောက် ကနေ ၁၈ နှစ် အရွယ်ရှိ မိန်းကလေးငယ်မြောက်များစွာနဲ့ ပေါင်းသင်းနေထိုင်ခဲ့တဲ့ ဖြစ်ရပ်ကို အလံတရာနယ်မြေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ ်ဒေါ်ခိုင်ခိုင်လဲ့က ဗွီအိုအေကို ပြောပြပါတယ်။

"ခွန်တန်ခေါ် ခွန်အောင်ပေါ့နော် ဓမ္မရာဇာဆိုပြီးတော့ ဘုရားလောင်းလို့သတ်မှတ်ပြီးတော့ လူတစုက ကိုးကွယ်ကြတယ် ခွန်တန်ခေါ် ခွန်အောင်က သဘောကျနှစ်ခြိုက်တဲ့ မိန်းကလေး သူကြိုက်တယ်ဆိုရင် တောင်းခိုင်းတယ် တောင်းခိုင်းတယ်ဆိုရင် ပအို့ဝ်ရိုးရာလက်ချည်ပွဲလုပ်တယ် မင်္ဂလာဆောင်တယ် ဒါမှမဟုတ်ရင် လမ်းလေးခွဆုံမှာ ၇ရက်၇လီ မင်္ဂလာဆောင်တယ် ဒါမှမဟုတ်ရင် မင်္ဂလာဆွမ်းကျွေး အိမ်မှာ မင်္ဂလာဆောင်တယ် အဲ့လိုမင်္ဂလာဆောင်ပြီးရင် အဲ့ဒီ့မိန်းကလေးကို ဥပမာ အစ်မပေ့ါနော် အကြီးမပေါ့ အကြီးမက ၁၅နှစ်ဖြစ်ချင်ဖြစ်မယ် ၁၆နှစ်ဖြစ်ချင်ဖြစ်မယ် အဲ့တယောက်နဲ့ မင်္ဂလာဆောင်တယ် ဆောင်ပြီးတော့ သူပေါင်းတယ် တစ်လတန်သည် ရက်၂၀တန်သည် ပေါင်းတယ် ပေါင်းပြီးလို့ရှိရင် နောက် အငယ်မကို ဆက်ယူတယ် ဒါကိုလည်း သဘောတူကြတယ် မိဘတွေက သဘောတူကြတယ် မိန်းကလေးတွေက သဘောတူခြင်း မတူခြင်းကို ထည့်မတွက်ဘူး ခွန်တန်နဲ့ မယူရင် ငရဲကြီးမယ်ဆိုတဲ့ ယုံကြည်စိတ်မျိုးတွေလည်းရှိတယ်။

အခုလို မိန်းကလေးငယ်တွေနဲ့ ပေါင်းသင်းနေထိုင်တဲ့ ဖြစ်ရပ်ကို အသက် ၂၅နှစ်အရွယ် ခွန်တန်ဟာ ၂၀၁၃ ခုနှစ် ပတ်ဝန်းကျင်လောက်မှာ စတင်ကျူးလွန်ခဲ့တယ်လို့ သိရကြောင်းနဲ့ ဒါဟာ ဥပဒေကြောင်းအရ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်လဲ့ကပြောပါတယ်။

"သူကြိုက်ပါတယ်ဆိုတဲ့ မိန်းကလေးတွေ အကုန်လုံးက လက်ခံရတယ် သူ အဲ့တာကို အကြာကြီး ပေါင်းချင်မှ ပေါင်းမယ်။ မပေါင်းချင်လည်း မပေါင်းတော့ဘူး အဲ့လိုမိန်းကလေးမျိုးတွေ အများကြီးရှိနေတယ်။ ဒါနဲ့ပတ်သက်လို့ရှိရင် ဥပဒေအရ တကယ့်ကိုငြိစွန်းနေတဲ့ လုပ်ရပ်တခုဖြစ်တယ်ဆိုတာ အငြင်းပွားစရာမရှိဘူး။ "

မွန်ပြည်နယ်လွှတ်တော်ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာကော်မတီ ဥက္ကဌ အနေနဲ့ ခွန်တန်ရဲ့ အမျိုးသမီးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စွပ်စွဲချက်ပါဝင်တဲ့ တိုင်ကြားစာတချို့ ရရှိထားတယ်လို့ ဒေါ်ခိုင်ခိုင်လဲ့ကပြောပါတယ်။

ဒါကြောင့် နစ်နာခဲ့တဲ့ မိန်းကလေးငယ်တွေအတွက် ဥပဒေကြောင်းအရ တရားမျှတမှုရရှိဖို့ ကော်မတီအနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူက အခုလိုပြောပါတယ်။

" ဥပဒေအရ တခုခုကိုတော့ မွန်ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ပိုင်းဆိုင်ရာ တရားစီရင်ရေးပိုင်းဆိုင်ရာကတော့ တခုခုလုပ်ဆောင်ပေးသင့်တယ်ဆိုတဲ့ဟာကိုတော့ ကျမတို့ကော်မတီအသံကနေ လွှတ်တော်ကိုပေးပို့သွားမှာဖြစ်ပါတယ်။ ဒီအပေါ် အရေးယူတာကတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ တရားစီရင်ရေးပဲဖြစ်ပါတယ်လို့။"

အခုလို ဘာသာရေးမှိုင်းတိုက်ပြီး အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေအပါအဝင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့ ဖြစ်ရပ်တွေ ရပ်တန့်အောင် ပညာပေးလုပ်ငန်းတွေကိုအမျိုးသမီးအဖွဲ့အစည်းတွေအပါအဝင် လူထုအခြေပြု အဖွဲ့အစည်းတွေကနေ သက်ဆိုင်ရာ အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး အရှိန်အဟုန်မြင့် ဆောင်ရွက်သင့်တယ်လို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တခဏရောက်ရှိနေတဲ့ Triangle အမျိုးသမီးအဖွဲ့တည်ထောင်သူ မခင်လေးက သုံးသပ်ပါတယ်။

"ပြည်သူလူထုအတွက်ကို အထူးသဖြင့် အမျိုးသမီးတွေအတွက်ကို အသိပညာပေးတဲ့ အလုပ်တွေ ပိုလုပ်သင့်တယ် အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အခြားကိစ္စတွေကို အကာကွယ်ပေးတဲ့ အကြမ်းဖက်မခံရအောင် အလုပ်တွေကို ဒီ့ထက်ပိုလုပ်သင့်တယ်ဆိုတာကိုတော့ ကျမသွားမြင်တယ် ဒါကြောင့်မို့လို့ မွန်ပြည်နယ်မှာရှိတဲ့ ကျမတို့ အမျိုးသမီးအဖွဲ့တွေ ကို ပိုပြီးတော့မှ တိုက်တွန်းပြီးတော့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ နောက်တခါ အမျိုးသမီးတွေအတွက်သာမဟုတ်ပဲ ပြည်သူလူထုကို အသိပညာပေးတဲ့ကမ်ပိန်းတွေ ကျမတို့ပိုလုပ်ပေးရမယ်ဆိုတာကိုတော့ ကျမသွားတွေ့ပါတယ်။"

ခွန်တန်နဲ့ အပေါင်းပါတစုကို ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက သာသနာရေးညှိုနွမ်းစေမှုနဲ့ မွန်ပြည်နယ်အစိုးရက အရေးယူထားပေမယ့် ခွန်တန်ကတော့ ထွက်ပြေး တိမ်းရှောင်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။

" အလံတရာဘုရားကြီးကို အပေါ်ကနေငုံပြီးတော့ စေတီအကြီးကြီးတည်ဖို့ကိစ္စနဲ့ပတ်သက်ပြီး ခွန်တန်နဲ့ အဖွဲ့ ဂေါပကလိုအဖွဲ့ကို စေတီဆက်လက်မတည်ဖို့ဆိုပြီး အကြိမ်ကြိမ်တားမြစ်တယ် တားမြစ်တဲ့နေရာမှာ ဆက်လက် လုပ်ဆောင်တဲ့ အတွက်ကြောင့် ပြစ်မှုဆိုင်ရာဥပဒေ ၂၉၅ က နဲ့ အရေးယူပြီးတော့ ကက်ဘိနက်က ဆုံးဖြတ်ထားတာတော့ရှိတယ်။ လူပုဂ္ဂိုလ်တွေကိုတော့ စွဲထားတယ် ဘုန်းကြီးရဟန်းတွေကိုတော့ မစွဲရသေးဘူး။ သာသနာရေးက အခုအချိန်အထိကို အကြောင်းကြောင်းတွေကြောင့် နှောင့်နှေးကြန့်ကြာနေတယ်။ ဒီကြားထဲမှာ ခွန်တန်ခေါ် ခွန်အောင်ကတော့ လွတ်မြောက်သွားတယ်ပေါ့နော်။"

ခွန်တန်ကို ဖမ်းဆီးနိုင်ဖို့ ရှမ်းပြည်နယ်ကို ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းအရ ရှမ်းပြည်နယ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတင်းထောက်တွေကိုပြောပါတယ်။

အခုလို အလံတရာနယ်မြေက ပအို့ကျေးရွာတွေမျာ ဘာသာရေးမှိုင်းတိုက်ခံနေရတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ကိုယ်တိုင် သတင်းတပတ်အတွင်း သူကိုယ်တိုင် သွားရောက် စုံစမ်းဖြေရှင်း ဖို့ရှိကြောင်း သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကလည်း ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG