သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထိန်းသိမ်းခံ ANP ပါတီ ဗဟိုကော်မတီဝင် သေဆုံး


ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ NGO ရုံးတွေ အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ပါတ်သက်ပြီး မသင်္ကာမှုနဲ့ ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးတာ ခံနေရတဲ့ ANP ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ဦး ကွယ်လွန်သွားခဲ့ပါတယ်။ နိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချိန် ဒေသအကျိုး ဦးဆောင်လုပ်ကိုင်နေသူတစ်ဦး အခုလိုကွယ်လွန်သွားတာဟာ ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ ရခိုင်အမျိုးသား ပါတီက ဆိုပါတယ်။ အကြောင်းစုံကို စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေတုန်းက Malteser လို့ခေါ်တဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းက နိုင်ငံခြားသူတဦး ကနေ သာသနာအလံကို ဖြုတ်ချပြီး မဖွယ်မရာ လုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီး စစ်တွေမြို့ပေါ်က NGOတွေ ငှားရမ်းထားတဲ့ နေအိမ်တွေ၊ ထောက်ပံ့ရေးပစ္စည်း သိုလှောင်တဲ့ ဂိုဒေါင်တွေ ဖျက်ဆီးခံခဲ့ရပါတယ်။။ ဒီ အကြမ်းဖက်တိုက်ခိုက်တဲ့ ဖြစ်ရပ်မှာ ပါဝင်ကျူးလွန်သူတွေနဲ့ မမှန်မကန် သတင်းဖြန့် လှုံ့ဆော်သူတွေကို ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ အရေးယူဖို့ နိုင်ငံတော်သမ္မတက နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်တဲ့ ၅ ဦးပါ စစ်တွေအရေးစုံစမ်းရေးကော်မရှင်ဖွဲ့ပြီး တာဝန်ပေးခဲ့ပါတယ်။

အဲ့ဒီ့နောက် ဧပြီလဆန်းပိုင်းမှာတော့ အာဏာပိုင်တွေဘက်က မသင်္ကာသူ ဒေသခံ(၁၂)ဦးကို ဖမ်းဆီးထိန်းသိမ်းရာမှာ
အခု သေဆုံးသွားတဲ့ ANP (Arakan National Party) ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုကော်မတီဝင် ဦးမောင်သိန်းနဲ့ မိသားစုဝင်နှစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ ရခိုင်အမျိုးသားပါတီအတွင်းရေးမှူး ဦးဦးလှစောက ပြောပါတယ်။

“ဦးမောင်မောင်သိန်းပါ။ ဝမ်းနည်းစရာကောင်းတာက အဲဒီ case မှာ သူနဲ့ပတ်သက်ပြီး မိသားစုထဲက သူ့ညီမတစ်ယောက်လည်း အထိန်းသိမ်းခံရတယ်၊ သူ့သမီးပါပဲ။ သူ့မိသားစုထဲက ၃ ယောက် အထိန်းသိမ်းခံရတယ်လို့ သိရတယ်။”

ဧပြီလ (၇)ရက်နေ့က ကျမ်းမာရေးဆိုးရွားလာပြီး သတိလစ်မေ့မျောသွားတဲ့ ဦးမောင်သိန်းကို စစ်တွေ အကျဉ်းထောင်ကနေ စစ်တွေဆေးရုံကြီးကို ပို့ဆောင်လိုက်ပြီးနောက် ဧပြီလ (၁၁) ရက်နေ့ သောကြာနေ့ ည ၁၁ နာရီခွဲမှာ နာရီကျော် အချိန်မှာ ကွယ်လွန်သွားပါတယ်။ ဘာကြောင့်သေဆုံးသွားရသလဲဆိုတဲ့အကြောင်းရင်းကိုတော့ သေသေချာချာမသိရှိရသေးဘူးလို့ ဦးဦးလှစောက ဆိုပါတယ်။

“သူ့ကိုဖမ်းဆီးပြီး စစ်ကြောရေးလုပ်နေတဲ့ အချိန်ကာလမှာ ကျန်းမာရေးအခြေအနေက ဆိုးဝါးလာတဲ့အတွက် ဆေးရုံတက်တယ်။ တက်ပြီးတော့ လောလောဆယ် ယာယီအာမခံ ပေးလိုက်တယ်ပေါ့လေ။ ပေးလိုက်တဲ့အချိန်မှာ ကျန်းမာရေးအနေအထားက ကောင်းတဲ့အနေအထားမရှိဘူး။ ဒါကြောင့်မို့လို့ ရန်ကုန်ဆေးရုံကြီးကို ပို့မယ်လို့ ကျနော်တို့သတင်းရထားတယ်။ ရထားတဲ့အတွက်ကြောင့် ကျနော်တို့ စောင့်ဆိုင်းနေပါတယ်။ စောင့်ဆိုင်းနေတဲ့ကာလအတွင်းမှာပဲ သူက စစ်တွေမှာ ဆုံးသွားတာပါ။”

ဒေသအကျိုးဦးဆောင်လုပ်ကိုင်နေသူတစ်ဦး အခုလိုကွယ်လွန်သွားတာဟာ ရခိုင်အမျိုးသား ပါတီအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ ဦးဦးလှစောက ဆိုပါတယ်။

“ဖြစ်ခဲ့တဲ့ကိစ္စဟာ ဗိုလ်ချုပ်မောင်မောင်အုန်းတို့မှာလည်း ပါပြီးသားပါ။ လူတစုရဲ့ စိတ်လိုက်မာန်ပါ လုပ်တဲ့ လှုပ်ရှားမှုတစ်ခုပါ။ အဲဒီအထဲမှာ ကျနော်တို့ပါတီခေါင်းဆောင်တစ်ယောက်က အထိန်းသိမ်းခံရတယ်။ ကြားထဲမှာ စစ်ဆေးခံရတယ်။ ခံရပြီးတော့ ဆုံးသွားတယ်ဆိုတဲ့အတွက် ကျနော်တို့ဆုံးရှုံးမှုက တော်တော့်ကို ကြီးမားပါတယ်။ အင်မတန်အပြစ်မဲ့တဲ့ ၁၂ ကလေး၊ မငြိမ်းမ ဆိုတာလည်း ဆုံးသွားတယ်။ နောက် ဦးမောင်မောင်သိန်းဆိုတာလည်း ဆုံးသွားတယ်။ ကျနော်တို့တိုင်းပြည်မှာ reform တွေလုပ်နေတယ်၊ ရှေ့ကိုသွားနေတယ်ဆိုပေမယ့်လည်း အင်မတန် ဝမ်းနည်းစရာကောင်းတဲ့ Set back တွေပေါ့လေ၊ နောက်ပြန်ဆုတ်တဲ့ ကယိမ်းကယိုင်ဖြစ်တဲ့ ဖြစ်ရပ်တွေလည်း ရှိနေပါတယ်ဆိုတာကို ကျနော်က Highlight ပြချင်တာပါ။”

ANP ပါတီရဲ့ ဗဟိုကော်မတီဝင် ဦးမောင်သိန်းကို ဧပြီလ(၁၃)ရက်နေ့ တနင်္ဂနွေနေ့ နေ့လည်၂ နာရီတွင် သဂြိၤုလ်မှာဖြစ်ပါတယ်။ ကွယ်လွန်သူ ဦးမောင်သိန်းမှာ ဇနီး၊ သားနှစ်ဦး၊ သမီးနှစ်ဦးနဲ့ မြေးတစ်ဦး ကျန်ရစ်ခဲ့ပါတယ်။
XS
SM
MD
LG