သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ နယ်စပ်လုံခြုံရေး အိန္ဒိယ တပ်သစ်ဖွဲ့မည်


အိန္ဒိယမြန်မာ နယ်စပ်စည်းရိုး
အိန္ဒိယမြန်မာ နယ်စပ်စည်းရိုး

မြန်မာနဲ့ ထိစပ်နေတဲ့ နိုင်ငံတကာနယ်နိမိတ်ကို စောင့်ကြပ်ဖို့အတွက် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာ နယ်စပ်လုံခြုံရေး တပ်ဖွဲ့အသစ် ဖွဲ့စည်းရေး အိန္ဒိယလွှတ်တော် ကော်မီတီက အဆိုပြုချက် တင်သွင်းလိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ အနောက်မြောက်ဒေသမှာ လှုပ်ရှားနေကြတဲ့ အကြမ်းဖက်ဖွဲ့အစည်းတွေကို နှိမ်နင်းတဲ့ လုပ်ငန်းနဲ့ နယ်စပ်ဒေသလုံခြုံရေး ကိစ္စရပ်တွေကို မတူညီတဲ့ တပ်ဖွဲ့ ၂ ခုက သီးခြားစီ တာဝန်ယူ ဆောင်ရွက်သင့်ကြောင်း လွှတ်တော် နယ်ခြားစောင့်တပ်ဖွဲ့များဆိုင်ရာ လုပ်ငန်းအဖွဲ့က ကြာသပတေးနေ့မှာ အဆိုပြုလိုက်တာပါ။ လက်ရှိမှာ အာသံရိုင်ဖယ်လို့ခေါ်တဲ့ အာသံ သေနတ်ကိုင်တပ်ရင်းက အဲဒီ တာဝန်နှစ်ရပ်စလုံးကို ထမ်းဆောင်နေတာပါ။

လက်ရှိမှာ အာသံရိုင်ဖယ်တပ်ဖွဲ့ဟာ တခြား နယ်ခြားစောင့် တပ်ဖွဲ့တွေဖြစ်ကြတဲ့ BSF ၊ SSB ၊ ITBP စတဲ့ လက်နက်ကိုင် အဖွဲ့တွေလိုမဟုတ်ဘဲ တိုင်းပြည်ရဲ့ အနောက်မြောက်ဒေသက လက်နက်ကိုင် သောင်းကျန်း သူတွေ ထိန်းချုပ်ရေးနဲ့ မြန်မာနယ်စပ်ဒေသ လုံခြုံရေး တာဝန်တွေကို ပူးတွဲ ထမ်းဆောင်နေရကြောင်း၊ အာသံသေနတ်ကိုင်တပ်ရင်းအနေနဲ့ အရှေ့မြောက်ဒေသမှာ သောင်းကျန်းသူ နှိမ်နင်းရေး တာဝန် တခုကိုသာ ထမ်းဆောင်သင့်ကြောင်း လွှတ်တော်ကော်မီတီရဲ့ အဆိုပြုချက်ထဲမှာ ဖော်ပြထားပါတယ်။

အာသံသေနတ်ကိုင်တပ်ရင်းဟာ အိန္ဒိယနိုင်ငံမှာ သက်တမ်းအရင့်ဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ဗြိတိသျှ အစိုးရရဲ့ Cachar Levy တပ်ဖွဲ့က ၁၈၃၅ ခုနှစ်မှာ ခွဲထုတ်ပြီး အာသံလွင်ပြင်ကို ကာကွယ် စောင့်ရှောက်ဖို့ အတွက် သီးခြားတပ်ဖွဲ့အဖြစ် စတင် ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။ ၁၉၁၇ ခုနှစ်မှာ အာသံရိုင်ဖယ်လို့ အမည်ပြောင်းလဲခဲ့တာပါ။

အိန္ဒိယ-မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့အသစ် ဖွဲ့စည်းရေးအတွက် စဉ်းစားနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက လွှတ်တော်ကော်မီတီကို အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG